ရက် ၁၂၀ စီမံချက်အတွင်း ဖမ်းခံရတဲ့နိုင်ငံခြားလုပ်သား ၂၀၀၀ ဦးအတွင်း ထိုင်းရောက်မြန်မာလုပ်သား သုံးပုံနှစ်ပုံနီးပါးဖမ်းခံရ

Author အဂ္ဂ
Categories
Published on Oct 07, 2024

ထိုင်းရဲ့ တရားမဝင်လုပ်သားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်အတွင်း နိုင်ငံခြားလုပ်သား ၂,၀၀၀ ကျော်ဖမ်းမိခဲ့ရာမှာ မြန်မာလုပ်သား ၁၃၀၀ နီးပါးပါဝင်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

 

ဒါကြောင့် မြန်မာလုပ်သား သုံးပုံနှစ်ပုံနီးပါးအထိ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 

အလုပ်သမားဝန်ကြီး ဖိဖတ် ရက်ချ်ကစ်ပရကန်က “ရှာဖွေ၊ ဖမ်းဆီး၊ နေရပ်ပြန်ပို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ခန့်အပ်ထားတဲ့ လုပ်ငန်းခွင်တွေကို စစ်ဆေးတဲ့ စီမံချက်ကို စတင် အကောင်အထည်ဖော်ခဲ့ကတည်းက တိုးတက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံက တာဝန်ရှိသူတွေဟာ ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်အထိ နိုင်ငံခြားသား အလုပ်သမား ၂၇၇,၇၇၀ ဦးကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းခွင် ၂၀,၁၅၂ ခုကို ဝင်ရောက် စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

အဲဒီလို စစ်ဆေးခံရတဲ့လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားအများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး လူပေါင်း ၂၀၉,၄၃၅ ဦး ရှိပါတယ်။ ကျန် အလုပ်သမားတွေကတော့  ကမ္ဘောဒီးယားနိုင်ငံသား ၄၂,၇၆၆ ဦး၊ လာအိုနိုင်ငံသား ၁၆,၄၈၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၁ ဦးနဲ့ တခြားနိုင်ငံသား ၈,၉၀၇ ဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

 

လုပ်ငန်းခွင် ၂၀,၁၅၂ ခုထဲက ၈၄၄ ခုဟာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်ခန့်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် လုပ်ငန်းခွင်တွေမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း ၂,၀၆၃ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၁,၂၈၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂၈၁ ဦး၊ လာအိုနိုင်ငံသား ၃၁၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၄၁ ဦးနဲ့ အခြားနိုင်ငံသား ၁၃၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

 

“ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ အလုပ်သမားကဏ္ဍအပေါ် မှီခိုနေရတာပါ။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံသားတွေကို အလုပ်ခန့်အပ်ခြင်းနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို ကြီးကြပ်ခြင်းအကြား ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်ဖို့ ဦးစားပေးပါတယ်။ ဒါမှပဲ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း စတဲ့ နယ်ပယ်တွေမှာ အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်တယ်” လို့ အလုပ်သမားဝန်ကြီးက ပြောပါတယ်။

 

အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် စွမ်ချိုင် မိုရာကွတ်စရီဝန်ကတော့ သူတို့ ဌာနဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ထားရှိတဲ့ အလုပ်တွေဖြစ်တဲ့ ခရီးသွားလုပ်ငန်း၊၊ ဧည့်လမ်းညွှန်၊ အနှိပ်ခန်း သို့မဟုတ် အလှပြင်လုပ်ငန်း စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားအုပ်စုတွေကို စုံစမ်းစစ်ဆေးမယ့်ကိစ္စကို ပိုပြီးအာရုံစိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို လေးစားရပါမယ်။ သူတို့တွေဟာ ကိုက်ညီတဲ့ အထောက်အထားတွေ၊  အလုပ်လုပ်ကိုင်ဖို့ ခွင့်ပြုချက်တွေ ရှိထားရမှာဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်တွေထဲမှာ သတ်မှတ်ပေးထားတဲ့ အခွင့်အရေးတွေနဲ့အညီ အလုပ်လုပ်ရမှာပါ” လို့လည်း သူက ဆက်ပြောပါတယ်။

 

ဓာတ်ပုံ – Ranong Immigration Office Facebook

 

ပုံစာ – တရားမဝင်အလုပ်သမား မြန်မာနိုင်ငံသား ၁၂၇ ဦးကို စက်တင်ဘာ ၂၆ ရက်နေ့က ရနောင်း- ကော့သောင်းဂိတ်မှတဆင့် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်စဉ်

ကိုးကား – Bangkok Post