ကျောက်ဆည်ဆင်ပွဲ မနှစ်ကထက် ဆင်အစီးရေ ထက်ဝက်လျော့ပြီး ကျင်းပမယ်

Published on Oct 11, 2024

မြန်မာမှာ အထင်ရှားဆုံး မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်က ဒီနှစ်ကျင်းပမယ့် ဆင်ပွဲတော်မှာ အရင်နှစ်ကထက် ဆင်စီးရေ ထက်ဝက်နီးပါး လျော့ကျ ကျင်းပသွားမှာဖြစ်တယ်လို့ ကျောက်ဆည်ဆင်ပွဲကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။

 

ကျောက်ဆည်မြို့မှာ နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှာ ကျင်းပပြုလုပ်တဲ့ ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်နဲ့ ရိုးရာဆင်အကအလှပြိုင်ပွဲကို ဒီနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ မနက် ၉ နာရီမှာကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကျောက်ဆည်ဆင်ပွဲတော်ကို ဆင်ကောင်ရေ ၁၀၀ ကျော်နဲ့ ရိုးရာသဘာဝ ဆင်နှစ်ကောင်အပါအဝင် ၁၉ စီးအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

 

ဒီနှစ်မှာတော့ ဆင် ဆယ်စီးသာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို ပြိုင်ပွဲဝင်ကောင်ရေလည်း နည်းပါးမယ်လို့ ပြိုင်ပွဲကျင်းပမယ့်သူတွေဆီကနေ သိရပါတယ်။

 

“စျေးပတ်မယ့်ဆင်အရေအတွက်ကတော့ မနှစ်ကလိုပဲများမှာပါ။ သိန်းရာနဲ့ချီကျော်အောင်ကုန်တဲ့အတွက် ကုန်ကျစရိတ်ကြောင့် ပြိုင်ပွဲဝင်ဆင်အရေအတွက်က ဒီနှစ်မှာ နည်းပါးသွားတာပါ။ ပြိုင်ပွဲကို လာမယ့်ဆင်အရေအတွက်ကတော့ မနှစ်ကလိုပဲအများကြီးရှိပါတယ်” လို့ ကျောက်ဆည်ဆင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယခုနှစ်မှာ အရင်နှစ်ကထက် အစစအရာရာဈေးကြီးမြင့်နေတဲ့အတွက် ဆင်ဝတ်စုံချုပ်လုပ်ဖို့ပင် သိန်းတစ်ရာလောက် ကုန်ကျနိုင်တာကြောင့် ပြိုင်ပွဲဝင်ဆင်ဦးရေ နည်းသွားတာဖြစ်တယ်လို့ ကျောက်ဆည်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

“ခုလိုရေတက်တော့ တော်ရုံတန်ရုံပြောရရင် မလုပ်နိုင်ဘူးလေနော်။ ဆင်တစ်ကောင်အတွက် ဘော်ကြယ်ပန်းချီကားတစ်ချပ်တန်ဖိုးတောင် သိသားနဲ့။ ဆင်တစ်ကောင်စာ ဖရိန်၊ ဘော်ကြယ်၊ ပညာရှင်ခ ဒါတွေက စီးပွားတွေဘာတွေ အဆင်ပြေနေမှ။ ဥပမာ ကျွန်တော်တို့တောင် ဆင်တစ်ကောင်လောက်ထောင်မယ်ဆို မထောင်နိုင်ဘူး။ သိန်းရာချီပြီးကုန်မယ်။ စရိတ်တွေရှိမယ်။ အများကြီးတာဝန်တွေ ကြီးတယ်လေ။ တဖြည်းဖြည်းနဲ့ ဆင်တွေက လျော့နေတာ။ ခုလို ရေတက်လိုက်တော့သွားရော။ ခုက ပြောရရင် ပထမ၊ ဒုတိယ၊ တတိယ ပေးမှာကို ဆင်ခုံမှာ ပြိင်မယ့်လူက နှစ်ဖွဲ့ပဲရှိတယ်။ ဆုက သုံးဆု ပြိင်မယ့်လူက နှစ်ဖွဲ့ အဲဒီလိုတွေ ဖြစ်နေတာ” လို့ ၎င်းက ပြောပါတယ်။

 

ဒီနှစ်ဆင်ပြိုင်ပွဲဆုတွေကတော့ ရိုးရာအငယ်တန်း၊ အကြီးတန်းနဲ့ ဘော်ကြယ် ပြိုင်ပွဲအားလုံးမှာ ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀ နဲ့ တတိယဆု ၁၅ သိန်းကျပ် သတ်မှတ်ချီးမြှင့်မယ်လို့ ကျောက်ဆည်ဆင်ပြိုင်ပွဲကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။

 

ကျောက်ဆည်ဆင်ပွဲဟာ ဆင်ကောင်ရေနည်းပေမဲ့လည်း နှစ်တိုင်းလိုလို လာရောက်လည်ပတ်သူတွေနဲ့ လူစည်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ရိုးရာဆင်အကအလှ ယှဉ်ပြိုင်မယ့် အဖွဲ့တွေကို အမှတ်ပေးဒိုင်အဖွဲ့တွေအဖြစ် ခုံအမှတ်(၁) ဗဟိုခုံ၊ ခုံအမှတ်(၂) မြို့လယ်လက်ပြဒိုင်၊ ခုံအမှတ် (၃) လေးမျက်နှာဘုရားကွင်း အစရှိတဲ့ နေရာသုံးနေရာမှာ အမှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

ကျောက်ဆည်ဆင်ပွဲတော်ကို အနော်ရထာမင်းလက်ထက်မှာ စတင်ခဲ့ပြီး မြတ်စွာဘုရားရဲ့ စွယ်တော်ပွားကို စေတီတော်တည်ဖို့ ဆင်ဖြူတော်ပေါ်တင်ကာ စေလွှတ်ခဲ့ပါတယ်။ အနော်ရထာမင်းကြီက အဲဒီ ဆင်ဖြူတော် (ဆင်မယဉ်သာ)အတွက် သတိတရ ရည်စူးပြီး လှူဒါန်းအမျှပေးဝေဖို့ အဓိဋ္ဌာန်ထားခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီအဓိဌာန်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနဲ့အတူ ဆင်မရုပ်တို့နဲ့ ဆင်ဆယ်မျိုး လှူဒါန်းရတဲ့ ထုံးတမ်းစဉ်လာဖြစ်လာခဲ့ပါတယ်။ အဲဒီထုံးတမ်းအစဉ်အလာကို ကျောက်ဆည်မြို့မှာ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဆင်ရုပ်လှူဒါန်းခြင်းအပြင် ဆင်အကပြိုင်ပွဲတွေလည်း ထည့်သွင်းကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာတော့ ကျောက်ဆည်ဆင်ပွဲ‌တော်နဲ့ ဆင်လှူဒါန်းတဲ့ဓလေ့က ကမ္ဘာမှာ မြန်မာ တစ်ခုတည်းသာရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းလိုတယ်လို့ ကျောက်ဆည်ဆင်ပွဲတော် ဒိုင်၊ ဆင်အကပညာရှင် ဦးဇော်ကြီးက ဆိုထားပါတယ်။

 

ရုပ်သံ – Kyause Elephant Festival