One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း ဟိုတယ်ပေါ်က ပြုတ်ကျ သေဆုံး

Author အဂ္ဂ
Categories
Published on Oct 17, 2024

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့က ဟိုတယ်တစ်ခုရဲ့ ပြတင်းပေါက်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဗျူနိုအေးရိစ်မြို့ ရဲတပ်ဖွဲ့က အသိပေးပါတယ်။

 

အသက် ၃၁ နှစ်အရွယ် ပိန်းဟာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။

 

“၁၄ ဘီ ရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့ အောက်တိုဘာ ၁၆ ရက်နေ့လယ်ပိုင်းမှာ ဖုန်းဆက်တိုင်ကြားမှုတစ်ခုရပြီးတဲ့နောက် ဟိုတယ်ကို သွားရောက်ခဲ့ပါတယ်။ မူးယစ်ဆေး သို့မဟုတ် အရက်သောက်ထားဟန်တူတဲ့ ဆူပူနေသူတစ်ဦးအကြောင်း တိုင်ကြားခဲ့တာပါ”လို့ ဗျူနိုးအေးရိစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

 

ပိန်းကို ဗြိတိန်လူငယ်တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ One Direction အဖွဲ့ဝင် အဖြစ်လူသိများပါတယ်။ One Direction အဖွဲ့ဟာ  The X Factor ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ဟယ်ရီစတိုင်၊ ဇေရန်မားလစ်ခ်၊ နေးလ်ဟော်ရန်၊ လူးဝစ်တွန်လင်ဆင်နဲ့ ပိန်း စတဲ့ လူငယ်ငါးဦးနဲ့  ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီးနောက် လူသိများထင်ရှားလာတာလည်း ဖြစ်ပါတယ်။

 

အဲဒီတုန်းက သူတို့အဖွဲ့ဟာ တေးအယ်လ်ဘမ်အတွက် စံချိန်တင် သန်း ၇၀ ကျော် ရောင်းချခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာတော့ အဖွဲ့ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

သူဟာ အာဂျင်တီးနားကို One Direction အဖွဲ့ဝင်ဟောင်းဖြစ်သူ နေးလ်ဟော်ရန်ရဲ့ ဂီတဖျော်ဖြေပွဲအတွက် အောက်တိုဘာ ၂ ရက်နေ့ကတည်းက ရောက်ရှိနေတာကို သူတင်ခဲ့တဲ့ လူမှုကွန်ရက်က ဗီဒီယိုတွေအရ သိရပါတယ်။  သူ့ရဲ့အသက် ၃၁ နှစ်ပြည့်မွေးနေ့ကို မကြာသေးခင်က ယူကေမှာ ကျင်းပခဲ့ပါသေးတယ်။

 

ပိန်းဟာ ၂၀၁၉ မှာ တစ်ကိုယ်တော်အယ်လ်ဘမ် ထုတ်ခဲ့ပြီး နောက်ပိုင်းမှာ အရက်သောက်သုံးမှု ပြဿနာတွေကြောင့် ဆေးကုသမှု ခံယူခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက မူးယစ်ဆေးဝါး မသုံးတာ ခြောက်လကြာနေပြီလို့ သူကိုယ်တိုင်ပြောဆိုခဲ့ပါတယ်။

 

သူ့ရဲ့ ဂီတဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း တောင်အမေရိကမှာ စတင်ဖို့ စီစဉ်ထားပေမဲ့ သူ့မှာ ကျောက်ကပ်ရောဂါဖြစ်တဲ့အတွက် ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။ အဲဒီနောက် အယ်လ်ဘမ်သစ်တစ်ခုအတွက် ပြင်ဆင်နေကြောင်း ကြေညာခဲ့ပါတယ်။

 

ပိန်းဟာ  Girls Aloud အဖွဲ့က အဆိုတော် ချယ်ရီးကိုးလ်နဲ့ ၂၀၁၆ မှာ အိမ်ထောင်ကျပြီး သား တစ်ယောက် ထွန်းကားခဲ့ပါတယ်။ ၂၀၁၈ မှာတော့ သူတို့နှစ်ဦး အိမ်ထောင်ကွဲခဲ့ပြီးနောက် သားဖြစ်သူကတော့ လက်ရှိမှာ အသက် ၇ နှစ်အရွယ်ကို ရောက်ရှိနေပါပြီ။

 

အဆိုတော် ပဲရစ်ဟေတန်က ပိန်းကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း မှတ်ချက်ပြုထားပြီး မိသားစုဝင်တွေနဲ့ ထပ်တူကြေကွဲရတယ်လို့ဆိုကာ ငြိမ်းချမ်းစွာ အနားယူပါလို့ တွစ်တာမှာ ရေးတင် အသိပေးခဲ့ပါတယ်။

 

ဓာတ်ပုံ- Getty Images

ကိုးကား- CNN