ရွှေဈေး ကျပ် ၇၁ သိန်းဝန်းကျင်နဲ့ တစ်ဒေါ်လာ ၆၀၀၀ ကျပ်နီးပါးအထိထပ်တက်

Author ကိုထားဝယ်
Categories
Published on Aug 09, 2024

စံချိန်တင်မြင့်တက်နေတဲ့ ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေဟာ ဒီကနေ့မှာလည်း ဆက်လက်မြင့်တက်လာတယ်လို့ သက်ဆိုင်ရာဈေးကွက်များထဲကနေ သိရပါတယ်။

 

ဒီကနေ့ ဩဂုတ်လ ၉ ရက် ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ် ၇၁ သိန်းဝန်းကျင်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ယမန်နေ့ ဩဂုတ် ၈ ရက်ကထက် ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ငါးသောင်းနီးပါးဆက်လက်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရွှေတစ်ကျပ်သားဈေးနှုန်းကတော့ ကျပ် ၄၆ သိန်း ရှစ်သောင်းကျော်သာ သတ်မှတ်ထားပါတယ်။

 

အလားတူ နိုင်ငံခြားငွေကြေးဈေးကွက် ယမန်နေ့ထက် အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၀၀ နီးပါးနဲ့ ထိုင်းတစ်ဘတ် ငါးကျပ်အထိ ဆက်လက်မြင့်တက်လာတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ငွေကြေးလဲနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ကျပ် ၆၀၀၀ နီးပါး၊ ထိုင်းတစ်ဘတ် ၁၆၅ ကျပ်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။