ဖခင်ရဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံရတဲ့ PDF သား

Author မင်းထက်
Categories
Published on Aug 07, 2024

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ ရဲဘော် ရဲဘော်ဆလိုင်းဟာ ၁၀ တန်းကျောင်းသားဘဝ ဆယ်ကျော်သက်လူငယ်လေးပဲရှိပါသေးတယ်။ ဒါပေမဲ့ သူဟာ အာဏာသိမ်းမှုကို ရှေ့တန်းထွက် ဆန့်ကျင်ခဲ့တဲ့လူငယ်တွေထဲ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ခြင်းခံခဲ့ရတဲ့အထိ သူ့တော်လှန်ရေး ခရီးပေါက်ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းမှာပဲ PDF ထဲ ရောက်သွားခဲ့ပါတယ်။

 

သူဟာ မွေးချင်း ခုနစ်ဦးအနက် စတုတ္ထမြောက်သားတစ်ဦးဖြစ်ပါတယ်။ ဖခင်နဲ့ ညီအစ်ကိုမောင်နှမတချို့ဟာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဖခင်က ပျူစောထီး၊ အစ်မက ဒုရဲအုပ်နဲ့ အစ်ကိုက ပြည်သူ့စစ်တစ်ဖြစ်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးပါ။ ဒါကြောင့် သူ့ကိုလည်း ဖခင်က PDF ထဲကနေပြန်လာပြီး ရေတပ်ထဲဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ လက်မခံလို့ ၂၀၂၂ နှစ်ဦးပိုင်းမှာ ဖခင်ရဲ့ ဖမ်းဝရမ်းထပ်ထုတ်ခံခဲ့ရပါတယ်။

 

အသက် ၂၀ ကျော် ဆယ်ကျော်သက်လူငယ်ဟာ ဘယ်လိုလူမျိုးပါလဲ။ ဘယ်လိုတော်လှန်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါသလဲ။ ရဲဘော် ရဲဘော်ဆလိုင်း ဘာတွေကြုံတွေ့ခဲ့ရပါသလဲ။ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသလဲ။ မိသားစုရဲ့ ဖယ်ကျဉ်ခြင်းခံရမှုကို ရင်ဆိုင်ခဲ့ရလို့ ဘယ်လိုခံစားခဲ့ရပါသလဲ။ သူ့ရဲ့ လက်ရှိတော်လှန်ရေးလှုပ်ရှားမှုနဲ့ အနာဂတ်အတွက် ဘာတွေ ရည်မှန်းထားပါသလဲ။ ဒါတွေနဲ့ပတ်သက်ပြီး CJ Platform က တွေ့ဆုံမေးမြန်းထားတာတွေကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။

****************************************

 

တွေ့ဆုံမေးမြန်းသူ – မင်းထက်

 

CJ           – အာဏာသိမ်းဖြစ်စဉ်ဖြစ်ပေါ်ပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအပိုင်းတွေမှာ ဘယ်လိုခံစားချက်တွေနဲ့ စတင်ပါဝင်ဖြစ်ခဲ့တာပါလဲ။

 

ရဲဘော်ဆလိုင်း – Covid ကြောင့် ကျောင်းဆက်မတက်ဘဲ နားနေရရင်း အာဏာသိမ်းမှုဖြစ်တော့ တက်ကြွလူပ်ရှားမှုတွေမှာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး ငါတို့ ပြီးဆုံးသည်ထိ သွားရမယ်။ ဒီလို လက်နက်ပြပြီး လုပ်ချင်တိုင်းလုပ်မရဘူးဆိုတာ သိအောင် လုပ်မယ်ဆိုပြီး စတင်ပါဝင်ခဲ့တာပါ။ ဆန္ဒပြတယ်။ လပိုင်းအကြာမှာ ဖမ်းဝရမ်းနဲ့ ပြေးရတော့တယ်။ အဲဒီအချိန်ကနေ လက်နက်ကိုင် ဖြစ်လာခဲ့တာပါ။

