အုတ်ဖို၊ ဂမုန်းရေလှောင်တမံကို ထိုးလာတဲ့စစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတဲ့အထိ အထိနာ မင်းလှနဲ့ ကြို့ပင်ကောက်က စစ်ကူအင်အားရာနဲ့ချီထပ်ဖြည့်ပြီး စစ်ရေးဆက်လက်တင်းမာနေ

Published on Oct 04, 2024

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံအနီး ယမန်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးတဲ့အပြင် ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ရဲဘော်တွေဆီကနေ သိရပါတယ်။

 

ဝိုင်းကျေးရွာရဲစခန်း အထိုင်တပ်က အင်အား ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၃ ရက် မနက် ၉ နာရီခန့်မှာ ဂမုန်းဆည်ဘက်ကို စစ်ကြောင်းထိုးလာချိန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့ရာမှာ အထိနာပြီး စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂမုန်းဆည်ရေလျှံနေလို့ ၃၈၀၂ တပ်ရင်းက ဆည်ရေဖောက်ချမယ်လို့ ပြည်သူတွေကိုအသိပေးခဲ့ပြီးနောက် စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဇေယျက CJ Platform သို့ ပြောပါတယ်။

 

“လာမယ်ဆိုတာသတင်းတော့မရဘူး။ ကိုယ့်နယ်မြေထဲ ဝင်လာတာဆိုတာ သိတော့ ထိတွေ့မှုဖြစ်တယ်။ အင်အားကများတယ်။ ကျွန်တော်တို့ဘက်က ဘာမှမထိဘူး။ အသာကြီးတီး(တိုက်)ရတာ။ ‌ေ-ွးက ပြေးပြီး မြောင်းတွေထဲလည်း ဆင်းသေနေတာတွေ တွေ့တယ်” လို့ အဲဒီအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဇေယျက CJ Platform သို့ ပြောပါတယ်။

 

စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကို ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက် ၈ နာရီခန့်က လာရောက်ကောက်ယူသွားတယ်လို့ ကိုအောင်ဇေယျက ဆက်ပြောပါတယ်။

 

“သူတို့ကလည်း မဆင်းသေးဘူး။ ကျွန်တော်တို့ကလည်း စောင့်ကြည့်နေတယ်။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ ခုလောလောဆယ် ငြိမ်နေတယ်။ ‌ေ-ွးတွေ(စစ်ကောင်စီ)ဘက်က ၆၀ မမ လက်နက်ကြီးတွေနဲ့ ခု(အောက်တိုဘာ ၄ မနက် ၁၀ နာရီ)လည်း ရမ်းသမ်းပစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဘက်ကို အောက်တိုဘာ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က မင်းလှမြို့ပေါ်က စစ်ကောင်စီတပ်သားတွေနဲ့ ကြို့ပင်ကောက်မြို့က ပျူစောထီး အင်အား စုစုပေါင်း ၂၀၀ ခန့် ထပ်မံ ဖြည့်တင်းလာပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ ၎င်းက ပြောပါတယ်။

 

ယမန်နေ့တိုက်ပွဲအတွင်း ၆၀ မမ(BA-100) တစ်လက်၊ MA-1 တစ်လက်၊ G-3 နှစ်လက်၊ အီနာဂါဗုံး တစ်လုံး၊ ၆၀ မမ ကျည် တစ်လုံး၊ G-3 ကျည် ၁၈၁ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၁၃ တောင့်၊ မိုလ်ဘိုင်းဖုန်း ငါးလုံးနဲ့ တခြား စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုဆီကနေ သိရပါတယ်။

 

အဲဒီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့တုန်းကလည်း အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ် နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ ရဲသတင်းပေးဆိုသူ ကိုသက်တို့ကို အေးမြသာယာစာသင်ကျောင်းရှေ့မှာ သွားရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့က အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းကို စီပါရွာအနီးကွင်းပြင်မှာ စစ်ကြောင်းပျက်တဲ့အထိတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကြောင်းမှူး ဗိုလ်မှူးအပါအဝင် ၃၅ သေဆုံးသလို ၄၃ ဦးအရှင်ဖမ်းဆီးရမိခဲ့တဲ့အပြင် လက်နက်တွေလည်း ရရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ယမန်နေ့တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို တွေ့မြင်ရစဉ်