ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (အောက်တိုဘာ ၆ မှ ၁၂ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 13, 2024

ဒီတစ်ပတ်(အောက်တိုဘာ ၆ မှ ၁၂ ရက်အထိ)အတွင်း နိုင်ငံတဝန်း စစ်ကောင်စီဘက်က ဗုံးပတ်ကြဲနေဆဲဖြစ်သလို ရခိုင်ပြည်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခံတပ် မဲတောင်ဗျူဟာကုန်းနဲ့တဝိုက်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပါတယ်။ အဲဒီလိုပဲ စစ်ကိုင်းက ပင်လည်ဘူးမြို့ကို NUG တပ်တွေက ငါးကြိမ်မြောက် သိမ်းပိုက်လိုက်ပြန်ပါတယ်။ အဲဒီလို တော်လှန်ရေးအောင်ပွဲသတင်းတွေနဲ့အတူ မန်းမြို့သူ/မြို့သားတွေရဲ့ အချစ်တော် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကွယ်သွားတဲ့သတင်းဟာလည်း ရှေ့ဆုံးရောက်ခဲ့ပါတယ်။ နောက်ပြီး ဒီတစ်ပတ်ထဲကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာ့အရေးထဲထဲဝင်ဝင်ဆွေးနွေးခဲ့ကြတဲ့အကြောင်း၊ စစ်ခေါင်းဆောင်ရဲ့ တစ်ပတ်အတွင်း လှုပ်ရှားမှု၊ ပြောကြားမှုသတင်းတွေနဲ့ စခန်းစွန့်လို့ သေဒဏ်ကျခံရတဲ့ စစ်အရာရှိတွေရဲ့ အဖြစ်တွေကို သတင်းအနှစ်ချုပ်ဖော်ပြသွားမှာဖြစ်ပါတယ်။

****************************************

 

“မန်းမြို့ခံတွေ မျက်ရည် တောင်သမန်နဲ့ ကျုံးရေလျှံစေတဲ့ နေ့”

 

မန္တလေးကို အကြီးအကျယ်ပြောင်းလဲစေခဲ့သူ အမရပူရသားကြီး မန်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးရခြင်းအပေါ် မန်းမြို့ခံတွေဟာ ယူကြုံးမရဝမ်းနည်းကြေကွဲခဲ့ကြပါတယ်။

မန္တလေးသူ/မန္တလေးသားတွေရဲ့ အချစ်တော် ဆရာဇော်၊ ဒေါက်ဇော်လို့ တလေးတစားရှိခဲ့ကြတဲ့ သူဟာ ရောဂါခံ သွေးကင်ဆာအပါအဝင် အဆုပ်အအေးမိတဲ့ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ဆုံးပါးခဲ့ရတာပါ။

သူ့ရောဂါ သည်းနေပေမဲ့ စစ်ကောင်စီလက်အောက်ခံတွေက မသေဆုံးမီ နှစ်ရက်အလိုကျမှ ဆေးရုံတက် ကုသခွင့်ပြုခဲ့တာပါ။

သူသေဆုံးရမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအသိုင်းအဝိုင်း၊ မန်းမြို့သူ/မြို့သားတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးက လူထုနှလုံး ချုန်းစေခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာ ၈ ရက် အင်္ဂါနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

နာရေးနေ့မှာ မန္တလေးတစ်မြို့လုံးနီးပါး စစ်ကောင်စီလက်အောက်ခံတွေဟာ ယူနီဖောင်းဝတ် လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူခဲ့ကြသလို အရပ်ဝတ်တွေအပြင် ပျူစောထီးအဖွဲ့ဝင်တွေကလည်း လုံခြုံရေးတင်းကျပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဆရာဇော်ကို ချစ်တဲ့ မန်းမြို့သူ/မြို့သားတွေဟာ သူ့ရဲ့ မန္တလေးမြို့၊ ကျွဲဆည်ကန်(ဃ)ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ နေအိမ်ကနေ တောင်အင်းမြောက်အင်းသုသာန်လျှံအောင် နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ကြပါတယ်။

“ဆရာဇော့်နောက်ဆုံးခရီးပို့သူတွေကို ဖမ်းချင်ရင် အိုးဘိုထောင်ဆန့်မှာမဟုတ်လို့ မန်းမြို့ပတ်လည်က ကျုံးကိုသာချဲ့ပစ်ရမယ်” လို့ မန်းမြို့သူ/မြို့သားတွေက ပြောပါတယ်။

