ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ရခြင်းအပေါ် မိသားစုဝင်နဲ့ နိုင်ငံရေးသမားတွေ ပြောတဲ့ ဝမ်းနည်းစကားများ

Author အကြင်နာ
Categories
Published on Oct 07, 2024

စစ်ကောင်စီရဲ့ ထောင်သွင်းအကျဉ်းချခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ခံစားနေရတဲ့ သွေးကင်ဆာရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ဒီကနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်ခဲ့ရပါတယ်။ သူကွယ်လွန်ရခြင်းအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက ထင်ပေါ်သူတွေဟာ သူတို့ရဲ့လူမှုကွန်ရက်တွေမှာ ဝမ်းနည်းစကား ဆိုခဲ့ကြပါတယ်။ အဲဒီလိုစကားသံတွေနဲ့အတူ သူ့သမီးပြောတဲ့ သူမနဲ့ သူ့မအဖေအကြောင်းတွေကို CJ Platform က စုစည်းဖော်ပြအပ်ပါတယ်။

 

“လွပ်လပ်စွာ အနားယူပါတော့ အဖေရယ်…”

ဒေါက်တာ ဇော်မြင့်မောင် သမီး

အဖေ

ကိုယ် တစ်နှစ်နဲ့ ငါးလကတည်းက အဖေဟာ ထောင်ကျခဲ့ပြီး Final Part 1 ရောက်မှ ပြန်လွတ်ခဲ့တော့ အဖေ့ဆိုတာ ကိုယ့်အတွက် အရမ်းစိမ်းနေခဲ့တာ။ ငယ်ငယ်ကဆို အမေတို့ ပြန်ပြန်ပြောပြတာ ထောင်ဝင်စာသွားတွေ့ရင် အဖေဆိုတဲ့ လူကြီးနဲ့ မတွေ့ချင်ဘူး။ ရန်ကုန်ပဲလိုက်မှာလို့ ပြောတာတဲ့။ အင်းစိန်ထောင်က လူအများကြီးနဲ့ အတူတွေ့ရပြီး သံတိုင်ကြားလေးကနေ လက်ညိုးလေးနှစ်ခု ပြန်ခါနီးဆို ထိတာလေ။ ကလေးဆိုတော့ သိပ်မမှတ်မိပါဘူး။ မြစ်ကြီးနားထောင်ရောက်မှ အဖေဆိုတာ သိလာရတာ။ ဒါတောင် ငယ်ငယ်က အဖြစ်တွေဟာ ကိုယ့်အတွက် မမှတ်မိပါဘူးလေ။ ကလေးဆိုတော့။ ငယ်ငယ်ကလေ သူငယ်ချင်း အဖေတွေကို အားကျမိတာ အကြိမ်ကြိမ်ပါပဲ။

ငါ့ အဖေလည်း ရှိခဲ့ရင် အဲဒီလိုလေး လုပ်ပေးမှာပဲ။ ငယ်ငယ်ကတည်းက အဖေ မရှိခဲ့တော့ ကိုယ့်သားသမီး နှစ်ယောက်ကို အဖေ၊ အမေနဲ့ ပြည့်ပြည့်စုံစုံသိပ်နေစေချင်တာပေါ့။ အဖေလွတ်လာပြီးနောက် အဖေနဲ့ သမီး ရင်းနှီးမှုရဖို့ အဖေဟာ အရမ်းကြိုးစားပြီး သူ့သမီးကိုချစ်ကြောင်း အများကြီး ပြခဲ့တယ်။ တစ်ခါမှ အသံမာမာတောင် မပြောဘူး။ အဖေဆိုတာ ချစ်လာ၊ အားကိုးလာတော့လည်း ရောဂါဖြစ်၊ ပြုစုပေး။ ပြီးတော့ ကိုယ့်သမီးအငယ်လေး ရက် ၁၀၀ ပြည့်ပြီးတော့ ရောဂါနဲ့ အဖေဟာ ထောင်ထဲ ပြန်ရောက်ရရှာတာ။ ရုံးချိန်းမှာ အဖေ့ကိုတွေ့ရင် အဖေ့ကို ဆေးလိမ်း၊ မုန့်ကျွေး။ အဖေနဲ့ ခဏလေးတွေ့ရဖို့ တစ်နေကုန် စောင့်ရတာ။ ဒါပေမဲ့လေ အဖေဟာ အဖေ ပီသစွာပဲ။ သူက အရင်အားပေးတဲ့စာတွေက အားရှိစေခဲ့တာ။ သူ့ချစ်တဲ့ မြေးလေးတွေအကြောင်းရေးရင် သိပ်ပျော်ခဲ့တဲ့ အဖေပါ။ သူ့မြေးလေး နှစ်ပတ်တစ်ခါရေးတဲ့ English လိုရေးကြတဲ့စာလေးတွေဟာ သူ့အတွက် အားအရမ်းရှိတယ်လို့ ပြောတတ်တဲ့ အဖေ။ အဖေရယ် လွပ်လပ်စွာ အနားယူပါတော့ အဖေရယ်။ ကန်တော့လိုက်ပါတယ် အဖေ။ အရမ်းချစ်ရတဲ့ အဖေ။

