တီးတိန်က စစ်ကောင်စီကျန်းမာရေးဝန်ထမ်းတွေ လုပ်အားခ လေးလစာမရသေး

Author ဆလိုင်း
Categories
Published on Oct 04, 2024

ချင်းပြည်(မြောက်ပိုင်း)၊ တီးတိန်မြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေဆဲဖြစ်ပေမဲ့ အဲဒီက ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်အားခ လေးလစာအထိမရရှိသေးဘူးလို့ ၎င်းတို့ဆီကနေ သိရပါတယ်။

 

တီးတိန်မြို့ရှိ တခြားဌာနတွေကတော့ ပုံမှန်လစာထုတ်ယူလို့ရနေပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ မေလအထိသာ ပုံမှန်လစာ ရရှိပြီး ဇွန်၊ ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေအတွက် စစ်ကောင်စီဘက်က လစာမထုတ်ပေးသေးဘူးလို့ ဆိုကြပါတယ်။

 

“ကျွန်တော်တို့ ကျန်းမာရေးဌာန တစ်ခုပဲ လစာမရကြသေးတာ။ တခြားဌာနက ဝန်ထမ်းတွေအားလုံး လစာပုံမှန်ရကြပါတယ်။ ကျွန်တော်တို့ဌာနကလည်း ပုံမှန်လည်ပတ်နေတာပါပဲ။ ဘာအတွက်ကြောင့် လစာမပေးတာလည်း မသိဘူး” လို့ တီးတိန်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တီးတိန်မှာ ပြီးခဲ့တဲ့ မေနဲ့ ဇွန်လတွေမှာ တိုက်ပွဲပြင်းထန်နေလို့ ဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားရပေမဲ့ ဇူလိုင်လ ပထမအပတ်မှာ ဌာနဆိုင်ရာရုံးတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

 

မြို့နယ်ပြည်သူ့ဆေးရုံကိုလည်း ဆရာဝန်နှစ်ဦးက ဦးစီးပြီး ဖွင့်လှစ်လှည်ပတ်နေပြီး လူနာတွေကလည်း ဆေးရုံတက်ရောက် ဆေးကုသမှုတွေ ခံယူနေကြပြီလို့ သိရပါတယ်။

 

“တိုက်ပွဲဖြစ်တုန်းက ဆေးရုံတာဝန်ခံ ဆရာဝန်ကြီးကို ပြန်သွားတယ်။ ပြန်မရောက်လာသေးဘူး။ အခုဆရာဝန်နှစ်ဦးကနေ ဦးဆောင်ပြီး ပြန်လည်ဖွင့်လှစ်နေပြီ။ ကျန်းမာရေးဝန်ထမ်းတွေလည်း ပုံမှန်တာဝန်ထမ်းဆောင်နေကြပြီ။ လူနာတွေကိုလည်း ဆေးကုသမှုတွေ၊ ခွဲစိတ်မှုတွေ ဆောင်ရွက်ပေးနေပါပြီ” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

တီးတိန်မြို့က ကျန်းမာရေးဝန်ထမ်းတွေဟာ လစာမရရှိပေမဲ့ ပုံမှန်အလုပ်ဆင်းနေရပြီး ရေရှည်အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ စားဝတ်နေရေး ပိုကျပ်တည်းလာနိုင်တယ်လို့ ဆိုပါတယ်။

 

လက်ရှိ တီးတိန်မြို့ဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ဆက်ရှိနေတဲ့ မြို့တွေထဲကတစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လှည်ပတ်နေပါတယ်။

 

ဓာတ်ပုံ – လူမူကွန်ရက်