“ဒီတစ်ပတ်ငါတို့နိုင်ငံဘာထူးလဲ”(ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Aug 04, 2024

ဒီတစ်ပတ်(ဇူလိုင် ၂၈ မှ ဩဂုတ် ၃ ရက်အထိ)တစ်ပတ်အတွင်း သတင်း အဆိုးအကောင်းတွေ ရောပြွန်းနေတဲ့ ရက်သတ္တပတ်လို့ပဲဆိုရပါမယ်။ စစ်ရေးဘက်မှာ စစ်ဌာနချုပ်သိမ်း၊ မြို့သိမ်း၊ စခန်းသိမ်း အောင်ပွဲတွေနဲ့ သတင်းကောင်းခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးသတင်းတွေဘက်မှာတော့ ရွှေဈေး သိန်း ၇၀၊ ကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်ရောက်ခဲ့သလို နိုင်ငံတဝန်း စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြန်ပါတယ်။ ဒါကြောင့် အရိပ်မည်းကြီးဖြစ်တဲ့ ကုန်ဈေးနှုန်းဟာလည်း မြန်မာလူထုကို ဝါးမြိုလို့နေပါတယ်။ ဒါ့အပြင် မှော်ဘီမှာ စစ်ရဟတ်ယာဉ်ပြတ်ကျလို့ ဗိုလ်ချုပ်တစ်ယောက်သေဆုံး ခဲ့ရတဲ့သတင်းကိုလည်း လူထုစိတ်ဝင်စားခဲ့ကြပါတယ်။ အစရှိတဲ့ပြည်တွင်းထိပ်တန်းရောက် သတင်းတွေကို CJ Platform က အနှစ်ချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

“ငါးဆယ့်မသုံးနိုင်တော့တဲ့ အစဉ်အလာများနဲ့ ရမခ”

 

လာရှိုးမြို့ကိုသိမ်းလိုက်ပြီလို့ ဇူလိုင် ၂၅ မှာ ကိုးကန့်တပ် MNDAA က ကြေညာခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းတစ်ယောက် ဒေါသတကြီးနဲ့ မဟုတ်ကြောင်း ဇူလိုင် ၂၆ ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီမှာရှိတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဟာ အစဉ်အလာအလွန်ကြီးမားတဲ့ စစ်တိုင်းကြီးဖြစ်တယ်လို့ ၎င်းက ပြောသွားပါတယ်။

ပြည်ပကူမင်တန်ကျူးကျော်စစ်နဲ့ ဗကပကျူးကျော်စစ်တွေကို ရိုက်ချိုးခဲ့တဲ့အပြင် စစ်ဘုရင်နဲ့ ဘိန်းဘုရင်တွေရဲ့ ဖိနှိပ်မှုအောက်က လွတ်မြောက်အောင်စွမ်းဆောင်ပေးခဲ့တဲ့ စစ်တိုင်းကြီးဖြစ်တယ်လို့လည်း ဆိုခဲ့ပြန်ပါတယ်။

အခုတော့ အဲဒီစစ်တိုင်းကြီးဟာ MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေထံ ဩဂုတ် ၃ ရက် စနေနေ့မှာပဲ လက်လွှတ်ခဲ့ရပါပြီ။

MNDAA ကလည်း စနေနေ့ နေ့လယ်ပိုင်းမှာ ရမခကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

လားရှိုးမြို့ကို ကိုးကန့်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၃ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့တာပါ။ ဒါကြောင့် တစ်လစွန်းစွန်းလေးမှာတင် တိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့အထိ စွမ်းဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားတာကတော့ ရမခဟာ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာမလို့ ပြီးခဲ့တဲ့ ၂၇ ရက်က ၅၂ နှစ်ပြည့်ခဲ့ပါတယ်။

ဒါပေမဲ့ စစ်ရိပ်တွေကြောင့် ခမ်းခမ်းနားနားကျင်းပဖို့စီစဉ်ထားတဲ့နှစ်ပတ်လည်အခမ်းအနား မကျင်းပနိုင်ခဲ့ပါဘူး။ သိမ်းပိုက်ခံလိုက်ရပြီဖြစ်တာကြောင့် နောက်ထပ် ၅၃ နှစ်ပြည့်ဆိုတာလည်း ရှိလာတော့မှာမဟုတ်ပါဘူး။

