“သီတင်းကျွတ်တော့မယ်။ ခရီးထွက်မှာလား။ မထွက်ဘူးလား”

Author ကိုထက်၊ လဂွန်းအိမ်
Categories
Published on Oct 13, 2024

လာမယ့်ရက်ပိုင်းအတွင်း ဝါလကင်းလွတ်သီတင်းကျွတ်ပါတော့မယ်။ ခရီးသွားရာသီကို ရောက်တော့မယ့်သဘောဖြစ်ပါတယ်။ စစ်အာဏာသိမ်းလိုက်ပြီးနောက် တိုင်းပြည်ပျက်ခဲ့ရလို့ ခရီးသွားရတာ နှစ်သက်သူတွေလည်း ဝါသနာစွန့်ခဲ့ရပါတယ်။ ဒါပေမဲ့ အလုပ်တွေကြား မွန်းကြပ်နေခဲ့သူတွေကတော့ ခရီးထွက်တာတွေ ရှိခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း ခရီးထပ်ထွက်မယ့်သူတွေရဲ့ ဖွင့်ဟလာသံတွေကို CJ Platform ရဲ့ “တီးတိုးသံ” ကဏ္ဍကနေ တင်ဆက်ပေးထားပါတယ်။

****************************************

 

“အာဏာသိမ်းတဲ့နှစ်ကပဲ မသွားဖြစ်တာ။ အဲဒီနောက်ပိုင်း နှစ်တိုင်းလိုလိုသွားဖြစ်တယ်။”

 

လှိုင်မြို့နယ် အမှတ် ၁၅ ရပ်ကွက်နေ အမျိုးသမီး

 

အာဏာသိမ်းတဲ့နှစ်ကပဲ မသွားဖြစ်တာ။ အဲဒီနောက်ပိုင်း နှစ်တိုင်းလိုလိုသွားဖြစ်တယ်။ တောင်ကြီးမှာက အစ်မနေတာဆိုတော့ ကလေးတွေလည်း သီတင်းကျွတ်ပိတ်ရက်လေးကို စာမေးပွဲတွေလည်းပြီးသွားတော့ စိတ်ပြေလက်ပျောက်သဘောပါပဲ။ လမ်းခရီးမှာက အရင်နှစ်တွေကတော့ အစစ်အဆေးမများဘူးရှင့်။ အခုနှစ်တော့ ဘယ်လိုလဲတော့မသိဘူးပေါ့နော်။ အဆင်ပြေမယ်လို့ထင်ပါတယ်။

****************************************

 

“ချောင်းသာ(သို့မဟုတ်) ငွေဆောင်ဘက်တော့ သွားဖို့ရှိတယ်။”

 

အင်းစိန်မြို့နယ်က အသက် ၃၀ ကျော်အရွယ် အမျိုးသား

ချောင်းသာ(သို့မဟုတ်) ငွေဆောင်ဘက်တော့ သွားဖို့ရှိတယ်။ တောက်လျှောက် ရုံးနဲ့ အိမ်ပဲလည်နေတာ။ မနှစ်ကတော့ ရုံးကအဖွဲ့တွေနဲ့သွားတယ်။ ဒီနှစ်တော့ ကိုယ့်မိသားစုနဲ့ပဲ ထွက်မယ်လို့ အစီအစဉ်ဆွဲထားတယ်။ ရန်ကုန်ကလူတွေခရီးထွက်တာလည်း အပြစ်ပြောလို့တော့မရဘူးလေ။ အကုန်လုံးက မွန်းကြပ်နေကြတာ။

****************************************

 

“ရွှေစက်တော်ဘက်ဖြစ်မလားတော့ မသိဘူး။ စက်ရုံပိတ်ရင်သွားကြမှာ။”

 

လှိုင်သာယာမြို့နယ်က စက်ရုံအလုပ်သမား အမျိုးသား

 

စက်ရုံက ဘော်ဒါတွေနဲ့ သွားဖို့ရှိတယ်။ ဘုရားဖူးပေါ့။ ရွှေစက်တော်ဘက်ဖြစ်မလားတော့ မသိဘူး။ စက်ရုံပိတ်ရင်သွားကြမှာ။ ဒီလိုအချိန်ဆိုသွားဖြစ်တာက နှစ်တိုင်းလိုလိုပါပဲ။ လမ်းခရီးမှာတော့ အရင်နှစ်က PDF ရော၊ စစ်ကောင်စီဘက်ကရော သူ့နေရာနဲ့ သူ စစ်တယ်။ ဒီလိုပဲ ခရီးသွားတာလို့ပြောပြီး ဖြတ်ခဲ့ရတာပဲ။ အခုနှစ်လည်း ဒီလိုပဲနေမှာပါ။

