စစ်ကောင်စီ၏ ရွေးကောက်ပွဲ အကြံအစည်ကို ဖင်မနိုင်ပဲ ပဲကြီးဟင်း စားသည့် ပုံစံမျိုး အာဏာသိမ်း ထောက်ခံသူများ ရှုမြင်လာ

Author CJ Platform အယ်ဒီတာအဖွဲ့
Categories
Published on Oct 12, 2022

၂၀၀၈ အခြေခံဥပဒေ အရ လာမည့်နှစ်၌ သက်တမ်းကုန်မည့် စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်ငံရေး အသက်ကယ် ထွက်ပေါက်အဖြစ် ပြုလုပ်လိုနေသည်။

သို့သော် တိုင်းပြည်၏ မတည်မငြိမ် အကျပ်အတည်းများကြောင့် စစ်ကောင်စီကြံနေသည့် ရွေးကောက်ပွဲကို ဖင်မနိုင်ပဲ ပဲကြီးဟင်းစားနေသည့် ပုံစံမျိုးအဖြစ် စစ်အာဏာသိမ်း ထောက်ခံထားသူများက ရှုမြင်လာနေကြောင်း CJ Platform က ရရှိထားသည့် ခိုင်မာသည့် အချက်အလက်များ အရ သိရသည်။

ဗမာ စကားပုံ တစ်ခုတွင် ဝမ်းမနိုင်သူများ ဝမ်းပျော့စေသည့် ပဲကြီးဟင်း စား၍ ဝမ်း ခဏ ခဏ သွားရပုံကို ဖင်မနိုင်ပဲ ပဲကြီးဟင်း စားသည်ဟု ပြောဆိုကြသည်။

ထိုစကားပုံကို အလုပ်တစ်ခုကို လုပ်ကိုင်သည့်အခါ မိမိ လုပ်နိုင်မည့် အခြေအနေ မရှိပဲ တဇောက်ကန်း မိုက်ရူးရဲ လုပ်ကိုင်သည့် သူများအား သရော် နှိပ်ကွပ်လိုသည့် အခါတွင် သုံးလေ့ ရှိကြသည်။

ယခု အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲကိုလည်း ၄င်းတို့ အာဏာသိမ်းမှုကို ထောက်ခံခဲ့သည့် နိုင်ငံရေး သမားများကပင် ဖင်မနိုင်ပဲ ပဲကြီးဟင်း စားနေသည့် ပုံစံမျိုး ပြောဆိုလာလျက် ရှိနေသည်။

အတိုက်အခံ တော်လှန်ရေး အင်အားစုများ၏ ပြောက်ကျားတပ်ဖွဲ့များက ရန်ကုန်မြို့ပေါ်၌ ရှင်းလင်းရေး မစ်ရှင်များကို အတွင်းစည်းထဲထိ လုပ်ဆောင်လာခဲ့ရာ တပ်ထောက်ခံသူ အသိုင်းအဝိုင်းကြားထဲ ရတက်မအေးစရာ အခြေအနေများ ဖြစ်ပေါ်နေခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်လက ဒုချုပ် စိုးဝင်း၏ ဆရာဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးအုန်းသွင်နှင့် ၄င်း၏ သားမက်ဖြစ်သူတို့ နေအိမ်၌ လုပ်ကြံခံခဲ့ရရာတွင် ၄င်းတို့၏ စျာပနသို့ လိုက်ပါ ပို့ဆောင်လိုသူများပင် သွားခွင့်မရခဲ့ကြရပေ။

အငြိမ်းစား တပ်အရာရှိဟောင်း အများအပြားမှာလည်း ၄င်းဖြစ်စဥ်ကြောင့် အစုလိုက်အပြုံလိုက် နေရပ်ပြောင်းပြေးရသည်များလည်း ဖြစ်လာခဲ့သည်ထိ စိုးရိမ်မှုများ ကြီးစိုးနေခဲ့သည်ဟု သိရသည်။