ရမခရဲ့အလံကို အစွဲပြုပြီး စစ်တပ်အသိုင်းအဝိုင်းက နေဝန်းနီလို့ သမုတ်ကြပေမဲ့ ပြည်သူလူထုကတော့ ကြက်ဥကြော်လို့သာ သရော်ကြပါတယ်။

စစ်တပ်ရဲ့ နေဝန်းနီဟာ ထာဝရ ဝင်သွားခဲ့ရပြီဖြစ်သလို ကြက်ဥကြော်ကိုလည်း MNDAA နဲ့ ပူးပေါင်းတပ်တွေက စားသုံးလိုက်ကြပြီဖြစ်ပါတယ်။

****************************************

“ယာယီသမ္မတကြီးရဲ့ ခြောက်လသစ်”

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတရာထူးရယူအပြီး ပထမဆုံး ကာ/လုံအစည်းအဝေးကို ဇူလိုင် ၃၁ ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့ပါတယ်။

အဲဒီမှာ စားပွဲထိပ်ဆုံးမှာထိုင်နေတဲ့ သူ့ရှေ့မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ယာယီသမ္မတဆိုတဲ့ နာမည်ပြားတွေ ချထားတာတွေ့ရပါတယ်။

ထုံးစံအတိုင်း အဲဒီအစည်းအဝေးမှာ သက်တမ်းခြောက်လထပ်မံရယူခဲ့ပါတယ်။

ဒီမှာထူးခြားတာကတော့ အရင် စားပွဲညာဘက်ထောင့်က ကာချုပ်အနေနဲ့ မဟုတ်တော့ဘဲ လာမယ့်ခြောက်လကို သူလုပ်ချင်တဲ့ ယာယီသမ္မတအနေနဲ့ပါ လုပ်ရတော့မှာပါ။

အာဏာထပ်ယူရခြင်း အဓိကအချက်နှစ်ချက်အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့နဲ့ တိုက်ပွဲတွေကြောင့်လို့ အကြောင်းပြပါတယ်။

အဲဒီလို အရေးပေါ်ကာလ သက်တမ်း ခြောက်ကြိမ်မြောက်ထပ်တိုးတဲ့နေ့မှာပဲ ရှမ်းမြောက်က မိုးမိတ်မြို့ကို တအာင်းတပ် TNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ သိမ်းပိုက်ခြင်းခံလိုက်ရပြန်ပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ကတော့ လေမလျှော့သေးဘဲ ဆုံးရှုံးနယ်မြေတွေကို ပြန်လည်ရယူမယ်လို့ ကာ/လုံ အစည်းအဝေးမှာ ကြုံးဝါးသွားပါတယ်။

အဲဒီအစည်းအဝေးဟာ သူလုပ်ချင်ရာတွေကို သူ့ဘာသူ ဖတ်ကြားပြီး သူ့ကိုယ်သူ အဆိုပြန်တင်သွင်းတဲ့ပုံစံပဲ ပေါက်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ တက်ရောက်လာသူတွေအားလုံး ဝိုင်းဝန်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

အဲဒီမှာ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေက မကောင်းသေးဘဲ ကိုယ့်ဘာကိုယ်တောင်မရပ်နိုင်သေးဘူးလို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားသွားပါတယ်။

****************************************

“အမှတ်စဉ် ၇၃ မိုးမိတ် အောင်ပွဲ”

 

ရှမ်းမြောက်မှာ တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးပြန်လည်စတင်လာပြီးနောက် တစ်လမပြည့်သေးခင်မှာပဲ သုံးပတ်ဆက် မြို့တွေ သိမ်းခဲ့ကြပါတယ်။

TNLA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ဇူလိုင် ၁၀ ရက် ဒုတိယပတ်ထဲ မိုးကုတ်မြို့၊ ဇူလိုင် ၂၅ ရက် တတိယပတ်ထဲ MNDAA နဲ့ PDF တွေရဲ့ ရမခရှိရာ လားရှိုးမြို့နဲ့ ယခု ဇူလိုင် ၃၁ ရက် နောက်ဆုံးပတ်ထဲ မိုးမိတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြာတာပါ။

