ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ရခြင်းအပေါ် မန်းမြို့ခံတွေရဲ့ ဝမ်းနည်းစကားသံများ
မန္တလေးသူ/သားတွေဟာ သူတို့ ဝန်ကြီးချုပ်မှ၊ သူတို့မြို့တော်ဝန်မှ ဆိုတဲ့ အားပေးထောက်ခံမှု၊ စိတ်အားထက်သန်မှု ပြင်းပြကြပါတယ်။ တစ်နည်းပြောရရင် မန္တလေးသူ/သားတွေဟာ အစွဲအလန်းအလွန်ကြီးတတ်ကြပါတယ်။ အခုတော့ သူတို့ချစ်တဲ့ ဒီမိုကရေစီဘက်တော်သား၊ နိုင်ငံရေးသမားကြီး NLD ပါတီ ဒုဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်တစ်ဖြစ်လည်း ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးဆေးရုံကြီးမှာ ဒီကနေ့ အောက်တိုဘာ ၇ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားရတယ်။ သူကွယ်လွန်ရခြင်းအပေါ် ယူကြုံးမရ အပူလုံးတွေထလို့နေကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး မန္တလေးသူ/သားတွေပြောတဲ့ ဝမ်းနည်းစကားတွေကို CJ Platform က စုစည်းဖော်ပြအပ်ပါတယ်။
“ဆရာဇော်ဟာ လူသေသွားပေမဲ့ နာမည် မသေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။”
အသက် ၅၀ ခန့်ရှိ မန်းမြို့ခံ အမျိုးသား
ဆရာဇော်ဟာ မန္တလေးကို ချစ်တဲ့သူတစ်ယောက်ဖြစ်တယ်။ နောက်ဆုံးထွက်သက်အထိ မန္တလေးကို ချစ်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မန္တလေးချစ်တဲ့စိတ်နဲ့ မန္တလေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက်လည်း မန္တလေးပြည်သူတွေက ကျေးဇူးတင်ကြတယ်။ ခုလို ဆရာဇော် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြေကွဲကြရပါတယ်။ ဆရာဇော်ဟာ လူသေသွားပေမဲ့ နာမည် မသေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
“မြို့လူထုအတွက်ကတော့ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုတစ်ခုပါ။”
မန္တလေးမြို့ခံ အမျိုးသမီးငယ်တစ်ဦး
စိတ်မကောင်းဖြစ်မိပါတယ်။ နိုင်ငံရေးအပေါ် သစ္စာရှိပြီး နောက်ဆုံးအချိန်ထိပေးဆပ်သွားခဲ့တယ်။ မြို့လူထုအတွက်ကတော့ အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုတစ်ခုပါ။
“အဓိကက ဒီမိုကရေစီလိုလားတဲ့တော်လှန်ရေးအင်အားစုတွေမှာ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ သူ့မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အသိအမှတ်ပြုပြီး လေးစားကြပါတယ်။”
ထိုင်းနိုင်ငံ၊ မဲဆောက်ရောက် မန်းမြို့ခံ အမျိုးသား
ဆရာဇော်က ၉၀ (ပြည့်နှစ်)မှာ ဖမ်းခံရတာကနေ ပြန်လွတ်လာပြီးနောက်ပိုင်း အမရပူရမှာ မိသားစုနဲ့အတူနေပြီးတော့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ လုပ်တဲ့အချိန်မှာ သူ့ကို စသိခွင့်ရတာပေါ့လေ။ အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ မှာ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူတယ်။ အဲဒီနောက် မြို့ကလူတွေသိလာကြတယ်ပေါ့နော်။ မြို့လူထုနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သူကိုယ်တိုင် မြေပြင်ထိဆင်းပြီးတော့ လူထုနဲ့ထိတွေ့ဖြေရှင်းခဲ့တာတွေကြောင့် လူထုက သူ့ကို ချစ်ကြတယ်။
သူက အာဏာမသိမ်းခင်ကတည်းက ကင်ဆာရောဂါကို နိုင်ငံခြားထိသွားကုပြီး ဆေးသောက်နေရတယ်ဆိုတာ အားလုံးသိကြတယ်။ ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် မန္တလေးတိုင်းအစိုးရအဖွဲ့ဝင်တွေ ဖမ်းခံလိုက်ရချိန်မှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုသိထားတဲ့ မြို့ခံလူက အထူးစိုးရိမ်ကြတာပေါ့နော်။ ထောင်ထဲမှာ သူ့ကျန်းမာရေးအခြေအနေက အဆင်ပြေပါ့မလားဆိုတာမျိုးပေါ့။ ကင်ဆာဆေးသွင်းနေရသူတစ်ယောက်က ထောင်ထဲမှာ ပုံမှန်သွင်းနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိကြပါတယ်။ အဲဒီစိုးရိမ်စိတ်တွေရှိနေတဲ့ကြားထဲကနေ အခုလို ဆုံးပါးသွားတဲ့အတွက် မြို့ခံလူထုအတွက် ယူကြုံးမရဖြစ်ပြီး ဝမ်းနည်းကြေကွဲကြရပါတယ်။ နာတာရှည်ရောဂါသည်တစ်ယောက်ကို ထောင်ချထားတာ၊ ဆေးကုသခွင့်မပေးတာတွေဟာလည်း မြို့ခံလူထုအတွက် စစ်အုပ်စုကို ပိုပြီး မနှစ်မြို့စရာဖြစ်စေပါတယ်။
သူ့ကို မန်းမြို့ခံတွေချစ်ကြတာကတော့ ပွင့်ပွင့်လင်းလင်းရိုးရိုးသားသားနေတယ်။ ဟိတ်ကြီးဟန်ကြီးမနေတတ်ဘူး။ အဘလို့ခေါ်တာတောင် မကြိုက်ဘူးဆိုတာတွေကြောင့် ချစ်ကြတာပေါ့နော်။ အခုလို ဆုံးသွားတော့ အားလုံးက ယူကြုံးမရဖြစ်ပြီး အွန်လိုင်းစာမျက်နှာတွေပေါ်မှာရော ရေးကြသားကြပြီး အတူတကွ ဝမ်းနည်းနေကြပါတယ်။ အဓိကက ဒီမိုကရေစီလိုလားတဲ့တော်လှန်ရေးအင်အားစုတွေမှာ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နိုင်ငံရေးဖြတ်သန်းမှု၊ သူ့မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို အသိအမှတ်ပြုပြီး လေးစားကြပါတယ်။