****************************************

 

CJ           – ဖမ်း၀ရမ်းနဲ့ ပြေးခဲ့ရတဲ့ အခြေအနေမှာရော ဘယ်လိုကြုံတွေ့ခဲ့ရတာပါလဲ။

 

ရဲဘော်ဆလိုင်း – ထုတ်ပြီး အခြေအနေနဲ့ တိမ်းရှောင်ရတာတွေမှာ ကြုံတွေ့ရမှုတွေပေါ့ဗျ။ ဖမ်းဝရမ်း ထုတ်ခံရတော့ ပထမဆုံး အသိတွေဆီ လမ်းစရိတ်တောင်းတယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ ကျွန်တော်ကိုင်တဲ့ ဖုန်းကိုရောင်းပြီး မြို့ထဲကနေ ရအောင်ထွက်ခဲ့ရတယ်။ မြို့ပြင်ရောက်တော့လည်း အဆက်အသွယ်မရှိတော့ ဘယ်သွားရမှန်းမသိခဲ့ဘူး။ နောက်ဆုံး ဟိုလူကို အကူအညီတောင်း၊ ဒီလူကို အကူအညီတောင်းနဲ့ တိမ်းရှောင်ခဲ့ရပါတယ်။ စကစကလည်း အတင်းလိုက်ရှာတော့ အဝတ်အစားတွေတောင် မပါဘဲ ပြေးခဲ့ရတယ်။ ပထမဆုံး ဖမ်းဝရမ်းက ၅၀၅(က)နဲ့ပါ။

****************************************

 

CJ           – အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတဲ့အနေအထားမှာ ဘယ်လိုအကူအညီတွေ ရရှိပြီး ဘေးလွတ်ကင်းခဲ့ရတာပါလဲ။

 

ရဲဘော်ဆလိုင်း – အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတဲ့အချိန်မှာ သပိတ်ထဲက အသိတွေနဲ့ ပြန်ဆက်သွယ်လို့ရခဲ့ပါတယ်။ အဲဒီချိန် ကျွန်တော် အဝတ်တစ်စုံလောက် ဖန်းတီးပေးခိုင်းတော့။ သူက ကျွန်တော့်ကို ၅၀,၀၀၀(ကျပ်)လှမ်းပို့ပြီး အဝတ်ဝယ်စေခဲ့ပါတယ်။ ပြီးတာနဲ့ ကျွန်တော် ဖုန်းရောင်း၊ လမ်းစရိတ်လုပ်ပြီး ဘေးလွတ်ရာကို ခဏပြေးရှောင်ခဲ့ပါတယ်။

အဲဒီလို ပြေးရှောင်ရင်းနဲ့ PDF ထဲကို ရောက်ခဲ့တာပါ။ သင်တန်းပြီးဆုံးသွားတဲ့အချိန်မှာ မြို့ပေါ်ကို ပြန်လာခဲ့ပါတယ်။ မြို့ပေါ်ရောက်ပြီး တစ်လအကြာမှာ ထပ်ပြီးရှောင်ခဲ့ရပါတယ်။

****************************************

 

CJ           – မြို့ပေါ်ရောက်ပြီး တစ်ခါရှောင်ခဲ့ရတဲ့အချိန်မှာ ဘယ်လိုအခြေအနေတွေ တွေ့ကြုံခဲ့ရပါလဲ။

 

