ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ)

Author ရှိုး
Categories
Published on Oct 13, 2024

ဒီတစ်ပတ်(အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ)အတွင်းမှာတော့ ဆူဒန်မှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအရေး ဒုက္ခသည်အကျပ်အတည်းကိစ္စ ကုလစိုးရိမ်နေတဲ့သတင်းအပါအဝင် တန်ပြန်ပစ်ခတ်တိုက်ခိုက်မှုတွေမှာ မဆိုင်တဲ့သူတွေ ထိခိုက်လာလို့ အစ္စရေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်တောင်းဆိုထားတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စာရေးဆရာမ ဟန်ကန်း စာပေနိုဘယ်လ်ဆုရတဲ့သတင်း၊ စွန့်စွန့်စားစား အသက် ၁၈ နှစ်အရွယ်နဲ့ စံချိန်ချိုးခဲ့တဲ့ လူငယ် တောင်တက်သမားလေးအကြောင်းနဲ့ COP29 ညီလာခံကို ချားလ်စ်ဘုရင် တက်နိုင်မှာ မဟုတ်တဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို CJ Platform က အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ကုလစိုးရိမ်ကို စိုးရိမ်စေပြန်တဲ့ ဆူဒန်အရေး”

 

ဆူဒန်မှာ စစ်ပွဲ ပဋိပက္ခတွေက အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဆူဒန်နိုင်ငံသား ငါးသိန်းကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီးတော့ စားနပ်ရိက္ခာ မလောက်ငှတာတွေလည်း ကြုံနေရပါတယ်။ လက်ရှိမှာ ဆန်ဒန်ဘက်ကလာတဲ့ ဒုက္ခသည်တွေကို တောင်ဆူဒန်က လက်ခံပေးထားပေမဲ့ ကုလသမဂ္ဂကတော့ ဒုက္ခသည်အကျပ်အတည်း ပိုမိုဆိုးရွားလာမှုကို မီးမောင်းထိုး အသိပေးလာပါတယ်။

 

အောက်တိုဘာ ၁၁ ရက် သောကြာနေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ အသိပေးချက်အရ တောင်ဆူဒန်အနေနဲ့ နိုင်ငံအတွင်းမှာရှိတဲ့ နေရာ ၃၀ မှာ ဒုက္ခသည်တွေကို လက်ခံထားရတယ်လို့ သိရှိရပါတယ်။

 

“ဆူဒန်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက တောင်ဆူဒန်ကို အတော်လေး ရိုက်ခတ်နေပါတယ်။ ဒေသတွင်းက တခြားနိုင်ငံတွေထက်တောင် ပိုပြင်းထန်နေရတယ်။ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထပ်လောင်းလိုက်သလိုပါပဲ”လို့ တောင်ဆူဒန်က UNHCR ကိုယ်စားလှယ် မာရီးဟယ်လေးနာ ဗာနေးက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ပြောပါတယ်။

 

ဒုက္ခသည်အရေအတွက်ဟာ အနာဂတ်မှာလည်း တိုးပွားလာဦးမှာဖြစ်တဲ့အတွက် ကုလအနေနဲ့ တောင်ဆူဒန်ဟာ ဒေသတွင်း စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းအကြား ပေါင်းစည်းရေး ကိစ္စတွေမှာပါ လိုက်လျောညီထွေရှိလာနိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတာပါ။

 

ဆူဒန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် တောင်ဆူဒန်ရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ရေနံတင်ပို့မှုတွေကို ဆိုးဆိုးရွားရွား ပြတ်တောက်စေခဲ့ပြီး နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကလည်း ပိုမိုဆိုးရွားစေခဲ့ပါတယ်။ မရှိမဖြစ် ကုန်ပစ္စည်းတွေနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ မြင့်တက်လာခဲ့လို့ ဆူဒန်ဘက်က ဒုက္ခသည်တွေကို လက်ခံထားတဲ့ တောင်ဆူဒန်အတွက် လက်ရှိအကန့်အသတ်နဲ့ ရနေတဲ့ အရင်းအမြစ်တွေကို ခွဲဝေ၊ ပေါင်းစပ်ပေးဖို့အတွက် ကိစ္စရပ်တွေမှာလည်း ခေါင်းခဲနေရတယ်လို့ သိရှိရပါတယ်။

****************************************

 

“အာရှကို ဂုဏ်ဆောင်စေခဲ့တဲ့ စာပေနိုဘယ်လ်ဆုရှင်”

 

၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်လ်ဆုကိုတော့ အာရှတိုက်ထဲက ဆွတ်ခူးရရှိသွားပါတယ်။ အသက် ၅၃ နှစ်အရွယ် တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်းက ဒီဆု ရရှိခဲ့တာပါ။ စာပေနိုဘယ်လ်ဆုကို စုစုပေါင်း ၁၂၁ ဦး ပေးအပ်ခဲ့ပြီး ဟန်ကန်းအနေနဲ့ အာရှတိုက်က စာရေးဆရာတွေထဲမှာတော့ ပထမဆုံး အမျိုးသမီးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ အာရှကနေ ပထမဆုံး စာပေနိုဘယ်လ်ဆု ရရှိဖူးသူကတော့ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးပဲဖြစ်ပါတယ်။

 

ဆရာမဟန်ဟာ “ The Vegetarian – သက်သတ်လွတ်စားသူ” စာအုပ်နဲ့ ၂၀၁၆ ခုနှစ်က Man Booker ဆု ရခဲ့ပြီး နိုင်ငံတကာ စာပေလောကမှာလည်း  အသိအမှတ်ပြု ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နာမည်ကြီးတဲ့ အဲဒီစာအုပ်ကို လက်ရှိမှာတော့ ဘာသာပေါင်း ၃၀ ကျော် ဘာသာပြန်ဆိုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

“ The Vegetarian – သက်သတ်လွတ်စားသူ” စာအုပ်ကို မြန်မာနိုင်ငံမှာလည်း ဘာသာပြန်ဆိုထားတာရှိပြီး မြန်မာပရိသတ်တွေနဲ့ သိပ်မစိမ်းလှပါဘူး။ ဆရာမဟန်ဟာ သူ့ဘဝကို ဂီတနဲ့ အနုပညာအပေါ် မြှုပ်နှံထားသူပါ။ အခု ရရှိတဲ့ဆုဟာ ဆရာမ ဟန် ဖန်တီးထားတဲ့ စာပေတွေအားလုံးအတွက် ပေးအပ်တာဖြစ်တယ်လို့ သိရပြီး ဆုကြေးငွေ ဒေါ်လာ ၁ သန်းခန့် ရရှိမှာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။

****************************************

 

“အစ္စရေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန် တောင်းဆို”

 

အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အဆောက်အအုံတွေနဲ့ အဲဒီက တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

 

ဒါကြောင့် အစ္စရေးအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ရပ်လိုက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင် တောင်းဆိုလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဘေရွတ်အလယ်ပိုင်းကို အစ္စရေး လေကြောင်းကနေပြီး တိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂၀ ကျော်  သေဆုံးခဲ့ရပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့  (IDF) က လက်ဘနွန်မှာရှိတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်က  သီရိလင်္ကာ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်အပေါ်တော့ သူတို့မှာ တာဝန်ရှိတယ်လို့  ပြီးခဲ့တဲ့ သောကြာနေ့က အသိပေးပါတယ်။

 

ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်တွေက သူတို့နေရာယူထားတဲ့ နေရာတွေကို မြေပြင်မှာ လှုပ်ရှားနေတဲ့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

 

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှုတွေမှာ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အင်ဒိုနီးရှား စစ်သားနှစ်ဦးဟာ တင့်ကားတစ်စီးရဲ့ ပစ်ခတ်မှုကြောင့် စောင့်ကြည့်ရေးမျှော်စင်ကနေ ပြုတ်ကျပြီး ဒဏ်ရာ ရရှိသွားတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြကြပါတယ်။

 

လက်ရှိမှာ ပြင်သစ်၊ အီတလီနဲ့ စပိန် အကြီးအကဲတွေကတော့ အစ္စရေးရဲ့ လုပ်ရပ်တွေကို ရှုတ်ချထားပြီး တရားမျှတမှုလည်း မရှိဘူးလို့ ဝေဖန်ထားပါတယ်။ အခုလုပ်ရပ်တွေကိုလည်း ချက်ချင်းအဆုံးသတ်သင့်တယ်လို့ ပြောဆိုထားကြပါတယ်။

****************************************

 

“စွန့်စွန့်စားစား လူငယ် တောင်တက်သမား”

 

ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးကို တက်ပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စံချိန်သစ်တင်သွားသူကတော့ နီပေါနိုင်ငံက နီမာရင်ဂျီးရှာပါ လို့ခေါ်တဲ့ လူငယ်လေးပါ။ သူ့ရဲ့ မျိုးရိုးက တောင်တက်သမားမျိုးရိုးဖြစ်တာကြောင့်လည်း အောင်မြင်မှုကို တခြားလူငယ်တွေထက် စောစာစီးစီး တွေ့ကြုံလိုက်ရတာပါ။

 