အဲဒီနေ့မှာ စစ်ကောင်စီဘက်က တောင်အင်းမြောက်အင်းသုသာန်ထဲ လုံခြုံရေးအကြောင်းပြပြီး လူတိုင်းပေးမဝင်ခဲ့ဘဲ သူတို့ခွင့်ပြုချက်ရထားတဲ့ ကားနဲ့ ဆိုင်ကယ်တွေကိုသာ ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် အဲဒီနှစ် နိုဝင်ဘာလအတွင်း ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။ ၁၉၉၀ မှာ ထောင် ၂၅ နှစ်နဲ့ ၁၉၉၆ ခုနှစ်မှာ ထောင် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၁၈ နှစ်ကျော်နေခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီလအတွင်း သူပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားအဖြစ် ထပ်မံရွေးကောက်ခံရသလို ၂၀၁၅ ရွေးကောက်ပွဲမှာ အမရပူရရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီးနောက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာပဲ ထပ်မံဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ အဲဒီနောက် သွေးကင်ဆာရောဂါခံစားနေရသူကို ပုဒ်မမျိုးစုံတပ်ပြီး စစ်ကောင်စီက ထောင် ၂၉ နှစ်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် အသက် ၇၃ နှစ်သက်တမ်းရှိခဲ့သူဟာ စစ်အာဏာရှင်တွေကြောင့် အကောင်းဆုံးအချိန်တွေကို ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။

ဆရာဇော့်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။

မန္တလေးမြို့ စိန့်ပီတာကျောင်း(အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း)ကနေ အထက်တန်းအောင်မြင်ခဲ့ပြီး ၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီးနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံမှာ လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်မှာ ဇီဝဓာတုဗေဒသရုပ်ပြဆရာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

****************************************

 

“မြန်မာ့အရေး ထုံမွမ်းနေတဲ့ အာဆီယံအစည်းအဝေး”

 

၂၀၂၁ ဧပြီလကုန်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂျာကာတာကို ဖိတ်ခေါ်ပြီး မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီငါးရပ်ကို သူက လက်ခံခဲ့ပေမဲ့ မလိုက်နာလို့ နိုင်ငံ‌ရေးရာထူးမဟုတ်သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အဲဒီနှစ် အောက်တိုဘာလအတွင်း အာဆီယံဘက်က ဆုံးဖြတ်ခဲ့ပါတယ်။

အာဆီယံရဲ့ ၄၄ ကြိမ်မြောက် ဒီနှစ်အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌနိုင်ငံ လာအိုရဲ့ မြို့တော် ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၈ ရက်ကနေ ၁၀ ရက်နေ့အထိကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ အားလုံးအာရုံစိုက်စရာဖြစ်ခဲ့တာကတော့ အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်း ပထမဆုံးကိုယ်စားလှယ်စေလွှတ်ခွင့်ရခဲ့တဲ့ စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးပဲဖြစ်ပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပြုခဲ့တာနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကြား အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံက မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ထိုင်းဘက်ကနေ လာမယ့် ဒီဇင်ဘာလအတွင်းမှာ ဦးဆောင်ကျင်းပပေးဖို့ မြန်မာဘက်ကို ကမ်းလှမ်းလိုက်ပါတယ်။

ဒီနှစ်အာဆီယံဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

သူတို့တွေပါဝင်တဲ့ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကို အောက်တိုဘာ ၁၁ ရက် သောကြာနေ့မှာပြုလုပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တက်ရောက်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် မြန်မာမှာလည်း ၁၈ ကြိမ်မြောက် အာဆီယံရေတပ်ချုပ်တွေအစည်းအဝေးကို စစ်ကောင်စီတပ်က အိမ်ရှင်အနေနဲ့ လက်ခံကျင်းပနေပါတယ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက ရေတပ်ဦးစီးချုပ်တွေနဲ့ ကိုယ်စားလှယ်တွေ တက်ရောက်လာပါတယ်။

သူတို့ဟာ အောက်တိုဘာ ၁၀ ရက်နေ့တုန်းက စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီမှာ စစ်ခေါင်းဆောင်က “မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားပြီး အာဆီယံပဋိဉာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။

****************************************

 

“ကိုးကန့် Shut Down”

 