ရဲဘော်ဆလိုင်း – သင်တန်းပြီးဆုံးခဲ့တာက ၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက်မှာ ပြီးဆုံးခဲ့တာ။ သင်တန်းပြီးတော့ မြို့ပေါ်ပြန်ရောက်တဲ့အချိန်မှာ မိသားစုဆီကို ပြန်တာတော့မဟုတ်ဘူး။ သူစိမ်း အစ်မတစ်ယောက်ဆီကို အကူအညီတောင်းခဲ့တာ။ အဲဒီမှာ အလုပ်သမားဟန်ဆောင်ကာ နေခဲ့တာပါ။ အကူအညီတောင်းခဲ့တဲ့ အစ်မကတော့ သင်တန်းဆင်းလာခဲ့မှန်းလည်းသိတယ်။ အစစအရာရာ လုံခြုံအောင် ကာကွယ်ပေးခဲ့ပါတယ်။ ကြာလာတော့ အားနာတာနဲ့ အညာဘက်ကို စဆင်းခဲ့လိုက်တာပါ။ အညာဘက်ကို ဆင်းခဲ့တဲ့အချိန်မှာတော့ အခက်အခဲတွေ မရှိခဲ့တော့ပါဘူး။ အားလုံးအဆင်ပြေခဲ့ပါတယ်။

****************************************

 

CJ           – မိသားစုတွေကရော အခုလို သင်တန်းဆင်းခဲ့တာကို သိနေခဲ့ပါလား။ အဆက်အသွယ်ရော ရခဲ့ပါလား။

 

ရဲဘော်ဆလိုင်း – အာဏာသိမ်းတဲ့လကနေစပြီး အဆက်အသွယ်ပြတ်ခဲ့လိုက်တာပါ။ ပထမတိမ်းရှောင် ကတည်းက မိသားစု၀င်တွေနဲ့ကတော့ အဆက်အသွယ်လုံးဝပြတ်တောက်ခဲ့တာပေါ့နော်။ ကျွန်တော့် အနေနဲ့ကလည်း မဆက်သွယ်ခဲ့ပါဘူး။ အားလုံးကို အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။

****************************************

 

CJ           – အခက်အခဲကြားမှာ အရာရာကို ဖြတ်တောက်ပြီး ရဲဘော်အဖြစ် ရှိနေဖို့ဆုံးဖြတ်ရာမှာ ဆုံးဖြတ်ချက်ကို ခေတ္တအမျှ ကြန့်ကြာစေတဲ့ အရာမျိုးတွေရော ရှိခဲ့ဖူးပါသလား။

 

ရဲဘော်ဆလိုင်း – ရှိခဲ့ဖူးပါတယ်။ ဖြစ်မလာဘဲ ပျက်စီးသွားရင် စိတ်နဲ့ ကြောက်စိတ်တော့ ဝင်ခဲ့ဖူးပါတယ်။ တော်လှန်ရေး မအောင်မြင်ခင် ကျွန်တော်သေဆုံးသွားမှာကို ဆိုလိုတာပါ။ အဲဒီစိတ်ကို မချေဖျက်နိုင်ခဲ့ပါဘူး။ ယနေ့အချိန်ထိပါပဲ။ တော်လှန်ရေးအောင်မြင်တဲ့အချိန်ထိ ရှိနေပေးသွားချင်ပါတယ်။ တော်လှန်ရေးပြီးသွားရင် ရဲဘော်တွေကို အိမ်ပြန်ရောက်အောင် ကျွန်တော်ပို့ပေးဖို့ တာဝန်တစ်ရပ် ရှိနေပါသေးတယ်။​ ဒါကြောင့်မလို့ ကျွန်တော် သေဆုံးရမှာကို တွေးပြီး ယနေ့အချိန်ထိ ကြောက်နေမိပါတယ်။ ကျွန်တော် ရဲဘော်တွေနဲ့တူတူ ပြည်သူတွေဆီကို အရောက်ပြန်လာချင်ပါတယ်။ ဒါမှ ရဲဘော်တွေ ပျော်မှာဖြစ်သလို ကျွန်တော့် အိပ်မက်ကလည်း ပြည့်စုံမှာပါ။

****************************************

 

