ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Oct 06, 2024

ဒီတစ်ပတ် (စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၅ ရက်အထိ)အတွင်း ပြည်တွင်းမှာတော့ သန်းခေါင်စာရင်းကောက်ခံနေတဲ့သတင်းတွေနဲ့အတူ လားရှိုးမှာ ဗုံးတွေဆက်ကြဲခံနေရလို့ အရပ်သားတွေ သေဆုံး/ထိခိုက်နေရတဲ့သတင်း၊ KIA/KPDF တွေရဲ့ ချီဖွေနဲ့ ဆော့လော်မြို့သိမ်းသတင်းတွေ၊ ဘုတလင်မြို့က စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့သတင်းနဲ့ လပခနဲ့ တပခ တိုက်ခိုက်မှုသတင်းတွေကို ဒီတစ်ပတ်ရဲ့ သတင်းအနှစ်ချုပ်တွေအနေနဲ့ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ပြည်သူတွေလန့်နေတဲ့ သန်းခေါင်စာရင်း”

 

စစ်ကောင်စီက နှစ်နဲ့ချီကြိုးပမ်းနေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ဒီတစ်ပတ် အောက်တိုဘာ ၁ ရက်နေ့က စတင်လိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာတော့ နေ့စဉ် သန်းခေါင်စာရင်းကောက်ခံနေတာနဲ့ပတ်သက်ပြီး သတင်းတွေထုတ်ပြန်နေပါတယ်။

အောက်တိုဘာ ၂ ရက်ထုတ်ပြန်ချက်မှာတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ ကောက်ခံနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမှာ သန်းခေါင်စာရင်းကောက်ကွက်စုစုပေါင်း ၆၆,၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ စာရင်းစစ်/ကောက်အယောက် ၂၄,၀၀၀ နီးပါးက လိုက်လံကောက်ခံနေတယ်လို့ ဆိုထားပါတယ်။

အဲဒီထဲ နေပြည်တော်မှာ စာရင်းကောက်/စစ် ၂၃ ဦးနဲ့ စာရင်းကောက်ကွက် ၂၇၁ ကွက်၊ ရန်ကုန်တိုင်းမှာ စာရင်းကောက်/စစ် ၇၀၇၇ ဦးနဲ့ ကောက်ကွက် ၁၅,၆၈၆ ကွက်တို့လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

လက်ရှိအချိန်အထိ ရခိုင်မှာ မကောက်နိုင်သေးသလို ကချင်၊ ကရင်တို့မှာ နေရာအနည်းငယ်သာ ကောက်ခံနိုင်သေးတဲ့အခြေအနေပါ။

စစ်ကောင်စီက နိုင်ငံတကာလို ဆယ်နှစ်တစ်ကြိမ်ကောက်ခံတယ်ဆိုတဲ့ ၂၀၂၄ သန်းခေါင်စာရင်းမှာ တစ်ဦးချင်းမေးခွန်း ၆၈ ခုနဲ့ အဖွဲ့အစည်းမေးခွန်း ၁၈ ခု မေးမြန်းကောက်ခံတာလို့ ဆိုပါတယ်။

