လားရှိုးမြို့ကို စစ်ကောင်စီ ဗုံးထပ်ကြဲ၊ သုံးလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်ရှိပြီဖြစ်

Author  လဂွန်းအိမ်
Categories
Published on Oct 04, 2024

စစ်ကောင်စီလေကြောင်းက ရှမ်းမြောက်၊ လားရှိုးမြို့ ရပ်ကွက် (၅) ရှိ တရုတ်ဘုံကျောင်းနဲ့ ရပ်ကွက် (၈) မှာ ရှိတဲ့ ဆောက်လက်စ ဆေးရုံတစ်ရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CJ Platform အနေနဲ့ စုံစမ်းသိရှိရပါတယ်။  

 

ဗုံးကြဲတိုက်ခိုက်မှုကို ဒီကနေ့ နံနက် ၂ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာတွေမှာ ဗုံးသုံးလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။

 

ကိုးကန့်တပ် (MNDAA)   ထိန်းချုပ်ထားတဲ့ အထူးဒေသ(၁) မှာ စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ သုံးလအတွင်း အနည်းဆုံး ၂၅ ကြိမ်ရှိခဲ့ပြီး အရပ်သား ၃၁ ဦးထက် မနည်း သေဆုံးကာ ၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲ့ဒီလို တိုက်ခိုက်ရာမှာ စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း လက်တုံ့ပြန်တဲ့ အနေနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

 

ဇူလိုင်လထဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာမှာ လားရှိုးစစ်ပွဲအတွင်း အထိနာမှုတွေကြောင့် အထူးဒေသ (၁) ရဲ့ မြို့တော် လောက်ကိုင်မြို့အပြင် သိန္နီခရိုင်နဲ့ အခြားနယ်မြေတွေ ပါဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

ဒီကနေ့ နံနက် ၄ နာရီကနေ ၅ နာရီအတွင်း ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အရပ်သားတစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအပြင် MNDAA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

“ မနက် ၂ နာရီကျော်မှာ တစ်ကြိမ်၊ လေးနာရီကျော်မှာ တစ်ကြိမ်၊ ငါးနာရီကျော်မှာ နှစ်ကြိမ်၊ စုစုပေါင်း လေးကြိမ် လာကြဲသွားတာပါ။ အခုထိလည်း ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ပြန်မရသေးပါဘူး”လို့ လားရှိုးမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့နေပြည်သူတွေအနေနဲ့ ထိတ်လန့်နေကြရပြီး လေ‌ယာဉ်သံကို အမြဲနားစွင့်နေကြရကာ ညဘက်တွေမှာလည်း ကောင်းကောင်း အိပ်စက်လို့တောင် မရဘူးလို့ သူက ဆက်ပြောပါတယ်။

 

ကိုးကန့်တပ် MNDAA က လားရှိုးမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အရပ်သား သုံးဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ထားပေမဲ့ ဒေသခံတွေကတော့ အရပ်သားကိုးဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိတယ်လို့ ဆိုကြပါတယ်။

 

လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ ပုံမှန်ပြန်လည်ပတ်နိုင်အောင် လုပ်ဆောင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြည်သူအများစုသာ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – MNDAA

 

ပုံစာ – စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးတွေကို တွေ့ရစဉ်။