CJ           – ဒီလို လက်နက်ကိုင် ရဲဘော်တစ်ယောက်အဖြစ် လုပ်ကိုင်ဖို့အတွက် ဘယ်လိုတွေ ရင်ဆိုင်၊ ဆုံးဖြတ်ခဲ့ရပါသလဲ။

 

ရဲဘော်ဆလိုင်း – ကျွန်တော့်အနေနဲ့ ဒီအတွက်တော့ တော်တော်လေး ဆုံးဖြတ်ရခက်ခဲ့ပါတယ်။ တော်လှန်ရေး နယ်ပယ်ထဲကိုဝင်ရင် အိမ်က အမွေဖြတ်စွန့်လွှတ်မယ်ဆိုတာကို သိတယ်။ သို့သော် ငါတို့လုပ်မှရမယ် ဆိုတဲ့ အတွေးနဲ့ပဲ အရာအားလုံးကို စွန့်လွတ်ပြီး ဖြတ်သန်းခဲ့ရပါတယ်။ ခက်ခဲမှုတွေကတော့ အများကြီး ရှိတယ်။ ပြည်သူတွေကလည်း အစက မယုံကြဘူးပေါ့နော်။ မိဘက စစ်ကောင်စီလမ်းစဥ်အတိုင်းသွားနေပြီး မောင်နှမတွေကလည်း ဒီလိုဆိုတော့ သားဖြစ်သူ ဒီထဲလာတယ်ဆိုတာ ဒလန် လာလုပ်တယ်၊ ဘာညာ ဝေဖန်မှု ဒဏ်တွေကိုတော့ အတော်လေး ခံခဲ့ရတာမလို့ တော်တော်လေးကို စိတ်ပင်ပန်းသလို ခက်ခဲမှုလည်း ရှိခဲ့ပါတယ်။ ရင်ဆိုင်ခဲ့ရတာကတော့ ဝေဖန်မှုတွေပါပဲ။ ဒီဝေဖန်မှုတွေကတော့ ခဏတာပါပဲ။ လပိုင်းကြာတော့ သူတို့ကိုယ်တိုင် လက်ခံသွားကျပါတယ်။

****************************************

 

CJ           – ပြည်သူတွေရဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်ခဲ့တာပါလဲ။

 

ရဲဘော်ဆလိုင်း – ပြည်သူ့ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ခဲ့လဲဆိုတာကိုတောင် ကျွန်တော်ပြောပြဖို့ ယနေ့ထိ အဖြေရှာမရသေးပါဘူးဗျ။ ကျွန်တော့်ရဲ့ စိတ်ရင်းမှန်ခဲ့လို့ ပြည်သူတွေ ယုံကြည်ခဲ့တာလို့ ထင်ပါတယ်။

 

 

CJ           – ဒီလို အခက်အခဲတွေ၊ ဝေဖန်မှုတွေကိုရော ဘယ်လိုအရာက ပြေလည်သည်အထိ ဖြတ်ကျော်နိုင်စေခဲ့ပါလဲ။

 

ရဲဘော်ဆလိုင်း – ဒီဒဏ်တွေကို ဖြတ်ကျော်နိုင်ခဲ့လဲဆိုရင် အဓိကတွန်းအားဖြစ်စေခဲ့တာကတော့ ကျွန်တော့်ရဲ့ ကောင်မလေးကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် စိတ်ခွန်အားပေးခဲ့တယ်။ အကောင်းဆုံးဖြစ်အောင် လုပ်ခိုင်းတယ်။ လုပ်ဖို့လည်း အကြံပေးခဲ့တယ်။ ပြီးတော့ သူငယ်ချင်းတွေရဲ့ အားပေးမှုတွေကြောင့်လည်း ဒီဒဏ်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

****************************************

 

CJ – တပ်ဖွဲ့အနေနဲ့ရော ဘယ်နှစ်ပိုင်းမှာ ဖွဲ့စည်းထူထောင်ခဲ့ရလဲဆိုတာရော ပြောပေးနိုင်မလဲဗျ။ ထူထောင်စဥ်မှာ ကြုံတွေ့ခဲ့ရတဲ့အခြေအနေ၊ အခက်အခဲတွေရော ဘာတွေရှိပါမလဲ။