“ဗိုလ်မှူးချုပ် အုန်းသွင် ကိစ္စဆို ကိုယ်တို့ရဲ့ စီနီယာလည်း ဖြစ်တယ်။ သူ့ အသုဘကို လိုက်ပို့ချင်တယ်။ ပို့လို့မရဘူး။ တပ်ထဲမှာ လုံခြုံမှုက အဲ့ဒီလောက်ထိ ကျဆင်းနေတယ်။ ဒါ တော်တော် ဆိုးတယ်လို့ ပြောလို့ ရတာထက်ကို ကျော်နေပြီ” ဟု အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးက ပြောသည်။

တပ်အသိုင်းအဝိုင်းအတွင်း ဦးအုန်းသွင် လုပ်ကြံခံရမှုက လုံခြုံရေး ဆိုင်ရာ သတိပေးချက် အနီရောင် အဆင့်သို့ ရောက်သွားစေပြီး ထောက်ခံသူများ ကြောက်လန့်နေချိန်တွင် စစ်ကောင်စီ ခေါင်းဆောင်သည် ၄င်း၏ လက်ကိုင်တုတ် ရဲချုပ်ဟောင်း ဦးခင်ရီကို ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ဖြစ်စေရန် လုပ်ဆောင်ပေးလာခဲ့သည်။

ဦးခင်ရီကလည်း ၄င်းတို့ အတိတ်ကာလ ကြီးစိုးခဲ့စဥ်ကကဲ့သို့ သူ၏ ပါတီဝင်များကို အသုံးချ၍ ခပ်ကြမ်းကြမ်း ကိုင်တွယ်ရန် လေသံပစ်လာခဲ့သော်လည်း ကြံ့ခိုင်ရေး ပါတီတွင်း၌တော့ ၄င်းတို့၏ အကာအကွယ်မဲ့ နေသည့် အခြေအနေအပေါ် လက်တွေ့ကျကျ ထိတ်လန့်လျက် ရှိနေသည်။

” ကိုယ့်စီမှာ သေနတ်မှ မရှိပဲနဲ့ ဦးခင်ရီက ဓားကို ဓားခြင်း ဆိုတာမျိုး သွားချဲလင့် လုပ်ပြော သလို ဖြစ်သွားတော့ ကျွန်တော်တို့ ဘယ်လို နေရမလဲ။ ကိုယ့်စီမှာ သေနတ်လည်း မရှိဘူး။ ရှိလည်း ဘယ်သူ့ကို ပစ်ရမှာလဲ။ အကုန် ပစ်တာ ခတ်တာ တွေ များလာတော့မယ်။ အောက်ခြေက ပစ်မှတ် ဖြစ်လာရင် ဘယ်မှ ပြေးမရဘူး” ဟု ဝါရင့် ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးက ဆိုသည်။

လက်ရှိ ပါတီတွင်လည်း စစ်တက္ကသိုလ်ထွက် တပ် အရာရှိဟောင်းများနှင့် ပါတီ ဗဟိုအလုပ်မှုဆောင်များသည်လည်း လူဟောင်းများသာ အများစု ဖြစ်နေသဖြင့် စစ်ခေါင်းဆောင်သည် ကြံ့ခိုင်ရေး ပါတီ ကို ၄င်း၏ ခါးပိုက်ဆောင်ထဲသို့ ထည့်လိုက်ပြီဟု ပြောနိုင်ကြောင်းလည်း ၄င်းက ဆက်လက်၍ ပြောသည်။

ထို့ အခြေအနေများက နိုင်ငံရေး လုပ်ရန် အချိန်အခါ မကောင်းဟု နယ်မြေအလိုက် ပါတီခေါင်းဆောင်အချို့က ယူဆလာကြပြီး ပါတီ ကိစ္စများကို လုပ်ဆောင်ခြင်း၊ နိုင်ငံရေး လုပ်ဆောင်ခြင်းများမှ ရပ်နားရန် ဆုံးဖြတ်လာကြသည်ဟုလည်း သိရသည်။

ကြံ့ခိုင်ရေး ပါတီ အပါအဝင် စစ်ကောင်စီကို အားပေးထောက်ခံခဲ့ကြသည့် နိုင်ငံရေး သမား အချို့က စစ်ခေါင်းဆောင်သည် ရွေးကောက်ပွဲ လုပ်မည် မလုပ်မည်ကို တိတိကျကျ မပြောဆိုသေးပဲ ဖွဲ့စည်းပုံ ဥပဒေသစ် ရေးဆွဲရန်လည်း အကြံအစည် ရှိနိုင်သည်ဟု အခိုင်အမာ ယူဆ ပြောဆိုသည်။