သူတက်ခဲ့တဲ့ ကမ္ဘာမှာ အမြင့်ဆုံး တောင် ၁၄ လုံးဟာ  ၂၆,၂၄၇ ပေ အထက် ရှိပါတယ်။ နိုင်ငံတကာသတင်းတွေရဲ့ ဖော်ပြချက်မှာတော့ တိဘက်က ရှိရှာပန်မာ တောင်ထိပ်ကို ဗုဒ္ဓဟူးနေ့ တရုတ် စံတော်ချိန် ၆ နာရီ ၅ မိနစ်မှာ ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။

 

နီမာရင်ဂျီးရှာပါဟာ လက်ရှိမှာ အသက် ၁၈ နှစ်ရှိပါပြီ။ တောင်တက်ရတာကို ရူးသွပ်သူဖြစ်လို့ အားကစားတစ်ခုလိုလည်း လက်ခံထားတယ်လို့ ပြောပါတယ်။ သူဟာ ၂၀၂၂ ဩဂုတ်လမှာ တောင် ၁၄ လုံးရဲ့ ပထမတောင် Mount Manaslu ကို  စတက်ခဲ့တာပါ။ ဒီတောင်ဟာ ကမ္ဘာမှာ အဌမမြောက် အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူက အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

 

အခု သူကတော့ ၁၈ နှစ်မှာ ဒီမစ်ရှင်ကြီးကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူနေပါတယ်။ ဒါ့အပြင် သူ့အတွက် နောက်ထပ် တန်ဖိုးကြီးလှတဲ့ အတွေ့အကြုံကောင်းတွေကတော့ ၂ နှစ်အတွင်း သဘာဝတရားနဲ့ တောင်တွေဆီကနေ  သင်ယူစရာတွေ များခဲ့ရတယ်လို့လည်း ဖွင့်ထားပါတယ်။

 

နီမာရင်ဂျီးရှာပါရဲ့ ဘဝ သူရဲကောင်းကတော့ Tenzing Norgay Sherpa ဖြစ်တယ်လို့ ဆိုပါတယ်။  နယူးဇီလန်နိုင်ငံသား Edmund Hillary နဲ့အတူ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို တက်ခဲ့တဲ့ ပထမဆုံးလူ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့လိုပဲ Tenzing Norgay Sherpa ဟာ သူ့အတွက်တော့ မဟာတောင်တက်သမားတစ်ယောက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မီဒီယာတွေကို ဖြေကြားခဲ့ပါသေးတယ်။

****************************************

 

“COP29 ညီလာခံကို လွဲဖို့များသွားတဲ့ ချားလ်စ်ဘုရင်”

 

ဗြိတိန် တတိယမြောက်ချားလ်စ်ဘုရင်ဟာ နောက်လ အဇာဘိုင်ဂျန် ဘာကူမြို့မှာ ကျင်းပမဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ(COP29) ကို တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဗြိတိန်သတင်းတွေက  ဖော်ပြလာပါတယ်။ ချားလ်ဘုရင်ဟာ ရာသီဥတုဆိုင်ရာ ကိစ္စရပ်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ရင် သိပ်ကို တက်ကြွတဲ့ ဘုရင်ဖြစ်ပါတယ်။ အဲဒီလို တက်ကြွလှုပ်ရှားမှုတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုဆိုင်ရာ အဝန်းအဝိုင်းမှာ ချီးကျူးခံရပါတယ်။

 

COP29 ရဲ့ စီစဉ်သူတွေကတော့ ပြီးခဲ့တဲ့နှစ်က တက်ရောက်ခဲ့တဲ့ ချားလ်ဘုရင်ကို ဒီနှစ်မှာလည်း တက်ရောက်နိုင်ဖို့ မျှော်လင့်ခဲပေမဲ့ အခုလို သတင်းတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့တာပါ။  ချားလ်စ်ဘုရင်မှာ ကင်ဆာရောဂါတမျိုး တွေ့ရှိရကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်မှာ ချားလ်စ်ဘုရင်အနေနဲ့ ကင်ဆာရောဂါတမျိုး တွေ့ရှိထားတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်နောက်ပိုင်း ကျန်းမာရေး ကုသမှုတွေကို ခံယူနေတာပါ။

 

အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်ဟာ ကျန်းမာရေးအခြေအနေကြောင့် လက်ရှိအထိ အများပြည်သူတွေနဲ့ တွေ့ဆုံတာတွေကို ရပ်နားထားပါတယ်။ အခု ကျန်းမာရေး ထူထောင်လာချိန်မှာ COP29 ညီလာခံကို ချားလ်စ်ဘုရင်အနေနဲ့ တက်နိုင်မှာလို့ မျှော်လင့်နေပေမဲ့ အတွင်းသတင်းတွေအရတော့ နောက်လကျင်းပမဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံကို တက်ရောက်နိုင်တော့မှာမဟုတ်ဘူးလို့ အတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်တွေကို ဗြိတိန်သတင်းဌာနတွေက ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။