 

“နောက်ဆုံးအချိန်အထိ မတရားမှုကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာယုံတယ်ဆရာ။”

ဒေါ်ဇင်မာအောင်(NUG နိုင်ငံခြားရေးဝန်ကြီး)

(တော်လှန်ရေးတာဝန်နဲ့ ခရီးထွက်နေရင်း လိုင်းမိတချက်။ မမိတချက်နဲ့ ကြည့်မိတဲ့အချိန် ဆရာ့ သတင်းကို ကြေကွဲဆို့နင့်စွာ ရင်တမမနဲ့ သိရ၊ ကြားရတယ် ဆရာ။ ကျွန်မတို့ တာဝန်မကျေသေးဘူးဆိုတဲ့ အသိနဲ့ တောင်းပန်ပါရစေ ဆရာ)

ဆရာ ကျန်းမာရေး မကောင်းတာ သိထားပေမဲ့ နောက်ဆုံးအချိန်အထိ ယုံကြည်ရာ၊ ရဲ့ဝံ့စွာ၊ ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင်သေးဘူးဆရာ။ အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး။ မန္တလေးရောက်ရင်မတွေ့ ရတော့ဘူး။ သို့သော် ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေးကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး။ နောက်ဆုံးအချိန်အထိ မတရားမှုကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာယုံတယ်ဆရာ။ ဆရာ့အကြောင်းပြောရင် အန်တီယုကို တွဲသတိရတာပဲ။ မန္တလေး တစ်မြို့လုံး မိုးညှို့နေပြီလား။

မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ လေးစားစွာ ဦးညွှတ်ကန်တော့ လိုက်ပါတယ်ဆရာ။ လမ်းခရီးတစ်နေရာ။

 

“မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက် မြင့်မြတ်သောဘုံဘဝကို ရောက်ရှိသွားပြီဖြစ်ကြောင်း ယုံကြည်ပါတယ်ခင်ဗျာ။”

စစ်ကောင်စီခန့် မန်းတိုင်း ဝန်ကြီးချုပ် ဦးမျိုးအောင်

အစ်ကိုကြီး ဒေါက်တာ ဇော်မြင့်မောင်

စိန့်ပီတာ ကျောင်းသားဟောင်းတစ်ယောက်အနေဖြင့် အစ်ကိုကြီး၏ နောက်ဆုံးခရီးစဉ်တွင် လာရောက်ဂါရဝပြုနှုတ်ဆက်ကန်တော့ပါတယ်ခင်ဗျာ။ မျက်နှာကြည်လင်စွာဖြင့် ဘဝကူးသွားသည့်အတွက် မြင့်မြတ်သောဘုံဘဝကို ရောက်ရှိသွားပြီဖြစ်ကြောင်း ယုံကြည်ပါတယ်ခင်ဗျာ။

 

“တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ အလွန်ကိုစိတ်ထိခိုက်မိပါတယ်။”

ကိုမြအေး(၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦး)