မိုးမိတ်မြို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ တော်လှန်ရေးအင်အားစုတွေဘက်က ၇၃ မြို့မြောက်သိမ်းနိုင်တဲ့မြို့ဖြစ်ပါတယ်။

မိုးမိတ်မြို့မှာ စစ်ကောင်စီရဲ့ စကခ-၂၁ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ-၂၂၃၊ ၂၇၆ နဲ့ ခမရ-၃၄၈ တို့ စခန်းချထားပါတယ်။

ခမရ ၃၄၈ ဗျူဟာကုန်း၊ ခလရ-၂၂၃၊ ခလရ-၂၆၇ ၊ ခမရ-၃၄၈၊ ကင်းချောင်း၊ ရွှေသာယာ၊ လက်ခုပ်ပင်၊ လက်ခုပ်သံ၊ လယ်ကြီး၊ သရက်တော၊ မိုင်တိုင်(၆)တပ်စခန်းတို့အပါအဝင် ပလက်တီနမ်၊ ဗိမ္မာန်ကျောင်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးများအားလုံးကို ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းအထိ တစ်လကျော်အတွင်း အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြို့သိမ်းစစ်ဆင်ရေးထဲ ဟောင်ဝစ်ဇာလက်နက်ကြီး၊ လေယာဉ်ပစ်လက်နက်၊ RPG ၊ စိန်ပြောင်းနောက်ပွင့်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ ပွိုင့်ဖိုက်တွေအပါအဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်နဲ့ စစ်အသုံးအဆောင်အမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က Jet Fighter ၂၉ ကြိမ်၊ Y12 လေယာဥ် ၃၈ ကြိမ်၊ Y12 နဲ့ လက်နက်ခဲယမ်းများ ကြဲချမှု ၁၄ ကြိမ်၊ လက်နက်ကြီးနဲ့ ၂၂၁ ကြိမ်၊ ပေါင် ၅၀၀ ဗုံး တစ်လုံးနဲ့ ရှော့တိုက်ဒုံး ၁၈ လုံး အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့် ဒေသခံ သုံးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတဲ့အပြင် စာသင်ကျောင်း နှစ်ကျောင်းနဲ့ နေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဩဂုတ် ၁ ရက်နေ့မှာတော့ အောင်ပွဲရ တအာင်းတပ်၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တို့က ရဲဘော်တွေကို မိုးမိတ်ဒေသခံတွေက ပန်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

****************************************

“သုံးကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှု”

 

စစ်သားတွေရဲ့အလုပ် ကာကွယ်ရေးမလုပ်ဘဲ နိုင်ငံရေး၊ စီးပွားရေးဘက် ဘယ်ပြည်သူမှတာဝန်မပေးဘဲ နေရာဝင်ယူလိုက်ခြင်းရဲ့အကျိုးဆက်ကို မြန်မာပြည်သူအားလုံး ခါးစည်းခံနေကြရပါတယ်။

အဲဒီထဲ ကုန်သွယ်ရေး၊ သွားလာရေးတို့အတွက် အလိုဆုံးဖြစ်တဲ့ စက်သုံးဆီပြတ်လပ်မှုတွေလည်း တစ်နှစ်တစ်ခေါက်ကြုံတွေ့နေရပါတယ်။

၂၀၂၂ ခုနှစ် မေကနေ ဇွန်အထိ၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာကနေ ဒီနှစ် ဇန်နဝါရီလအထိ နိုင်ငံတဝန်းစက်သုံးဆီပြတ်လပ်ခဲ့ရပါတယ်။

ဒါကြောင့် မော်တော်ယာဉ်အသုံးပြုသူ လူထုဟာ နာရီပေါင်းများစွာ စက်သုံးဆီဆိုင်တွေနဲ့ အနီးတဝိုက်မှာ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ရပါတယ်။

အခု တတိယကြိမ်မြောက်အဖြစ် ဇူလိုင်လနှောင်းပိုင်းကစပြီး စက်သုံးဆီပြတ်လပ်မှုကို ပြန်လည်ရင်ဆိုင်နေကြရပြန်ပါတယ်။

ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းက စက်သုံးဆီဆိုင်တွေရှေ့ မျက်စိမဆုံးနိုင်တဲ့ မော်တော်ယာဉ်တန်းကြီးတွေ ဩဂုတ် ၃ ရက် စနေနေ့အထိ ဖြစ်ပေါ်နေပါတယ်။

လက်ရှိစက်သုံးဆီပြတ်လပ်နေမှုမှာ မော်တော်ယာဉ်အများစုအသုံးပြုတဲ့ အောက်တိန်း 92 နဲ့ 95 တို့ဖြစ်ပါတယ်။

စက်သုံးဆီဈေးတွေဟာ ကနဦးရက်ပိုင်းတွေမှာ မတက်ခဲ့ပေမဲ့ ဩဂုတ် ၂ ရက် သောကြာနေ့မှာတော့ စတင်မြင့်တက်လာပါတယ်။

စနေနေ့မှာတော့ အောက်တိန်း 92 တစ်လီတာ ၂၇၇၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၈၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၅၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ် တစ်လီတာ ၂၉၂၀ ကျပ်ဈေးရှိပါတယ်။

ဒါပေမဲ့ ရန်ကုန် ပြင်ပဈေးကွက်ထဲမှာတော့ အောက်တိန်း 92 တစ်လီတာ ကျပ် ၄၀၀၀ အထိမြင့်တက်နေသလို မန္တလေးမှာလည်း အောက်တိန်း 92 တစ်လီတာ ၈၀၀၀ ကျပ်အထိ ပေးဝယ်ယူနေရတယ်လို့ ဘေးတွဲနဲ့ အိုးဝေမောင်းသူတွေဆီကနေ သိရပါတယ်။

အဲဒီလိုတွေပြည်သူတွေ ကြုံတွေ့နေရပေမဲ့ စစ်ကောင်စီဘက်ကတော့ သီလဝါဆိပ်ကမ်းမှာ ရေကြီးနေလို့ ဖြန့်ဖြူးမှုကြန့်ကြာနေခြင်းသာ ဖြစ်တယ်လို့ ဩဂုတ် ၁ ရက်မှာ ထုတ်ပြောပါတယ်။

ဩဂုတ်ဒုတိယပတ်အတွင်းထိ ဖြန့်နိုင်တဲ့ ဆီလက်ကျန် သူတို့မှာရှိတယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဩဂုတ် ၃ ရက် စနေနေ့အထိ အရောင်းမပိတ်ထားတဲ့ စက်သုံးဆီဆိုင်တွေအနီး ယာဉ်တန်းရှည်ကြီးတွေ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ဒေါ်လာ ပြတ်လပ်နေတာကြောင့်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီသင်္ဘောတွေရောက်နေပေမဲ့ စစ်ကောင်စီဘက်က ကန်ဒေါ်လာ ထုတ်ရောင်းမပေးနိုင်လို့ အခုလိုဖြစ်ပေါ်နေရတာလို့ ဆိုကြပါတယ်။

ပထမနှစ်ကြိမ်ထက် ဒီတစ်ကြိမ်က အဆိုးရွားဆုံးပဲလို့ ပြောဆိုနေကြပါတယ်။

****************************************

“မြန်မာပြည်က ရွှေနဲ့ နိုင်ငံခြားငွေ နတ်သားတွေများ ဝင်စားသလား”

 

အမြင့်ဆုံး မိုးကောင်းကင်ပေါ် နတ်ပြည်မှာ နတ်သားတွေနေကြတယ်လို့မြန်မာတွေ သတ်မှတ်ထားကြပါတယ်။ အဲဒီက နတ်သားတွေဟာ မြန်မာပြည်က ရွှေနဲ့ နိုင်ငံခြားငွေတို့မှာ ဝင်စားနေသလားပြောရမလိုပါပဲ။ အမြင့်မှာပဲ အမြဲနေပြီး အထက်ကိုပဲ ထပ်ထပ်တက်နေလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ ငြိမ်သက်နေရာမှ ဒီတစ်ပတ် သောကြာနေ့ ဩဂုတ် ၂ ရက်နေ့မှာ ကျပ်သိန်း ၇၀ အထိ မြင့်တက်သွားပါတယ်။

