မြန်မာ ပြည်သူလူထုဘက်မှာ အခိုင်အမာ ရပ်တည်နေမယ်လို့ ဩစတြေးလျ အသိပေးတဲ့အပြင် ဒေါ်လာ ကိုးသန်းလည်း ထောက်ပံ့မယ်

Author လဂွန်းအိမ်
Categories
Published on Oct 16, 2024

ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်နေပြီး မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရာမှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဆက်လက်ထုတ်ဖော်နေလို့ မြန်မာပြည်သူတွေအတွက် အခိုင်အမာ ရပ်တည်နေတယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေအပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေရှိနေပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားဖို့၊ မတရားဖမ်းဆီး ထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးကို လမ်းဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လှမ်းသွားဖို့အတွက် စစ်ကောင်စီထံ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက တောင်းဆိုသွားပါတယ်။

 

ဩစတြေးလျ နိုင်ငံဟာ ပဋိပက္ခတွေကြားက စစ်ဘေးသင့် မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ ဒေါ်လာ ကိုးသန်း ထောက်ပံ့ပေးသွားမယ်လို့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

ဩစတြေးလျနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ကိုးသန်းကို ထောက်ပံ့ကူညီရာမှာ စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်သွားမှာ မဟုတ်သလို စစ်ကောင်စီရဲ့ တရားဝင်မှုကို ထောက်ခံတဲ့ သဘောမျိုးမဖြစ်အောင်ပါ အလေးအနက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

 

အခုထောက်ပံ့မှု အစီအစဉ်ဟာ ဩစတြေးလျအစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ဖော်ဆောင်ခဲ့တဲ့ ဩစတြေးလျ လူသားချင်းစာနာထောက်ထားမှု (၂၀၁၇-၂၀၂၇) ၁၀ နှစ်တာ ကာလ မိတ်ဖက်အစီအစဉ်ကနေတဆင့် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

ဩစတြေးလျနိုင်ငံဟာ ၂၀၁၇ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို လူသားချင်း စာနာထောက်ထားမှု အကူအညီ  စုစုပေါင်း ငွေကြေးပမာဏ၊ အခုတစ်ကြိမ်အပါအဝင် ဒေါ်လာ သန်း ၈၈၀ အထိ ပေးခဲ့ပြီးဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအတွက် ကုလသမဂ္ဂ ဗဟိုအရေးပေါ် တုံ့ပြန်ရေးရန်ပုံငွေ (CERF) ကနေ ဒေါ်လာ ၁၇ ဒသမ ၈ သန်း ထောက်ပံ့ပေးသွားမဲ့ အစီအစဉ်ကိုလည်း ဩစတြေးလျနိုင်ငံက ကြိုဆိုခဲ့ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံဟာ CERF မှာ ကာလကြာ အလှူရှင်နိုင်ငံ ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၁၁ သန်း ထည့်ဝင်လှူဒါန်းနေတာပါ။

 

ဓာတ်ပုံ – Australian Embassy

 

ပုံစာ – ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်း