ဒါပေမဲ့ မသက်ဆိုင်တဲ့မေးခွန်းတွေ၊ အသေးစိတ်ကျလွန်းတဲ့ မေးခွန်းတွေ၊ ပိုင်ဆိုင်မှုမေးခွန်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်တဲ့မေးခွန်းတွေလည်း မေးမြန်းတာခံရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် စာရင်းကောက်သူတွေဟာ တော်လှန်ရေးအင်အားစုတွေကိုကြောက်လို့ လျှပ်တစ်ပြတ်ကောက်ခံမှုတွေသာ ပြုလုပ်နေနိုင်ပြီး လုံခြုံရေးအပြည့်နဲ့ ကောက်ခံနေရတဲ့အခြေအနေ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ အိမ်တွေဆီ သန်းခေါင်စာရင်း ဆက်လက်ကောက်ခံနေဆဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်စီစဉ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို သူကိုယ်တိုင်လည်း အောက်တိုဘာ ၁ ရက်နေ့မှာ အကောက်ခံခဲ့ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အဲဒီလို သန်းခေါင်စာရင်းစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အကောက်ခံခဲ့တာတော့ မဟုတ်ပါဘူး။ ၎င်းဟာ သူ့မိသားစုဝင်တွေလည်း မပါသလို သူ့အိမ်မှာလည်း သန်းခေါင်စာရင်းအကောက်ခံခဲ့တာမဟုတ်ဘူးဆိုတာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သန်းခေါင်စာရင်းဆိုတာ အိမ်တစ်အိမ်မှာ ညပိုင်း လူစုံတက်စုံရှိချိန်မှာ ဝန်ထမ်းတွေက လာရောက်ကောက်ယူရတာကို သန်းခေါင်စာရင်းလို့ ခေါ်ပေမဲ့ စစ်ခေါင်းဆောင်ကတော့ ကြည်းတပ်ဌာနချုပ်ဝင်းထဲရှိ တပ်မတော်ဧည့်ရိပ်သာမှာပဲ စစ်ကောင်စီလဝကဝန်ကြီး ဦးမြင့်ကြိုင်ကိုယ်တိုင် ဦးစီးတဲ့အဖွဲ့က သီးသန့်သန်းခေါင်စာရင်း လာကောက်ခဲ့တာဖြစ်ပါတယ်။

သူ့ဩဇာခံ စစ်ကောင်စီထိပ်တန်းအရာရှိတွေဖြစ်တဲ့ ဒုချုပ် စိုးဝင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့ကတော့ ၎င်းတို့ရဲ့နေအိမ်တွေမှာ သူတို့ဇနီးတွေနဲ့အတူ သန်းခေါင်စာရင်း ကောက်ယူခံတာကို စစ်ကောင်စီဘက်က ထုတ်ပြန်လာတဲ့ပုံရိပ်တွေအရ သိရပါတယ်။

PDF တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာတော့ စစ်ကောင်စီလက်အောက်ခံတွေဟာ သန်းခေါင်စာရင်းကို အိမ်တိုင်ရာရောက်မကောက်ဘဲ ရပ်/ကျေးရုံတွေနဲ့ ရပ်ကွက်ဓမ္မာရုံတွေဆီ ခေါ်ယူကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိပြုလုပ်ပြီး ရှေ့လ ဒီဇင်ဘာ အကုန်မှာ ရှေ့ပြေးလူဦးရေစာရင်းအဖြစ် ထုတ်ပြန်နိုင်ဖို့ လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ကြုံးဝါးထားပါတယ်။

****************************************

 

“ဆီးရီးယားက မြို့ပျက်တွေလို လားရှိုးကို သွပ်သွင်းနေတဲ့စစ်ကောင်စီ”

 

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရတက်ချိန် အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဆီးရီးယားမှာ ပြည်တွင်းစစ်စတင်ခဲ့ပါတယ်။ နာမည်အမျိုးမျိုးတပ်ထားတဲ့ ဟိုဘက်၊ ဒီဘက်အဖွဲ့တွေကြား တိုက်ရင်းခိုက်ရင်း မြို့တော် ဒမတ်စကတ်အပါအဝင် အလက်ပိုနဲ့ ရပ်ကွာလိုမြို့ကြီးတွေလည်း မြို့ပျက်တွေလိုဖြစ်ခဲ့ရပါတယ်။

အခုလည်း အာဏာသိမ်းစစ်ကောင်စီက ဆီးရီးယားက မြို့တွေလို မြန်မာနိုင်ငံက သူတို့စစ်ရှုံးလို့ လက်လွှတ်လိုက်ရတဲ့မြို့တွေအပါအဝင် တခြားမြို့တွေကို မထင်ရင် မထင်သလို ဗုံးကြဲချနေတာပါ။