NLD ပါတီ ဒုဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်း သိရပါတယ်။ တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ အလွန်ကိုစိတ်ထိခိုက်မိပါတယ်။ နှစ်ပေါင်း(၄၀)နီးပါး သိကျွမ်းရင်းနှီးခဲ့ရတယ်ဆိုပေမဲ့ များများပိုင်းက ထောင်ထဲမှာပါ။ ဖြောင့်ဖြောင့်လျှောက်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ဘဝပဲဆိုပါတော့။ ဆရာဇော် ကောင်းရာသုဂတိလားပါစေ။

 

““ဒေါက်ဇော်၊ ဆရာဇော်” ရယ်လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ဆရာ ဒေါက်တာ ဇော်မြင့်မောင်ကို မြို့တော်သူ၊ မြို့တော်သားတွေနဲ့ ချစ်ခင်ကြတဲ့ လူထုက အမြဲသတိရ၊ ဂုဏ်ပြုနေမှာပါဗျာ။”

ဒေါက်တာ တေဇာဆန်း(မန္တလေး လူထုသပိတ်ခေါင်းဆောင်)

ငြိမ်းချမ်းစွာ အနားယူပါတော့ ဆရာဇော်ခင်ဗျား။

၁၉၉၀ ကနေ ၂၀၀၉ ထိ၊ နှစ်ပေါင်း ၂၀ လောက် တဆက်တည်း အကျဉ်းချခံခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီး။ ဆေး-မန်းထွက် ဆရာဝန်၊ ထောင်ထဲမှာလည်း ဖြတ်သန်းမှုသမိုင်းကောင်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားကြီး၊ ၁၉၉၀ ရွေးကောက်ခံအမတ်။ ထောက်လှမ်းရေး ဗိုလ်ခင်ညွှန်ရဲ့ “စာအုပ်နီ” ထဲကနေတဆင့် လေးစားစွာ သိခဲ့ရတဲ့ ဆရာဇော်။

ဆရာဇော်နဲ့ပတ်သက်ရင် ဘဘ ဦးဝင်းတင်က “ဘာလဲဟဲ့ လူ့ငရဲ” ထဲမှာ ဆရာ့အကြောင်း ထည့်ရေးထားတာလေးတစ်ခုကိုလည်း အမြဲသတိရမိ။ မအေနဲ့အတူ ထောင်ဝင်စာလာတွေ့ရင်း ပါလာပြီး အကျဉ်းကျ ဖအေကို မမှတ်မိတဲ့ လူမမယ် ဆရာ့သမီးငယ်နဲ့ ဆရာတို့ ဆုံတဲ့အဖြစ်အပျက်။ အဲဒီစာကို ဖတ်ရင်း မျက်ရည်စို့ခဲ့ရဖူးတာလည်း အခါခါ။ တိုက်ဆိုင်တာက အဲဒီက ဆရာ့သမီးလေးက အချိန်တန် အရွယ်ရောက်လာတော့ ဆေး-မန်းမှာ ကျွန်တော်တို့တွေ အတန်းအတူတူ။ ဆေး-မန်း အပတ်စဉ် (၂၀၀၅ Intake)။

ဆရာ့ကို ကျွန်တော်အပြင်မှာ လူချင်းစဆုံဖူးတာက ၂၀၀၉ ခု၊ ဆရာ ထောင်က လွတ်ပြီး လပိုင်းလောက်က ဖြစ်မယ်ထင်ပါတယ်။ အဲဒီတုန်းက တက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား၊ တိုင်းပြည်အရေး၊ နိုင်ငံရေးကို အလွန်စိတ်ဝင်စားနေပြီဖြစ်တဲ့ ကျွန်တော့်အတွက် ဆရာက အာဏာရှင်ကို “ငုံ့မခံဘဲ တုံ့ပြန်” တဲ့ လေးစားအပ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးပါပဲ။