” ကျွန်တော်တို့ ထင်တယ် တပ်ချုပ်ကြီးက Institution ကို အသစ်ပြန်ဆွဲဖို့လည်း ကြံနေပုံပဲ။ သူတို့က သက်တမ်းကုန်တော့မှာလေ။ ၂၀၀၈ အရဆိုရင်။ အဲ့ဒီတော့ ဖွဲ့စည်းပုံ အသစ်ပြန်ဆွဲလာမယ်လို့ပဲ ထင်တယ်” ဟု စစ်ကောင်စီနှင့်အတူ ပါတီနိုင်ငံရေး လုပ်ဆောင်နေသည့် နိုင်ငံရေး သမားတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲ ပြုလုပ်ရန်လည်း လေသံ မလျှော့သေးသဖြင့် အပြောနှင့် အလုပ် ညီ မညီ ၄င်းကိုထောက်ခံသူများက ဝေဖန်ခြင်းကို လက်ရှောင်ရန် အချိန်ဆွဲနေသည်ဟုလည်း ရှုမြင်နေကြသည်။

ထိုသို့ မရေမရာ မသေမချာ ပြောဆိုနေသည့် စစ်ကောင်စီ အသိုင်းအဝိုင်းကြောင့် ၄င်းတို့ကို ထောက်ခံနေသူများပင် စစ်ကောင်စီ ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို အယုံအကြည် ကင်းမဲ့နေသည်ကို တွေ့ရသည်။

” ပါတီနိုင်ငံရေးက ဒီအချိန်တော့ နားထားမယ်။ တပ်က သူတို့ ဘာလုပ်မလဲ စောင့်ကြည့်ရမယ်။ ရွေးကောက်ပွဲကတော့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ” ဟု ကြံ့ခိုင်ရေး ပါတီဝင် ကိုယ်စားလှယ်ဟောင်း တစ်ဦးက ဆိုသည်။

၄င်းက စစ်ကိုင်းတိုင်း၌ တပ်အသိုင်းအဝိုင်းမှ မိသားစုများစွာ နယ်မြေပြောင်းပြေး နေထိုင်နေရသည့် ဖြစ်စဥ်ကို ရည်ညွှန်း၍ ၄င်းတို့၏ ဘဝ မလုံခြုံမှု အကြောင်းကိုလည်း ပြောပြသည်။

၄င်းသည် တပ်၌ တပ်ရင်းမှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၄င်းကိုယ်တိုင်ပင် ဇာတိမြေကို စွန့်၍ ပိုမို လုံခြုံမည်ဟု ထင်သည့် နေရာသို့ ပြောင်း ရွှေ့နေထိုင်နေရသည်။

အခြား နိုင်ငံရေး ပါတီများကလည်း တစ်နိုင်ငံလုံး၌ ပုဒ်မ ၁၄၄ သက်တမ်း တောက်လျှောက် တိုးနေရချိန်တွင် ရွေးကောက်ပွဲအတွက် မည်သို့ ပြင်ဆင်ရမည်ကို စဥ်းစား၍ မရဖြစ်နေကြသည်ဟု သိရသည်။

” 144 က နှစ်လတစ်ကြိမ် သက်တမ်းတိုးနေရတာ။ ဒီထဲမှာ ညမထွက်ရတင် ပါတာမဟုတ်ဘူးလေ။ လူစုလူဝေး မလုပ်ရတာတွေလည်း ပါနေတာ။ ဒါက ပါတီနိုင်ငံရေး လုပ်လို့ မရတဲ့ အခြေအနေပဲ။ ရွေးကောက်ပွဲ လုပ်ရင် 144 ဖြုတ်မှကို ရမှာပဲ” ဟု နိုင်ငံရေး သမားတစ်ဦးက ဝေဖန်ပြောဆိုသည်။

ထို့ကြောင့် အချို့သော နိုင်ငံရေး ပါတီများမှာ အောက်ခြေ၌ သဘောထားကွဲလွဲမှုများ မြင့်တက်နေပြီး ပါတီ ဖျက်သိမ်းရန် အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည့် နိုင်ငံရေး ပါတီ အချို့လည်း ရှိလာသည်။