တရုတ်စကားပြောပြီး တရုတ်နဲ့ အလွန်နီးစပ်တဲ့ ကိုးကန့်တပ် MNDAA ဟာ တရုတ်အစိုးရရဲ့ အမိန့်အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကလည်း ရှမ်းမြောက်မှာ ချက်ချင်းအပစ်ရပ်ပြီး တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကိုပူးပေါင်းမယ်လို့ ကိုးကန့်တပ်ဘက်က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် တရုတ်နဲ့ မြန်မာကို ဆန့်ကျင်တဲ့ နိုင်ငံခြားအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆက်ဆံတာမလုပ်သလို မဟာမိတ်မဖွဲ့တာဟာ MNDAA ရဲ့ ခိုင်မာတဲ့ မူဝါဒ(Redline)လို့ ပြောသွားပါတယ်။

အခု အောက်တိုဘာ ၁၀ ကြာသာပတေးနေ့မှာလည်း သူတို့တပ်ဖွဲ့ဝင်တွေကို ပြည်ပဆက်သွယ်ရေးလမ်းကြောင်းတွေဖြတ်တောက်ထားဖို့ ကိုးကန့်တပ် က ထပ်တိုး တားမြစ်လိုက်ပါတယ်။

ဒါဟာ မြန်မာမှာ ရှုပ်ထွေးနေတဲ့နိုင်ငံရေးအခြေအနေထဲ ပြည်ပအင်အားစုတွေက ကိုးကန့်တပ်ကို အတင်းအကျပ် အသုံးမပြုစေဖို့လို့ အကြောင်းပြထားပါတယ်။

ဒီကန့်သတ်ချက်ဟာ MNDAA ရဲ့ ဌာနဆိုင်ရာတွေနဲ့ တပ်အရာရှိတွေကို ဦးတည်သလို တားမြစ်ချက်ထဲ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကို ခရီးသွားတာ၊ မြန်မာနိုင်ငံကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ နိုင်ငံတကာညီလာခံတွေမှာ ပါဝင်တာ၊ မြန်မာနိုင်ငံ အခြေအနေအပေါ် ပုဂ္ဂလိကနဲ့ အဖွဲ့အစည်းနာမည်ရဲ့ရပ်တည်ချက် သဘောထား ဖော်ပြတာတွေပါဝင်တာကိုတွေ့မြင်ရပါတယ်။

နောက်ပြီး တရုတ်ကွန်မြူနစ်အစိုးရအာဘော်အတိုင်း ကိုးကန့်တပ် ခွင့်ပြုချက်မရှိဘဲ အမေရိကန်နဲ့ အနောက်နိုင်ငံသတင်းမီဒီယာတွေက သတင်းထောက်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေကိုလည်း ပိတ်ပင်လိုက်ပါတယ်။

****************************************

 

“တိုက်ရင် တိုက်၊ မတိုက်ရင် သေဒဏ်”

 

တော်လှန်ရေးအင်အားစုတွေဘက်က ထိုးစစ်ဆင်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင့်မခံနိုင်ဘဲ တိုက်ပွဲတိုင်းလိုလို အရှုံးပေးနေကြရပါတယ်။

အဲဒီတိုက်ပွဲတွေထဲ ခံတိုက်သူတွေ အသက်ဆုံးရှုံးရသလို လက်နက်ချအလင်းဝင်သူတွေ အသက်ဆက်ခွင့်ရပေမဲ့ စခန်းစွန့်ခွာထွက်ပြေးသူ အရာရှိတွေကတော့ စစ်ခေါင်းဆောင်တွေရဲ့ ဖမ်းဆီးထောင်ချပြီး သေဒဏ်အပါအဝင် ပြစ်ဒဏ်အမျိုးမျိုးချမှတ်ခံထားရပါတယ်။

အဲဒီထဲ ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက မောင်ရွှေလေး/ကွင်းဝိုင်းရွာအနီးက ရေတပ်စခန်း ပင်မရေငုပ်တပ်စခန်းဟာ စစ်တပ်သမိုင်းတစ်လျှောက် ပထမဆုံး အာရက္ခတပ်တော် AA ဆီ လက်လွှတ်ပြီး ထွက်ပြေးလာသူတွေလည်း အပါအဝင်ပါပဲ။

အဲဒီရေတပ်က ဒုဗိုလ်မှူးကြီးအပါအဝင် အယောက် ၂၀ ကို စခန်းစွန့်ခွာတယ်ဆိုပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်(ဧရခ)မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်ဆီကနေ သိခဲ့ရပါတယ်။