ဆရာနဲ့ ပထမဆုံး ဆုံရတဲ့ နေရာကိုလည်း မှတ်မှတ်ရရပါပဲ။ ၃၈ × ၇၉ လမ်းအနီး၊ သံလမ်းနားက NLD မန်းတိုင်းရုံးမှာ။ နအဖခေတ် အဲဒီတုန်းကလည်း ရုံးနားတဝိုက်မှာ စရဖ တွေ၊ SB တွေ တရုန်းရုန်းနဲ့ပေါ့။

၂၀၁၂၊ အထူးသဖြင့် ၂၀၁၅ နောက်ပိုင်း ဆရာနဲ့ နိုင်ငံရေးအရ အမြင်တူတာတွေ၊ အမြင်မတူတာတွေ ရှိပါတယ်။ ဘာပဲဖြစ်ပါစေ ဆရာက ကျွန်တော့်အတွက် လေးစားအပ်တဲ့ ပုဂ္ဂိုလ်ကြီးပါပဲ။ ၂၀၁၅-၂၀၂၀ အတွင်း ရွှေမန်းမြေကို တိုးတက်စည်ပင်အောင် အများကြီးလုပ်သွားနိုင်တဲ့ ဆရာဇော်နဲ့ ဆရာရဲတို့ကိုလည်း ပြည်သူတွေက အထူးအသိအမှတ်ပြုကြပါတယ်။

“ဒေါက်ဇော်၊ ဆရာဇော်” ရယ်လို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ဆရာ ဒေါက်တာ ဇော်မြင့်မောင်ကို မြို့တော်သူ၊ မြို့တော်သားတွေနဲ့ ချစ်ခင်ကြတဲ့ လူထုက အမြဲသတိရ၊ ဂုဏ်ပြုနေမှာပါဗျာ။

အကြမ်းဖက် စစ်အုပ်စုဟာ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း သောင်းချီပြီး အဓမ္မ ဖမ်းဆီးထားတယ်။ အဲဒီထဲမှာ လူထု ရွေးကောက်ခံ ခေါင်းဆောင်တွေ၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်တွေ၊ (ဆရာဇော်တို့လို) ရောဂါဝေဒနာရှင်တွေ၊ အမျိုးသမီးတွေ အများကြီး။ ဒီအတွက်၊ ဒီပြစ်မှုတွေနဲ့ နောက်ဆက်တွဲကိစ္စတွေအတွက် စစ်အုပ်စုဟာ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်ပါတယ်။ ပြစ်မှုဆိုတာ ပုတ်တယ်၊ သိုးတယ် မရှိပါဘူး။ အမှန်တရားနဲ့ တရားမျှတမှုကို မဖြစ်မနေ ပြန်လည် ဖော်ဆောင်ကြဖို့ပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာတဲ့ မြန်မာပြည်ဖြစ်ဖို့ ကျန်ရစ်သူ ကျွန်တော်တို့တွေ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ဆက်လက်ကြိုးပမ်း၊ ထမ်းဆောင်ပါ့မယ်၊ ဆရာဇော်ရေ။

ဆရာ၊ ငြိမ်းချမ်းစွာသာ အနားယူပါလေတော့။ ဖက်ဆစ်ဝါဒ အမြစ်ဖျက်ကြ။ အရေးတော်ပုံ အောင်ရမည်။

 

“သူလျှောက်ခဲ့တဲ့လမ်းကို ကျန်ရစ်သူ ကျွန်တော်တို့ သူ့ထုံးကို နှလုံးမူပြီး အဆုံးအထိ ဆက်လျှောက်ကြပါမယ်။”

ဒေါက်တာထွန်းအောင်ရွှေ (ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးတာဝန်ခံ)

သူပုခုံးပေါ်ရောက်လာတဲ့ သမိုင်းပေးတာ၀န်ကို အထူးကျေပြွန်စွာနဲ့ ထမ်းဆောင်သွားခဲ့ပါပြီ။ သူလျှောက်ခဲ့တဲ့လမ်းကို ကျန်ရစ်သူ ကျွန်တော်တို့ သူ့ထုံးကို နှလုံးမူပြီး အဆုံးအထိ ဆက်လျှောက်ကြပါမယ်။

 

စုစည်းသူ – အကြင်နာ