အဲဒီထဲ ဩဂုတ်လ ၃ ရက်နေ့က ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေ အလုံးစုံသိမ်းပိုက်လိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်ရှိရာ လားရှိုးမြို့က အဆိုးရွားဆုံး ဒဏ်ခံနေရပါတယ်။ အဲဒီနောက်ပိုင်းကစလို့ စစ်ကောင်စီဘက်က လားရှိုးမြို့ကို ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဒေသခံပရဟိတအဖွဲ့နဲ့ MNDAA တွေ ကောက်ထားတဲ့စာရင်းတွေအရ လားရှိုးမြို့ကို ဩဂုတ် ၃၀ ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲ ပရဟိတအဖွဲ့တွေက ကိုးဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိတယ်လို့ ပြောပေမဲ့ MNDAA ဘက်ကတော့ သုံးဦး သေဆုံးပြီး ၄၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီတစ်လအတွင်း ကနဦးရက်ပိုင်းတွေမှာ ရက်ခြားပြီး လေကြောင်းတိုက်ခိုက်ခဲ့ပေမဲ့ စက်တင်ဘာ နှောင်းပိုင်းကာလတွေမှာတော့ ရက်ဆက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခု စက်တင်ဘာ နှောင်းပိုင်းနဲ့ အောက်တိုဘာ လဆန်းပိုင်းရက်တွေရဲ့ သီတင်းပတ်ထဲမှာ ရက်ခပ်စိတ်စိတ်ဆိုသလိုပဲ ကြဲချတိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က ပြုလုပ်လာခဲ့ပါတယ်။ အဲဒီထဲ စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉၊ ၃၀ ရက် လေးရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် အရပ်သား နေအိမ်၊ အဆောက်အအုံတွေအပါအဝင် ဈေး၊ စာသင်ကျောင်းနဲ့ ဟိုတယ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ စက်တင်ဘာ ၂၇ ရက် ဗုံးကြဲမှုကြောင့် လားရှိုးရဲ့ အစည်ကားဆုံးနဲ့ အကြီးဆုံးဈေးဖြစ်တဲ့ မြို့မဈေးက ဆိုင်ခန်းတစ်ဝက်လောက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်က ပြောပါတယ်။

အဲဒီလေးရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်မှာ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့လို့ လူနှစ်ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၄ ရက် သောကြာနေ့ တစ်ရက်တည်း မနက် ၂ နာရီကျော်၊ မနက် ၄ နာရီကျော်၊ မနက် ၅ နာရီကျော်နဲ့ ၅း၂၀ တို့မှာ ဗုံးလေးကြိမ်အထိ လာကြဲခဲ့လို့ တရုတ်ဘုံကျောင်းနဲ့ ဆောက်လက်စစာသင်ကျောင်းတွေအပါအဝင် နေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။ အဲဒီထဲ လူတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အဲဒီလိုဗုံးကြဲတိုက်ခိုက်မှုအများစုဟာ ကိုးကန့်တပ်တွေ ရုံးစိုက်ရာနေရာအနီးတဝိုက်ကို ကြဲချနေတာလို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

ဒါကြောင့် ကိုးကန့်တပ်ဘက် လာရှိုးမြို့ထဲ စစ်ကောင်စီကို သတင်းပေးနေသူတွေရှိနေတယ်လို့ဆိုကာ အခုအပတ်ထဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ပြောနေကြပါတယ်။

“အခုထိလည်း ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေပြန်မရသေးပါဘူး” လို့ လားရှိုးခံတစ်ဦးက သောကြာနေ့တုန်းက CJ Platform ကိုဖြေကြားထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့နေပြည်သူတွေ ထိတ်လန့်နေကြရပြီး လေ‌ယာဉ်သံကို အမြဲနားစွင့်နေကြရကာ ညဆိုလည်းကောင်းကောင်းမအိပ်ရဲဘူးဖြစ်နေတယ်လို့ ဆိုကြပါတယ်။