အဲဒီထဲက တချို့ဟာ သေဒဏ်အပြစ်ပေးခံထားရသူတွေလည်းရှိသလို ရေချုပ်ဟောင်း မိုးအောင် လာရောက်ညှိနှိုင်းမှုနဲ့ လျှော့ပေါ့ ပြစ်ဒဏ် ပြန်ပြင်ပေးထားတာတွေလည်း ရှိတယ်လို့ ၎င်းက ပြောပါတယ်။ “ဧရာဝတီရေတပ်စခန်း ဌာနချုပ်မှာလည်း တပ်တွင်း မကျေနပ်မှုတွေဖြစ်နေတယ်” လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီရေတပ်အနေနဲ့ ရခိုင်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပိုင်ဆိုင်ထားတဲ့ စစ်ဘက်သုံး သင်္ဘောတွေလည်း ဆုံးရှုံးမှုတွေရှိနေပါတယ်။ အခု ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ရေတပ်က သင်္ဘော ခုနစ်စင်းခန့် ဆုံးရှုံးထားရတာပါ။

ရေတပ်သင်္ဘောတွေလည်း ရခိုင်ဘက်ထွက်သွားရင် ပြန်လာရတဲ့ သင်္ဘောက မရှိသလောက်ဖြစ်နေလို့ သက်ဆိုင်တဲ့ မိသားစုတွေလည်း ဒုက္ခရောက်နေကြရတယ်လို့ အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလ ၆ ရက် တနင်္ဂနွေနေ့မှာတော့ ကမ်းခြေစောင့်တပ် ၃ နှစ် ပြည့်အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

****************************************

 

“စစ်ခေါင်းဆောင် တစ်ပတ်တာ ရန်ကုန်နဲ့ နေပြည်တော်မှာ”

 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီတစ်ပတ် အောက်တိုဘာ ဒုတိယပတ် ရက်အများစုကို ရန်ကုန်မှာ ကုန်ဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၆ ရက်ကနေ ၉ ရက်နေ့အထိ ရန်ကုန်မှာ ရှိနေခဲ့တာပါ။

အောက်တိုဘာ ၆ ရက် တနင်္ဂနွေနေ့ကတည်းက ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ထဲက သီလဝါဆိပ်ကမ်းမှာလုပ်ခဲ့တဲ့ ကမ်းခြေစောင့်တပ် ၃ နှစ် ပြည့်အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အဲဒီမှာ ကမ်းခြေစောင့်တပ်ဖွဲ့ကို စစ်မတိုက်ခိုင်းဘူးလို့ ပြောသွားပါတယ်။

အဲဒီနောက် အောက်တိုဘာ ၇ တနင်္လာနေ့မှာ မှော်ဘီဗိုလ်သင်တန်းကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁)စစ်လက်ရုံးရွေးချယ်ပွဲကို စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရွေးခဲ့ပါတယ်။ ဒါဟာ အဲဒီကျောင်းကို နှစ်လအတွင်း ဒုတိယအကြိမ်မြောက်လာရောက်ခဲ့တာပါ။

စစ်ခေါင်းဆောင်ဟာ အောက်တိုဘာ ၈ ရက် အင်္ဂါနေ့မှာတော့ တိုင်းအစိုးရအဖွဲ့ဝင်တွေအပါအဝင် တိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ ဒလတံတားစီမံကိန်းတို့ဆီ သွားရောက်ခဲ့ပါတယ်။

ရွေးကောက်ပွဲပြန်လုပ်ဖို့ဟာ စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်ဖြစ်ပြီး ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲမှာဖြစ်တဲ့အတွက် အဲဒီရည်မှန်းချက်ကို တစိုက်မတ်မတ်အကောင်အထည်ဖော်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

အဲဒီနောက် အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်မှာလုပ်တဲ့ တတိယအကြိမ်မြောက် ရေဘေးအလှူခံပွဲကို ဆက်တက်ခဲ့ပါတယ်။ အဲဒီမှာ အလှူငွေ ကျပ် ၁၁ ဒသမ ၉၇ ဘီလျံကျော်ထပ်ရခဲ့လို့ ရေဘေးအလှူ ဘီလျံ ၅၀ ကျော်ရထားပြီလို့ စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

နောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာ နိုင်ငံရေးလုပ်တာမဟုတ်ဘဲ နိုင်ငံ့အရေးအတွက် တိုင်းပြည်ကောင်းအောင်လုပ်နေတာလို့လည်း ကိုယ့်ဘာကိုယ်ထိပ်တန်းရာထူးတွေပြန်ခန့်ထားသူ ၎င်းက ပြောသွားပါသေးတယ်။

