အိန္ဒိယလေယာဉ်တစ်စင်း ဗုံးထောင်ထားကြောင်း သတင်းရလို့ စင်ကာပူမှာ တိုက်လေယာဉ်တွေနဲ့ ကြားဖြတ်တားဆီး

Author အဂ္ဂ
Categories
Published on Oct 16, 2024

အိန္ဒိယလေကြောင်းလိုင်း Air India Express ပိုင် လေယာဉ်တစ်စင်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတိပေးချက်ရရှိတဲ့အတွက် စင်ကာပူနိုင်ငံက တိုက်လေယာဉ်တွေနဲ့ အရေးပေါ် ကြားဖြတ်တားဆီးခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

စင်ကာပူကာကွယ်ရေးဝန်ကြီး ငုအင်းဟင်းရဲ့ ဖော်ပြချက်အရ F-15SG တိုက်လေယာဉ်နှစ်စင်းနဲ့ မဒူရိုင် ကနေ စင်ကာပူကို ပျံသန်းလာတဲ့အိန္ဒိယလေယာဉ် AXB684 ကို လူနေထူထပ်ရာ နေရာတွေကနေ  ဖယ်ရှားစေခဲ့ပြီး ချန်ဂီလေဆိပ်ကို ယမန်နေ့ အောက်တိုဘ ၁၅ရက် ည ၁၀ နာရီ ၄ မိနစ်မှာ အဆင်ပြေပြေ ဆင်းသက်စေနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

လေယာဉ်ဆင်းသက်ပြီးတဲ့နောက် လေဆိပ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှာတော့ လေယာဉ်ပေါ်မှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေမတွေ့ရဘူးလို့လည်း ဆိုပါတယ်။

 

အခုဖြစ်စဉ်မတိုင်ခင်ကလည်း အိန္ဒိယလေကြောင်းလိုင်းရဲ့ ချီကာဂိုနဲ့ နယူးယောက်ကို ပျံသန်းနေတဲ့ လေယာဉ်နှစ်စင်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေကြောင့် လမ်းကြောင်းပြောင်းလဲခဲ့ရပြီး အခြားလေကြောင်းလိုင်းတွေမှာလည်း အလားတူပြဿနာတွေ ကြုံတွေ့နေရတယ်လို့လည်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ၄၈ နာရီအတွင်းမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေကြောင့် အိန္ဒိယလေကြောင်းလိုင်းတွေရဲ့ လေယာဉ် အနည်းဆုံး ဆယ်စင်းလောက်ဟာ ပျံသန်းမှု ရပ်ဆိုင်းခဲ့ရပါတယ်။

 

အိန္ဒိယလေကြောင်းလိုင်းတွေဟာ အီးမေးလ်နဲ့ လူမှုကွန်ရက်တွေကနေတစ်ဆင့် ခြိမ်းခြောက်မှုများစွာ ရင်ဆိုင်နေရပေမဲ့ အဲဒီခြိမ်းခြောက်မှုအားလုံးမှာ လိမ်လည်မှုများသာဖြစ်တယ်လို့ Air India ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

 

လက်ရှိမှာတော့ အိန္ဒိယပြည်တွင်းလေကြောင်းလုံခြုံရေးဗျူရိုက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- AFP

 

ကိုးကား- Al Jazeera, The National