 

ရဲဘော်ဆလိုင်း – ကျွန်တော် အညာဒေသကိုရောက်ပြီး စက်တာဘာ ၁၈၊ ၂၀၂၂ မှာ စတင်ခဲ့ပါတယ်။ အဓိက စစ်ရေးလှုပ်ရှားတာကတော့ မုံရွာခရိုင်ထဲမှာ စစ်ရေးလှုပ်ရှားမှုဖြစ်ပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ အဲဒီထဲကမှ အမှတ်ရစေခဲ့တာကတော့ ရိက္ခာမပြည့်စုံခဲ့တာပါပဲ။ ခြစ်ကုပ်ပြီး တပ်ဖွဲ့ကို ရအောင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့အခက်အခဲကတော့ ဒီလောက်ထိ အမှတ်မရစေခဲ့ပါဘူး။ စီစဥ်ခဲ့တာကတော့ ပြည်သူရဲ့ ကူညီပေးမှုနဲ့ စခဲ့လိုက်တာပါ။ အာဏာရှင်ကို မကြိုက်တဲ့ လူငယ်လေးတွေကို စုပြီးတော့ ဖွဲ့စည်းတယ်။ အဆက်အသွယ်တွေကတော့ မဟာမိတ်တပ်ဖွဲ့တွေဆီကနေတစ်ဆင့် ခဲယမ်းဝယ်ဖို့ကအစ ချိတ်ဆက်ရခဲ့ပါတယ်။

****************************************

 

CJ           – တပ်ဖွဲ့က NUG/MOD ရဲ့  တပ်ရင်းတပ်ဖွဲ့တစ်ခုအနေနဲ့ ရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့ တစ်ခုအဖြစ် ရှိနေပါပြီလား။

 

ရဲဘော်ဆလိုင်း – NUG/MOD ရဲ့ COC အောက်မှာ မရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အောက်မှာလည်းမရှိဘဲ သီးခြားရပ်တည်နေတဲ့အဖွဲ့ပါခင်ဗျ။

****************************************

 

CJ           – တော်လှန်ရေး ရဲဘော်တစ်ယောက်အဖြစ်နဲ့ရော ဘယ်လိုခံယူမှုတွေ ကိန်းအောင်းနေပါလဲ။

 

ရဲဘော်ဆလိုင်း – ကျွန်တော့်အနေနဲ့ ရဲဘော်တစ်ယောက်အဖြစ် ခံယူမှုတွေကိန်းအောင်နေခဲ့လဲဆိုရင် ကျွန်တော်တို့ဟာ ပြည်သူကမွေးထုတ်ခဲ့တယ်။ ပြည်သူက ကျွေးခဲ့တယ်။ ပြည်သူကို ကာကွယ်ရမယ် ဆိုပြီး စိတ်က မှတ်ယူထားပါတယ်။ ရဲဘော်တစ်ယောက်ထက် ပြည်သူကို ပိုပြီးဂရုစိုက် ကာကွယ်ရမယ်ဆိုတဲ့ အတွေးပေါ့နော်။

****************************************

 

CJ           – အခုလိုဖွဲ့စည်းပြီးတဲ့အခါမှ ဖခင်ဖြစ်သူကိုယ်တိုင်က ပြန်ခေါ်တာမျိုးနဲ့ ၀ရမ်း ထုတ်ခဲ့တာပါလား။

 