အဲဒီနောက် အောက်တိုဘာ ၁၀ ရက် ကြာသာပတေးနေ့မှာတော့ မြန်မာက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၁၈ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်လာတဲ့ ရေတပ်ချုပ်တွေနဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တွေကို စစ်ကောင်စီတပ်ခေါင်းဆောင်က တွေ့ဆုံခဲ့ပါတယ်။

အဲဒီမှာ စစ်ခေါင်းဆောင်က “မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှုကို လိုလားပြီး အာဆီယံပဋိဉာဉ်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက် သောကြာနေ့ မနက်ပိုင်းမှာတော့ ကြည်း၊ ရေ၊ လေ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို သွားကြည့်ခဲ့သလို ညပိုင်းမှာ ဆုပေးပွဲတက်ခဲ့ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တစ်ပတ်တာဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ ကုန်ဆုံးခဲ့ပါတယ်။

ရန်ကုန်မှာတော့ သူပြန်သွားပြီးနောက် စစ်ကောင်စီတပ်ပစ်မှတ်နေရာတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ကြာသာပတေးနေ့ မနက်ပိုင်းမှာ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းမပေါ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်‌ကောင်စီတပ်သား သုံးဦး၊ ရဲ နှစ်ဦး လက်နက်အပြည့်အစုံနဲ့ အထိုင်ချထားတဲ့ ယာယီဂိတ်ကို God’s Hand Force အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနေ့ ညပိုင်းမှာလည်း ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံးအနီးရှိ အမှတ် ၁၉ (သံဒင်း)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း Yangon Army အဖွဲ့က လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီလက်အောက်ခံတချို့ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် သောကြာနေ့ ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်က (ဋ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေရှိနေချိန် ဗုံးနှစ်လုံးနဲ့ အဲဒီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ အဲဒီတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

****************************************

 

“ပင်လည်ဘူး Sold Out”

 

မြို့ ၈၀ နီးပါးသိမ်းပိုက်ထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အမှတ်စဉ်ထဲ စစ်ကိုင်းတိုင်းထဲက လူ ၇၀၀၀ နီးပါးသာရှိတဲ့ ပင်လည်ဘူးမြို့လေးလည်း ပါဝင်သွားပါတယ်။

ဒီမြို့လေးကို NUG တပ်တွေက ငါးကြိမ်မြောက်သိမ်းပိုက်ခဲ့တာပါ။ အခုနောက်ဆုံးအကြိမ်တိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အောက်တိုဘာ ၇ ရက် တနင်္လာနေ့မှာ လက်နက်ချဆုတ်ခွာခွင့်တောင်းဆိုခဲ့တာကို NUG တပ်တွေဘက်က ခွင့်ပြုပေးခဲ့ပါတယ်။ အဲဒီနောက် အင်္ဂါနေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အလုံးစုံထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

နှစ်လနီးပါးကြာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က Y-8 ၊ Y-12၊ Mi-35 တို့အပါအဝင် ကင်းထောက်လေယာဉ်တွေနဲ့ အကြိမ်ရေ ၆၇၀ ကျော်လာရောက်ပြီး ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ပင်လည်ဘူးမြို့မကျစေရေး လေကြောင်းကနေ စစ်ကူ ၂၁ ကြိမ်ဖြည့်တင်းခဲ့ပါတယ်။ ဒါကြောင့် ပင်လည်ဘူးအခြေစိုက် တပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၇၇၀ ဦးကျော်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ တပ်မဟာ ၆၁၄ တို့ ပါဝင်တိုက်ခိုက်ခဲ့ပေမဲ့ လက်လွှတ်ခဲ့ရတာပါ။

အဲဒီမြို့သိမ်းတိုက်ပွဲထဲ စစ်သား ၇၀ ကျော်သေဆုံးတဲ့အပြင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းမိခဲ့သလို ၄၈ ဦးလက်နက်ချခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ယောက်လောက်ဒဏ်ရာရရှိခဲ့ပြီး ၆၀ လောက်က စိုးရိမ်ရတဲ့အနေအထားရှိနေဆဲပဲလို့ NUG ရဲ့ အဆိုအရ သိရပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၄၀၀ ကျော်အပြင် ကျောက်စိမ်းအတုံးတွေ၊ ကျောက်စိမ်းလက်ကောက်တွေနဲ့ ဘိန်းဖြူတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ပြောထားပါတယ်။