****************************************

 

“ကျွန်တော်တို့က အောက်တိုဘာ ၁၂ ကနေ ၁၉ ရက်နေ့အထိကို ကားတွေမအားပါဘူး။ အများစုက ပုဂံ၊ ချောင်းသာ၊ ငွေဆောင်ကိုသွားဖို့ ပြောထားကြတာ။”

 

ရန်ကုန်က ခရီးသွား ကားအငှားလုပ်ငန်းလုပ်ဆောင်နေသူ တစ်ဦး

 

ကျွန်တော်တို့က အောက်တိုဘာ ၁၂ ကနေ ၁၉ ရက်နေ့အထိကို ကားတွေမအားပါဘူး။ အများစုက ပုဂံ၊ ချောင်းသာ၊ ငွေဆောင်ကိုသွားဖို့ ပြောထားကြတာ။ ရန်ကုန်အနီးတဝိုက်က Camp လေးတွေလည်းပါတယ်ပေါ့။ အပန်းဖြေစရာနေရာ Camp လေးတွေပေါ့။ ဒီနှစ်ကတော့ ကလော၊ တောင်ကြီးဘက်မပါဘူး။ ကလော၊ တောင်ကြီးက အလှူရှင်တွေနဲ့ လူနည်းစုလောက်ပဲ။ ဒါတောင် အပြန်တွေပဲရှိတယ်။ မန္တလေးဘက်တွေလည်း ခေါ်ထားတာမရှိဘူးဗျ။ ဒီနှစ်က ကားသွားရတာနည်းတယ်။ မနှစ်က ဒီလိုအချိန်မျိုးဆို ပုဂံတို့၊ ရှမ်းတောင်တို့ ဘက်ကို အသွားများခဲ့ကြတာ။ ဒီနှစ်တော့ အနီးအနားလောက်ပဲ သွားကြတယ်လို့ပြောလို့ရတာပေါ့။

ဈေးနှုန်းတွေမြင့်သွားတာလည်းပါမယ်ထင်ပါတယ်။ ဈေးနှုန်းကလည်း အရင်နှစ်ကဈေးနဲ့ မလိုက်နိုင်ဘူးလေ။ ဆီဈေးတွေကလည်းတက်၊ ကုန်ဈေးနှုန်းလည်း တက်ဆိုတော့ အရင်ဈေးနဲ့ မရဘူးပေါ့။ ဒါတောင် အချိုးကျတွက်မယ်ဆိုရင် အများကြီးလျှော့ယူထားတယ်လို့ ပြောလို့ရပါတယ်။ ရာသီအစမှာတော့ ဒီလောက်ပဲရတယ်ပေါ့။ ရာသီတစ်ခုလုံး ဘယ်လိုလာမယ်တော့မသိဘူး။ နောက်တစ်ခုက ဒီနှစ်က အရင်နှစ်တွေနဲ့ မတူဘူး။ လမ်းကြောင်းမကောင်းဘူး။ အစစ်အဆေးလည်း များလာတယ်။ ဂိတ်ကြေး ပိုပေးရတာပေါ့ဗျာ။

 

ကားလက်ခံရင်လည်း လူကို စစ်ပြီးလက်ခံရသေးတယ်။ မှတ်ပုံတင်မှာ ၁/ တွေ၊ ၁၁/တွေ၊ ၁၃/ တွေဆိုရင် လက်မခံရဲဘူး။ ပေးမဖြတ်တာတွေရှိတယ်လေ။ အလုပ်လုပ်စားရတာလည်း အန္တရာယ်ကြည့်ရှောင်နေရတာ မလွယ်ဘူး။ ဒီနှစ်အတွက်တော့ အရင်နှစ်လောက် ခရီးတွင်မယ်မထင်ပါဘူးဗျာ။ သွားရမယ့်နေရာတွေလည်း ကျဉ်းသွားတယ်လေ။