ရဲဘော်ဆလိုင်း – ဟုတ်ပါတယ်ခင်ဗျ။ အဲဒီလိုပြောလို့ရပါတယ်။ အဲဒီသတင်းကိုတော့ အဖေရဲ့ ပတ်ဝန်းကျင်ကနေတစ်ဆင့် ကျွန်တော့်ကို အကြောင်းကြားခဲ့တာပါ။ အဖေရဲ့ညီ ကျွန်တော့်ဦးလေး တော်စပ်သူကနေတစ်ဆင့် ကြားသိခဲ့ရတာပါ။ ဦးလေးကနေတဆင့် လုပ်ခဲ့သမျှတွေစွန့်လွှတ်ပြီး သူတို့ရဲ့ရေတပ်ထဲကို၀င်ဖို့ ကမ်းလှမ်းတာမျိုးရှိခဲ့တယ်။ ဒါကိုလက်မခံလို့ ဖမ်းမိရင် သိန်းတစ်ရာ ဆုချမယ်လို့ အဖေကိုယ်တိုင် စာထုတ်၀ရမ်းထုတ်ခဲ့ပါတယ်။

 

CJ           – ဒါနဲ့ပတ်သက်ပြီး ဘယ်လိုသက်ရောက်မှုတွေဖြစ်ခဲ့ပါလဲ။ ဘယ်လိုမျိုးစိတ်အတွေးတွေ ဖြစ်စေခဲ့ရလဲဗျ။ ပြန်လာစေဖို့ရော ဖိအားတွေရှိနေခဲ့ပါလား။

ရဲဘော်ဆလိုင်း – ပိုပြီးတော့ အားဖြစ်စေခဲ့ပါတယ်။ သူတို့တောင် ဒီလိုလုပ်ရင် ကျွန်တော်ကလည်း ဘာမှ ဖက်တွယ်စရာမလိုဘူးဆိုပြီး အားအင်ပြန်ရခဲ့တာပေါ့နော်။ လက်ရှိအချိန်ထိတော့ တာဝန်ထမ်းဆောင်နေကျတုန်းပါပဲ။ အဖေကတော့ ပြီးခဲ့တဲ့ ၆ လပိုင်း ၁၉ ရက်နေ့က ဆုံးသွားပါပြီ။ ကျွန်တော့်ကို ပြန်လာဖို့တော့ ဖိအားမပေးကြတော့ပါဘူး။ အဆက်အသွယ် မလုပ်တာကြောင့်လည်းပါပါတယ်။ ကျန်တဲ့ အစ်ကိုအစ်မတွေတော့ အဆက်အသွယ် လုံးဝမရတော့ပါဘူး။

****************************************

 

CJ           – ရဲဘော်ရဲဘော်ဆလိုင်းအနေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာ၀န်ခံအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုတွေ ကြိုးစားရုန်းကန်နေရပါလဲ။ ဘယ်လိုအခက်အခဲတွေရှိနေမလဲ။

 

ရဲဘော်ဆလိုင်း – ကြိုးစားရုန်းကန်ရတာကိုတော့ ပင်ပန်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ကူညီမယ့် လက်တွေ လိုအပ်ပါတယ်။ အခက်အခဲတွေကတော့ လက်နက်ခဲယမ်း မပြည့်စုံတာလေးပါပဲ။

****************************************

 

CJ           – မပြည့်စုံမှုတွေကြောင့်ရော တိုက်ပွဲတွင်း ရဲဘော်တွေ ထိခိုက်မှုတွေ ရှိခဲ့လား။ ဘယ်လောက်လောက်ရှိခဲ့ပါသလဲ။

 