အခုအခါ ကိုးကန့်တပ်ဘက်ကလည်း စစ်ကောင်စီသတင်းပေးလို့ဆိုပြီး မှားယွင်းစွပ်စွဲဖမ်းဆီးခံရမှာကိုလည်း လားရှိုးမြို့ခံတွေ စိုးရိမ်နေကြပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ အခုလို လားရှိုးမြို့အပြင် ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ အထူးဒေသ ၁ တစ်ခုလုံးကို ဗုံးပတ်ကြဲနေတယ်လို့ MNDAA က ဆိုထားပါတယ်။ အဲဒီဒေသထဲ ဇူလိုင်ကနေ စက်တင်ဘာလအထိ သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ၃၁ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

****************************************

 

“လေးရက်အတွင်း မြို့နှစ်မြို့သိမ်းတဲ့ KIA”

 

မြန်မာပြည်အနောက်ပိုင်းမှာ အာရက္ခတပ်တော် AA တို့ ခြေစွမ်းပြနေသလို ထိပ်ဆုံးတဖြစ်လည်း မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ် KIA တို့ လက်စွမ်းပြနေပါတယ်။

ဒီတစ်ပတ် အောက်တိုဘာ ၁ နဲ့ ၂ ရက်တို့မှာ အရေးပါတဲ့ မြို့နှစ်ခုကို ဆက်တိုက်ဆိုသလို KIA/KPDF တို့ သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်ကစတဲ့မြို့သိမ်းတိုက်ပွဲတွေဟာ ချီဖွေနဲ့ စပြီး ဆော့လော်နဲ့ အောက်တိုဘာ ၂ ရက် တိုက်ပွဲလေးရက်မြောက်မှာ အဆုံးသတ်လိုက်ပါတယ်။

ဒီအကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကလည်း လွတ်လပ်တဲ့မီဒီယာတွေကို အတည်ပြုဖြေကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

ကချင် အထူးဒေသ ၁ ထဲက အဲဒီမြို့တွေကို အရင်က စစ်ကောင်စီနဲ့ပူးပေါင်းပြီး အပစ်ရပ်ထားတဲ့ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေက ထိန်းချုပ်ထားတာပါ။

အခုတော့ အဲဒီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီတပ်လက်အောက် ဆက်မခံဖို့နဲ့ ဘက်ပြောင်းကြဖို့ KIA ဘက်က ပြောထားပြီး မပြောင်းရင် တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

အခုရက်ပိုင်းတွေမှာတော့ ချီဖွေနဲ့ ဆော့လော်ဘက်မှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

KIA တပ်မဟာ(၇)နယ်မြေထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ BGF ၊ ပြည်သူ့စစ်စခန်းတွေကို KIA/KPDF တို့က စက်တင်ဘာ ၂၉ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနောက် ချီဖွေမှာ တပ်စွဲထားတဲ့ ခလရ(၁၀၅)နဲ့ ပြည်သူ့စစ်တပ်စခန်း၊ စုပေါင်းဂိတ်၊ (၅၉)မိုင်တို့ရှိ BGF တပ်စခန်းတွေကို စက်တင်ဘာ ၃၀ ရက်မှာပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆော့လော်မြို့ရှိ ခလရ(၂၉၈)နဲ့ အနီးတဝိုက်ရှိ ကာကင်းစခန်းတွေကို အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။

ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တည်နဲ့ ဆဒုံး စတဲ့ နယ်မြေတွေဟာ စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ဇခုန်တိန့်ယိန်းနဲ့ သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့ရဲ့ နယ်မြေတွေဖြစ်ပါတယ်။

