တီးတိန်မှာ တိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်မဆောက်နိုင်သေး

Author ဆလိုင်း
Categories
Published on Oct 15, 2024

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မေလကနေ ဇွန်လအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ နေအိမ်တွေကို အခုထိ ပြန်မဆောက်နိုင်သေးဘူးလို့  တီးတိန်မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

တီးတိန်မြို့မှာ အခုနှစ် မေလ ၂၆ ရက်နေ့ကနေ ဇွန်လ ၁၀ ရက်တွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် – ဇိုလဲန်းတို့ တိုက်ပွဲ​တွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။

 

တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မီးရှို့မှုတွေကြောင့် မြို့မရပ်ကွက်နဲ့ နာရီစင်အနီးဝန်းကျင်က အရပ်သားနေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်။

 

“တီးတိန်မှာ အိမ်တစ်လုံးဆောက်ဖို့က မလွယ်ဘူး။ ငွေကြေး သိန်းရာချီကုန်ကျမှ ပြန်ဆောက်လို့ရတာဖြစ်တယ်။ လောလောဆယ် အိမ်မဆောက်နိုင်သေးဘူး။ စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတယ်”လို့ တီးတိန်မြို့ အိမ်ပိုင်ရှင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

မီးလောင်ပြာကျသွားတဲ့ အိမ်ရှင်တွေဟာ တီးတိန်မြို့မှာ အိမ်ငှားပြီး နေထိုင်ကြသလို စစ်ကိုင်းတိုင်း၊ ကလေးမြို့က အသိဆွေမျိုးတွေဆီကို ချိတ်ဆက်ပြီး နေထိုင်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ကလေးမြို့မှာ ရောက်ရှိနေသူတွေဟာ မိသားစုစားဝတ်နေရေးအတွက် နေ့စားအလုပ် လုပ်ကိုင်ကြသလို အချို့က အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူကြတယ်လို့လည်း ဆိုပါတယ်။

 

“မီးလောင်တဲ့ မြေကွက်တွေကိုကျတော့ သွပ်ပြားကာထားပြီး ထားခဲ့တယ်။ အိမ်ရှင်တွေက မြို့ထဲ အိမ်ငှားနေကြသလို အများစုက ကလေးဘက် ပြောင်းနေကြတယ်။ ကလေးဘက်မှာ ကြက်၊ ဝက် မွေးကြသူတွေက မွေးကြပြီး နေ့စားအလုပ်လုပ်သူတွေက လုပ်ကြတယ်”လို့ ကလေးမြို့ကို ရောက်ရှိနေသူ တစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

 

လက်ရှိမှာ တိုက်ပွဲအတွင်း မီးလောင်ပြာကျသွားတဲ့ နေအိမ်တွေ ပြန်လည်ဆောက်ဖို့ အရေးပေါ်လိုအပ်နေပေမဲ့ ကူညီသူတွေ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

“အိမ်အများစုက စစ်သားတွေ မီးရှို့လို့ မီးလောင်ပြာကျသွားတာ ဖြစ်တယ်။ အဲ့ဒီတော့ အစိုးရကနေ ပြန်လည်ကူညီထောက်ပံ့သင့်တယ်လို့ ထင်တယ်။ အခုတော့ ဘယ်အဖွဲ့စည်းမှ ကူညီထောက်ပံ့ပေးတာမျိုး မရှိဘူး”လို့ တီးတိန်မြို့ အိမ်ရှင်တစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ တိုက်ပွဲတွေမရှိတော့သလို တီးတိန်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီး အုပ်ချုပ်ရေးယန္တယားတွေ ပြန်လည်ပတ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။  

 

ဒါပေမဲ့ တီးတိန်မြို့ ဒေသခံပြည်သူတွေဟာ နောက်ထပ်တိုက်ပွဲတွေ ဖြစ်ပွားမှာကို မလိုလားကြဘဲ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ တောင်းဆိုထားပါတယ်။

 

တီးတိန်မြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလဲန်း လှုပ်ရှားရာ မြို့လည်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – တီးတိန်တိုက်ပွဲတွင်း မီးလောင်ပြာကျသွားတဲ့ နေအိမ်ကို တွေ့မြင်ရစဥ်