ရဲဘော်ဆလိုင်း – တိုက်ပွဲတွင်း ဒဏ်ရာရတာကတော့ နည်းပါတယ်။ အသက်သေဆုံးမှုတွေတော့ မရှိခဲ့ပါဘူး။ လက်နက်ကြီးကြောင့် ဒဏ်ရာရတာတွေဘာတွေတော့ ရှိခဲ့သလို ပစ္စည်းသယ်ရင်း လမ်းမှာ အဖမ်းခံရတဲ့ ရဲဘော် သုံးဦးတော့ ရှိပါတယ်။ ဒဏ်ရာရ ရဲဘော်တွေကတော့ အဆင်ပြေပါတယ်။ ဒဏ်ရာရတဲ့အထဲကမှ ကျွန်တော်ကတော့ မျက်လုံးတစ်ဖက်အလင်းကွယ်ခဲ့ရတယ်ပေါ့နော်။ ဖမ်းခံရတဲ့ ရဲဘော် သုံးဦးကတော့ ထောင်ဒဏ်ကျခံနေရပါတယ်။ အခက်အခဲတွေများတယ်။ မစ်ရှင်တစ်ခုလုပ်ရင် နောက်မစ်ရှင် ဆက်လုပ်ဖို့ ရှာရဖွေရတာတွေ ခက်ခဲမှုရှိတယ်။ ပြီးတော့ ပြန်ဆုတ်ရတာမျိုးတွေရှိတယ်။

****************************************

 

CJ           – စစ်ရေးဖော်ဆောင်ရာမှာ မဟာမိတ်တွေနဲ့အတူ ဖော်ဆောင်တာလား။ အဲဒီမှာ လက်နက်ခဲယမ်းအစပေါ့လေ။ ဘယ်လိုတွေ မျှဝေသုံးစွဲကြရပါလဲ။

 

ရဲဘော်ဆလိုင်း – စစ်ရေးဖော်ဆောင်တဲ့နေရာမှာကတော့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတာပါ။ ခဲယမ်းကတော့ ကိုယ့်အဖွဲ့ ကိုယ်ဖြည့်ကျရတာပါ။ အခုနောက်ပိုင်းတော့ မျှဝေသုံးစွဲကြပါပြီ။ ရှိတဲ့ အဖွဲ့က မရှိတဲ့ အဖွဲ့ကို မျှပေးပါတယ်။

****************************************

 

CJ           – တပ်ဖွဲ့ရဲ့ လိုအပ်ချက်အတွက် ဘယ်လိုရင်ဆိုင်ဖြေရှင်းနေကြရပါလဲ။

 

ရဲဘော်ဆလိုင်း – LPDF အနေနဲ့ သွားနေတဲ့အချိန်မှာ ခက်ခဲမှုတွေကတော့ ရှိတာမှန်ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ပြည်သူလူထုဆီ ချပြတယ်။ ပြည်သူလူထုက တစ်သိန်းကူညီပေးရင် အဲဒီတစ်သိန်းနဲ့ ရအောင်ဖန်တီးတယ်။ ဥပမာ ပြောရရင် လက်နက်ကြီးကို ပိုထုတ်ဖြစ်ပါတယ်။ ရတဲ့ ငွေစတချို့နဲ့ လိုအပ်တာတွေကို အတတ်နိုင်ဆုံး ပြည်စုံအောင် ဖြည့်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တယ်။ ပြီးရင် စကစကို နည်းမျိုးစုံနဲ့ တော်လှန်ပါတယ်။ ဘယ်လိုရင်ဆိုင်လဲဆိုတာကို ဖြေရရင် ပြည်သူလူထုရဲ့ ကူညီပေးမှုနဲ့ပဲ ရင်ဆိုင်ဖြေရှင်းရပါတယ်။ လူငယ်တွေကြီးများတာဆိုတော့ အခက်အခဲတွေကတော့ ဖြေရှင်းရခက်တာပေါ့နော်။

****************************************

 

CJ           – လက်နက်ခဲယမ်းလိုအပ်ချက်တွေအပြင် အဖွဲ့ရဲ့ လိုအပ်ချက်တွေ ဘာတွေရှိနေသေးသလဲ။ ရဲဘော်ဆလိုင်း – လောလောဆယ်တော့ စစ်အသုံးအဆောင်ပစ္စည်းတွေလိုတယ်။ ရိက္ခာပိုင်းဆိုင်ရာ ဆန်၊ ဆီ လိုအပ်တယ်။

