PV နဲ့ ဗီဇာလျှောက် ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်

Author ကိုထားဝယ်
Categories
Published on Oct 03, 2024

အလည်အပတ်နိုင်ငံကူးလက်မှတ်(PV)နဲ့ ဗီဇာလျှောက်ပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပိတ်ပင်လိုက်ပြန်ပါတယ်။

 

ဒါဟာ ဒုတိယအကြိမ်မြောက် သတိထပ်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့တုန်းကလည်း အထက်ပါအတိုင်း စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။

 

ပြည်ပမှာ အလုပ်သွားလုပ်မယ့်သူတွေအနေနဲ့ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်(PJ)နဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)လျှောက်ထားသူတွေပဲ ပြည်ပထွက်အလုပ်လုပ်ခွင့်ရမယ်လို့ အောက်တိုဘာ ၂ ရက် ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

အဲဒီလိုမလုပ်ဘဲ PV ကို ဗီဇာလျှောက်ပြီး လေကြောင်းကနေ အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေတာတွေရှိနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

 

ဒါကြောင့် ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေပြုလုပ်နေပြီး ၎င်းတို့ခွင့်ပြုထားတဲ့ အချက်အလက်မပြည့်စုံသူတွေကို ပြန်လွှတ်နေတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ဆိုထားပါသေးတယ်။

 

PV နဲ့ ပြည်ပထွက်အလုပ်မယ်လို့ လေဆိပ်မှာ စစ်ဆေးတွေ့ရှိပါက လေယာဉ်လက်မှတ်အပါအဝင် ဆုံးရှုံးနစ်နာမှုတွေရှိနိုင်တာကြောင့် PJ နဲ့ OWIC လျှောက်ပြီးမှ ပြည်ပထွက်အလုပ်လုပ်ဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

 

“လေဆိပ်မှာတော့ ပွဲတော်ကြီးကျနေတာပဲ။ စည်လို့ကားလို့။ နိုင်ငံခြားထွက်တဲ့သူဆိုတာမနည်းဘူး။ ကျွန်မတူမလေးတော့ အေးဆေးထွက်သွားရတယ်။ အရစ်ခံနေရသူတွေလည်း တွေ့ရတယ်။ လာဘ်ထိုးနိုင်ပြီး ပြောတတ်ဆိုတတ်ရင်ရနိုင်ပါတယ်” လို့ ပြီးခဲ့တဲ့အောက်တိုဘာ ၁ ရက်နေ့က ဂျပန်ထွက်မယ့် တူမကို ရန်ကုန်လေဆိပ်လိုက်လံပို့ဆောင်ခဲ့တဲ့ ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

လတ်တလော စစ်ကောင်စီရဲ့ စစ်မှုထမ်းသတ်မှတ်ချက် အသက်အရွယ်တွေဖြစ်တဲ့ အသက် ၁၈ ကနေ ၃၅ နှစ်ကြားရှိ အမျိုးသားတွေကို ပြည်ပထွက်ခွင့်ကန့်သတ်ထားတာပါ။

 

ဒါပေမဲ့ သူမနေထိုင်တဲ့ ရွှေပြည်သာမြို့နယ်အတွင်းက အသက် ၂၀ ဝန်းကျင်နဲ့ ၃၂ ဝန်းကျင်အမျိုးသားတွေတော့ ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံခြားထွက်အလုပ်လုပ်ရာမှာ ပြန်လွှတ်ခံရတယ်ဆိုတဲ့သတင်းမျိုး မကြားရဘူးလို့ ဆက်ပြောပါတယ်။

 

စစ်ကောင်စီဘက်က အသက် ၂၀ မှ ၃၂ ကြားရှိ အမျိုးသားတွေကို ပစ်မှတ်ထားပြီး လေဆိပ်ကနေ ပြန်လွှတ်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ပြန်လွှတ်ခံရသူတွေရဲ့ လူမှုကွန်ရက်မှာ ပြောကြားချက်တွေအရ သိရပါတယ်။

 

စစ်ကောင်စီဘက်က ဒီနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက်ပိုင်း လူငယ်လူရွယ်တွေ များစွာ အကျပ်အတည်းတွေ့ခဲ့ရပါတယ်။

 

ဓာတ်ပုံ – Pro-SAC