အဲဒီနယ်မြေတွေဟာ သဘာပတ်ဝန်းကျင်ပျက်စီးစေခဲ့တဲ့ သစ်အလွန်အကျွံထုတ်၊ မြေရှားသတ္တုတူးနေတဲ့နေရာတွေဖြစ်သလို ဒုစရိုက်ပေါင်းစုံလုပ်တဲ့ ဒေသတွေဖြစ်တဲ့အပြင် တရုတ်က ဖိအားပေးနှိမ်နင်းဖို့လုပ်ဆောင်နေတဲ့ ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေတည်ရှိရာဖြစ်တယ်လို့ KIA ဘက်က ဆိုထားပါတယ်။

ချီဖွေနဲ့ ဆော့လော်မြို့သိမ်းတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေလည်း အမြောက်အမြားရခဲ့တဲ့အကြောင်း ရုပ်သံဖိုင်တွေနဲ့တကွ စစ်ရေးသတင်းရင်းမြစ်တွေက ထုတ်ပြောထားကြပါတယ်။

KIA အနေနဲ့ ဇွန်လအတွင်း တရုတ်ဝင်ပေါက်ဖြစ်တဲ့ ကန်ပိုက်တည်-ဝိုင်းမော်လမ်းပိုင်းက ဆဒုန်းမြို့ကိုလည်း သိမ်းပိုက်ထားပါတယ်။

****************************************

 

“ဘုတလင်က စစ်ကြောင်းဖျက် အောင်ပွဲ”

 

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာကနေ ဘုတလင်မြို့ဘက်ကို ထွက်လာတဲ့ အင်အားရာချီပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့က လက်ဦးမှုရယူပြီး အပြုတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးပြီး ၄၃ ဦးအရှင်ဖမ်းမိခဲ့ပါတယ်။

အဲဒီက ဖမ်းမိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ မြို့နယ်အဖွဲ့တွေဆီ လွှဲအပ်လိုက်ပြီး အဲဒီထဲ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့တဲ့ ရှစ်တန်းစာမေးပွဲလာဖြေသူတွေလည်း ပါဝင်လာပါတယ်။

သူတို့ဟာ ပညာအရည်အချင်းသုံးလေးတန်းသာရှိပေမဲ့ ရှစ်တန်းအောင်ပါက ရာထူးတိုးပေးတယ်ဆိုလို့ ရိက္ခာပို့ဖို့သက်သက် လက်နက်မပါဘဲ လိုက်လာခဲ့တာလို့ ဖမ်းဆီးရမိတဲ့တပ်သားတချို့ကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့သူ Budalin Mobile Team-BMT ရဲ့ ဘဏ္ဍာရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ပွဲထဲက ပစ္စတိုတစ်လက်၊ လက်နက်ငယ် ၅၄ လက်၊ ၆၀ မမ စိန်ပြောင်း နှစ်လက်၊ ဒရုန်းသုံးစင်း၊ ဂျန်မာစက်နှစ်လုံးတို့နဲ့အတူ ဆက်စပ် ခဲယမ်း‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ္စည်းအမြောက်အမြားကို တော်လှန်ရေးအင်အားစုတွေက လက်ရသိမ်းဆည်းရမိခဲ့တဲ့အကြောင်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်အသိပေးထားကြပါသေးတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်မှာ စီပါရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခွဲခန့်မှာ စစ်ကြောင်းပြိုပျက်သွားတာဖြစ်ပါတယ်။

အဲဒီလိုတိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူး ဗိုလ်မှူးကို အသေရရှိခဲ့ပြီး ဗိုလ်ကြီး နှစ်ဦးထဲက တစ်ဦးက အလံဖြူထောင်ခဲ့တာဖြစ်ပါတယ်။

ဖမ်းမိနဲ့ သေဆုံး ၈၀ နီးပါးအပြင် ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖရိုဖရဲနဲ့ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ ကိုးကြိမ်အပြင် မုံရွာမြို့အခြေစိုက် နမခကလည်း ဟောင်ဝစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပေးခဲ့ပေမဲ့ စစ်ကောင်စီစစ်ကြောင်းကို အသာစီးက တိုက်ခိုက်နိုင်ခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်က သေဆုံးထိခိုက်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို မုံရွာ၊ ယင်းမာပင်၊ ဘုတလင်၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုတို့က တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

