ရေဘေးပြန်လည်ထူထောင်ဖို့လုပ်နေချိန် မြစ်သားနဲ့ ကျောက်ဆည်မှာ ရေပြန်ကြီးလို့ ဒေသခံတွေ အခက်တွေ့

Author မင်းထက်
Categories
Published on Oct 04, 2024

ပန်းလောင်မြစ်အထက်ပိုင်းဒေသတွေမှာ မိုးအဆက်မပြတ်ရွာတာကြောင့် မန္တလေးတိုင်းထဲက မြစ်သားနဲ့ ကျောက်ဆည်မြို့တို့မှာ ဒုတိယအကြိမ် ရေပြန်ကြီးနေတယ်ုလို့ သိရပါတယ်။

 

အဲဒီမြို့နှစ်ခုဟာ စက်တင်ဘာရေဘေးထဲ ပါဝင်ခဲ့တဲ့အတွက် ရေဘေးပြန်လည်ထူထောင်ဖို့လုပ်နေချိန် ဒုတိယအကြိမ် ရေပြန်ကြီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မြစ်သားမြို့နယ်က ပန်းလောင်မြစ်မှာ ရေလျှံလာခဲ့ပြီးနောက် မြစ်ဘေးတစ်လျှောက်က ကျေးရွာတွေနဲ့ မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရေပြန် နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒါ့အပြင် အဲဒီက ကင်းတားရေလှောင်တမံ ရေကျော်လာတဲ့အတွက် အောက်တိုဘာ ၁ ရက်၊ နေ့လယ်ပိုင်းမှာ ရေထွက်ပေါက် လေးပေါက်ဖွင့်ချခဲ့ရတယ်လို့ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါကြောင့် ပန်းလောင်မြစ်ဘေးရှိ အိမ်ရှေ့တောင်၊ ကဆွန်၊ မြစ်ဆုံကြီး၊ ရွှေပေါ်ကျွန်း စတဲ့ကျေးရွာတွေအပြင် မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တချို့မှာလည်း ‌ ရေနစ်မြုပ်မှုတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“၂ ရက်နေ့က ရေပြန်တက်တာရေက တန့်ခံနေတာပါ။ ယခင်ရေထက် သုံပုံတစ်ပုံ တက်တယ်။ ပန်းလောင်မြစ်ဘေး ရွာတွေ သနားစရာ။ ဒီနေ့အထိ ၂၃ ရက်ရှိပြီး ရေဘေးခံစားနေရတာ။ မြစ်သားမြို့ပေါ် အနိမ့်ပိုင်းတွေ ရေတက်တယ်“ လို့ မြစ်သားမြို့ခံတစ်ဦးဖြစ်တဲ့ ဦးဌေးက CJ Platform ကို ပြောပါတယ်။

 

ရေဘေးသင့်သူတွေအနေနဲ့ နေထိုင်စားသောက်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

ရေကြီးနစ်မြုပ်တဲ့နေရာတွေကိုလည်း လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီရွှေ့ပြောင်းပေးနေပြီး အဲဒီမြို့နယ်ထဲက ဘူတာရပ်ကွက်၊ ရွှေဘုံသာ ရေဘေးရှောင်စခန်းနဲ့ ရွှေပေါ်ကျွန်းကျေးရွာ၊ မြတ်ဘုန်းရှင်ဘုရားတို့မှာ ရေဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပန်းလောင်မြစ်ရေမြင့်တက်မှုကြောင့် ကျောက်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း ရေပြန်တက်နေတယ်လို့ အဲဒီဒေသခံတွေဆီကနေ သိရပါတယ်။

 

“ပန်းလောင်မြစ်ဘေးကတော့ ရေမကျသေးဘူး။ ချိုင့်ပိုင်းနေရာလောက် ထပ်တက်တာ။ စံပယ်တောတို့၊ မြင်းချီနိုင်တို့ဆိုလည်း ရေ၀င်နေတာမကျဘူး” လို့ အဲဒီမြို့နယ်ရှိ ကုန်းကြီးကျေးရွာက အသက် ၂၂ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်အတွင်းက ရေကြီးရေလျှံမှုကြောင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့က မြို့နယ် ၆၅ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ UNOCHA ရဲ့ စာရင်းအရ သိရပါတယ်။

 

ဓာတ်ပုံ- MFSD(Myittha)