 

CJ           – ဒီလို လိုအပ်ချက်တွေအတွက် ဘယ်လိုဆောင်ရွက်ချက်တွေ ထပ်မံလုပ်ဆောင်နေတာ ရှိပါမလဲ။

ရဲဘော်ဆလိုင်း – လောလောဆယ်တော့ ကျွန်တော် အလှူရှင်တွေကို မျှော်လင့်နေပါတယ်။ လက်ရှိတော့ ရင်းနှီးတဲ့ အစ်မတွေ၊ အစ်ကိုတွေကို နားပူတိုက်ရတာပေါ့နော်။

****************************************

 

 

CJ           – LPDF အနေနဲ့ ဆက်လက်ရှိနေမှာလား။ NUG/MOD ရဲ့ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့အနေနဲ့ သွားဖို့ရော အစီအစဥ်ရှိပါသလား။

 

ရဲဘော်ဆလိုင်း – ဒီအတွက်ကတော့ လောလောဆယ် LPDF အနေနဲ့ပဲ ဆက်ရှိနေပါဦးမယ်။ NUG/MOD အောက်ကို ဝင်ဖို့အတွက် ကျွန်တော်တို့ များစွာလိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ပြင်ဆင်ရပါဦးမယ်။

****************************************

 

CJ           – NUG ဆိုင်ရာအထောက်အပံ့ရော ရရှိတာမျိုးရှိပါလား။

 

ရဲဘော်ဆလိုင်း – NUG ဆီကနေတော့ အကူအညီ ဒီနေ့ထိ မရရှိသလို တောင်းလည်း မတောင်းမိပါဘူး။ သူ့မှာလည်း ခက်ခဲနေတာတွေရှိတော့ ကိုယ်ချင်းစာသလို ကိုယ်တိုင်ရုန်းကန်မှ ဖြစ်မှာမလို့ အကူအညီပေးဖို့တော့ မတောင်းဆိုခဲ့ဖူးပါဘူး။

****************************************

 

CJ           – တပ်ဖွဲ့အနေနဲ့ရော ဘာတွေ ဆက်လက်လုပ်ဆောင်ဖို့ရှိပါမလဲ။

 

ရဲဘော်ဆလိုင်း – တပ်ဖွဲ့အနေနဲ့ ခရီးဆက်ရမယ်ပေါ့နော်။ ဆက်လုပ်ဆောင်ဖို့ကတော့ မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်အာဏာရှင်ကို ရသလောက် တတ်စွမ်းနိုင်သလောက် ကြိုးစားသွားမယ်။ ပြည်သူလူထုလိုချင်နေတဲ့ စစ်မှန်သောအရာကို ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ ကြိုးစားသွားပါမယ်။

****************************************

 

CJ           – တော်လှန်ရေးရပ်တည်ချက်နဲ့ ဆက်ဆောင်ရွက်မယ့်အရာတွေအတွက် ဖြည့်စွက်ပြောကြားပေးပါဦး။

 

ရဲဘော်ဆလိုင်း – တော်လှန်ရေးအပေါ် သစ္စာမဖောက်ဘဲ ရှိနေပါမယ်။ ကျွန်တော့်အနေကရော၊ တပ်ဖွဲ့ အနေကလည်း အဆုံးထိ လိုက်ပါပြီး စွမ်းသမျှ ကြိူးစားသွားမှာပါ။

****************************************

 

CJ           – ပြည်သူတွေကို ပြောချင်တဲ့စကားများရှိရင် ဖြည့်စွက်​ပြောပေးစေလိုပါတယ်။

ရဲဘော်ဆလိုင်း        – ပြည်သူတွေအနေနဲ့ စစ်ရေးသတင်းကို နားစွင့်ဖို့နဲ့ လုံခြုံဖို့ရာအတွက် ပြင်ဆင်ထားကြဖို့ ပြောချင်ပါတယ်။