****************************************

 

“လပခနဲ့ နပခ အမဲဖျက်ပွဲ”

 

စစ်ကောင်စီရဲ့ ရှမ်းမြောက်၊ လားရှိုးက အရှေ့မြောက်တိုင်းစစ်ဋ္ဌာနချုပ်(ရမခ)ကျသွားပြီးနောက် နောက်ထပ်စစ်တိုင်းဌာနချုပ်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က ဆက်တိုက်ဆိုသလို ခြိမ်းခြောက်တိုက်ခိုက်နေပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ မန္တလေးတိုင်း၊ မန္တလေးမြို့ထဲက စစ်ကောင်စီအတွက် အရေးပါတဲ့ စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့က တောင်ပိုင်တိုင်းစစ်ဌာနချုပ်(တပခ)တို့ကို Brave Warriors for Myanmar(BWM)အဖွဲ့ရဲ့စီမံမှုတွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။

လုံခြုံရေးအလွန်တင်းကျပ်ထားတဲ့ မန္တလေးနန်းတွင်းထဲက လပခကို စက်တင်ဘာ ၂၉ ရက် တနင်္ဂနွေနေ့ မနက် ၂ နာရီခွဲခန့်မှာ တတိယအကြိမ်မြောက်အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံးခြောက်လုံးပစ်ခတ်ခဲ့ရာမှာ လေးလုံးက ပစ်မှတ်တွေကို ထိမှန်ခဲ့ပါတယ်။

အဲဒီလိုထိမှန်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးသလို ၂၀ ဦးခန့် ဒဏ်ရာရတယ်လို့ BWM အဖွဲ့ ပြန်ကြားရေးတာ၀န်ခံက CJ Platform ကို အောက်တိုဘာ ၁ ရက်မနက်ပိုင်းတုန်းက ပြောထားပါတယ်။ အဲဒီမှာ အဆောက်အအုံနှစ်လုံး လုံးဝပျက်စီးသွားပြီး ကျန်အဆောက်အအုံတချို့လည်း ရှော့တိုက်ဒုံးအစထိမှန်တဲ့အတွက် ပျက်စီးမှုတချို့ရှိတယ်လို့ သိရပါတယ်။ အဲဒီမစ်ရှင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေဟာ အတွင်းစည်းထဲအထိ အနီးကပ်၀င်ပစ်နိုင်ခဲ့ပေမဲ့ အားလုံးဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ခဲ့ကြတယ်လို့ ၎င်းက ပြောပါတယ်။

BWM နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ၊ ဒီနှစ် စက်တင်ဘာ ၃ ရက်နေ့နဲ့ အခုစက်တင်ဘာနောက်ဆုံးပတ်ထဲမှာ တိုက်ခိုက်နိုင်ခဲ့တာပါ။

ဒါ့အပြင် အောက်တိုဘာလ ၅ ရက် စနေနေ့ မနက် ၃ နာရီ ၄၀ မိနစ်ခန့်မှာလည်း တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးပစ်ခတ်ခဲ့ရာမှာ လေးလုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ BWM က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် တပခ စခန်းရုံး၊ အရာရှိလိုင်းခန်းနဲ့ ကင်းစခန်းတွေ ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးတဲ့အပြင် တပ်ရေးဗိုလ်ကြီးတစ်ဦးအပါအဝင် အရာရှိ လေးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။

တပခဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်အတွင်းက တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ ရန်သူ့စစ်စခန်းတွေကို အမိန့်ပေးကွပ်ကဲနေတဲ့ အဓိက တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမှာ စစ်ကောင်စီရဲ့ ဒရုန်း အစင်း ၁၀၀ ဟာ တပခထဲရောက်ရှိနေတယ်လို့ BWM ရဲ့ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။