အခုဈေးဟာ ရွှေဈေးသမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြစ်ပါတယ်။

ဒါ့အပြင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သားကို ကျပ်ဆယ်သိန်းခန့်အထိမြင့်တက်ခဲ့တာဖြစ်လို့ ဒါဟာလည်း စံချိန်တင်မြင့်တက်မှုပဲဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ စစ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်အတွင်းက တစ်ကျပ်သား ကျပ် ၁၃ သိန်းခန့်သာရှိခဲ့တာပါ။

အခုတော့ အာဏာသိမ်း သုံးနှစ်ခွဲကာလအတွင်း ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ် ၅၇ သိန်းအထိမြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ဖက်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာလည်း ဒီတစ်ပတ်အတွင်း အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်ကျော်အထိစံချိန်တင်မြင့်တက်လာပြန်ပါတယ်။

အလားတူ စင်ကာပူတစ်ဒေါ်လာ ၃၉၀၀ ကျပ်ကျော်၊ ထိုင်းတစ်ဘတ် ၁၄၉ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၃၅ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၁၇၀ ကျပ်နဲ့ တရုတ်တစ်ယွမ် ၇၄၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။

အဲဒီလို ကျပ်ဈေးကျပြီး နိုင်ငံခြားငွေနဲ့ ရွှေဈေးတွေ စံချိန်ထပ်တင်နေချိန်မှာပဲ ကြာသာပတေးနေ့ ဩဂုတ် ၁ ရက်က စစ်ကောင်စီဗဟိုဘဏ်က ငွေကြေးကစားသူတွေဆိုပြီး လူပုဂ္ဂိုလ် ၉၃ ဦးကို စိစစ်အရေးယူနေတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

စစ်ကောင်စီက တစ်သောင်းတန်အသစ်တွေနဲ့ နှစ်သောင်းတန်သစ်တွေ ရိုက်ထုတ်နေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် အခုလို ရွှေနဲ့ နိုင်ငံခြားငွေဈေးတွေ အဆမတန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

****************************************

“လူထုမေတ္တာ ဆူးကြသူ လေတပ်သားများ”

 

မြေပြင်မှာ တိုက်တိုင်းရှုံးနေတဲ့ နိုင်ငံတဝန်းက စစ်ကောင်စီတပ်တွေဟာ တစ်စိတ်ရှိ လေကြောင်းပစ်ကူတောင်းလေ့ရှိကြပါတယ်။

လေတပ်သားတွေကလည်း စစ်ဘက်အရပ်ဘက် မခွဲခြားဘဲ လူသတ်လက်နက်ကြီးတွေ ကြဲချခဲ့ကြပါတယ်။

ဒါကြောင့် ပဇီကြီး၊ အကြည်ပန်းပလွန်းရွာကဖြစ်ရပ်တွေလို လူအစုလိုက်အပြုံလိုက်သေဆုံးရမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

အခုတော့ လေတပ်သားတွေ အဲဒီလိုဘဝပျက်သွားရတဲ့ပြည်သူတွေရဲ့ မိသားစုဝင်တွေအပါအဝင် လူထုမေတ္တာဆူးကြရပြီဖြစ်ပါတယ်။

ကိုယ့်ပြည်သူ ကိုယ်သတ်နေကြတဲ့ စစ်ကောင်စီရဲ့ လေတပ်အဖွဲ့ဝင်တွေဟာ ဘယ်သူ့ပယောဂကြောင့်မျှမဟုတ်ဘဲ ကြမ္မာငင်နေကြပါပြီ။

ဩဂုတ် ၂ ရက် သောကြာနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ မှော်ဘီလေတပ်စခန်းဌာနချုပ်ကနေ ပျံတက်လာတဲ့ Eurocopter အမျိုးအစား ရဟတ်ယာဉ် စပျံပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ပျက်ကျခဲ့ပါတယ်။

အဲဒီမှာ တောင်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ်နဲ့ တွဲဘက်လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ်ပေါ် မှာပါတဲ့ အမျိုးသမီးလေယာဉ်မှူးတစ်ဦးနဲ့ စက်မှုတပ်ကြပ်ကြီးတို့လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။