၄င်းပါတီများသည် စစ်ကောင်စီနှင့်အတူ ပါတီနိုင်ငံရေးများ ပူးပေါင်းဆောင်ရွက်နေကြသည့် ပါတီများလည်း ဖြစ်သည်။

စစ်ကောင်စီသည် လာမည့်နှစ်၌ ရွေးကောက်ပွဲလုပ်မည်ဟု မရေမရာ ပြောဆိုမှုကို အဖန်ဖန် ထုတ်ဖော်ပြောဆိုလေ့ ရှိနေပြီး လက်တွေ့တွင်တော့တော်လှန်ရေး အင်အားစုများ၏ မြေပေါ် မြေအောက် တိုက်ပွဲများကို စစ်မျက်နှာ ပေါင်းစုံ ဖွင့်၍ ရင်ဆိုင်နေရသည်။

တစ်ဖက်တွင်လည်း ၄င်းတို့ ပြောသလောက် မဟုတ်သေးပေမယ့် တစ်စ တစ်စ အင်အားစုစည်းမှု အားကောင်းလာနေသည့် NUG နှင့် မဟာမိတ်များက တော်လှန်ရေးကာလကို အဆုံးသတ်ရန် အချိန်ကို ထုတ်ဖော် ကြွေးကြော်လာနေသည်ကို တွေ့ရသည်။

ကချင်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ ချင်း တိုင်းရင်းသား ဒေသများ၌ အထိနာနေသည့် စစ်ကောင်စီတပ်များသည် ပြည်မတွင်လည်း ဗမာလူမျိုးစုများဖြင့် ဖွဲ့စည်းထားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များကို အပြင်းအထန် ရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ်များသည် ရွာစဥ် ပတ်၍ မီးရှို့ကာ ကလေးငယ်များပါမကျန် လေယာဥ်ဖြင့် ပစ်သတ် နေခဲ့သော်လည်း အညာဒေသ၌ တော်လှန်ရေး တပ်ဖွဲ့များက တဖြည်းဖြည်း ပိုမို လွှမ်းမိုးလာနိုင်နေသည်။

စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်ပြပြီး တော်လှန်ရေးကာလ အဆုံးသတ်ပြီဟု လုပ်ဆောင်ပြနေလိုသော်လည်း လက်တွေ့တွင်တော့ ဖြစ်နိုင်ဖွယ် မရှိသေးဟု ၄င်းတို့၏ အမာခံထောက်ခံသူများက ယူဆထားသည်။

၄င်းတို့ အနေဖြင့် စစ်ကောင်စီ ဖန်တီးနေသည့် ပဋိပက္ခများကို စိတ်ကုန်ခမ်းလျက် ရှိနေပြီး စစ်ကောင်စီ ပြောနေသည့် နိုင်ငံရေး ထွက်ပေါက် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း ဖင်မနိုင်ပဲ ပဲကြီးဟင်း စားသည်ဟုပင် ထင်မြင်နေကြသည်။

” ဒီဇင်ဘာ အပြတ်လုပ်မယ်ဆိုတော့ အခုပဲ အောက်တိုဘာလေ။ ဘာကို အပြတ်လုပ်မှာလဲ။ ဟိုက အိမ်ထဲပါ ဝင်သတ်ပြနေပြီ။ အကုန်လုံးလည်း ပုန်းနေရပြီ။ သူတို့က ဘာလုပ်ချင်နေတာလည်း။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းချင်ပြီ။ ” ဟု စစ်ကောင်စီနှင့် ပူးပေါင်းထားသည် နိုင်ငံရေး သမားတစ်ဦးက ပြောသည်။

CJ Platform ထံတွင် အထက်ပါ ဆွေးနွေးစကားဝိုင်းတွင် ပြောဆိုသူများ၏ အသံဖိုင်များကို ရရှိထားသော်လည်း လုံခြုံရေး အခြေအနေများအရ သတင်းပြောဆိုသူများ၏ အမည်များကို ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိခြင်းဖြစ်ကြောင်း အသိပေးအပ်ပါသည်။