စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ပွဲစားဆန်ဆန် လုပ်ဆောင်မှု အလိုမရှိ

Author လဂွန်းအိမ်
Categories
Published on Aug 03, 2024

နွေဦးတော်လှန်ရေး အောင်ပွဲနီးကပ်လာချိန်တွင် စေ့စပ်ညှိနှိုင်းရေး အကြောင်းပြကာ တော်လှန်ရေး အရှိန်လျော့ကျသွားစေမည့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ပွဲစားဆန်ဆန် လုပ်ဆောင်လာမှုများကို အလိုမရှိကြောင်း ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲကော်မတီက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCBက ဒီကနေ့ ဩဂုတ် ၃ရက်နေ့မှာ ဖော်ပြလာပါတယ်။

 

ပုသိမ်-မုံရွာလမ်း မြောက်ယမားတံတားပေါ်မှာ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ”ဆိုတဲ့ ကြွေးကြော်သံပါ စာသားကို ကိုင်ဆောင်ခဲ့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

“ကျနော်တို့ရဲ့ ပြည်သူ့တော်လှန်ရေးကြီး ဘယ်သူတဦးတယောက်သာမက ဘယ်အဖွဲ့အစည်း၊ဘယ်နိုင်ငံက ဟန့်တားပိတ်ဆို့ ဆောင်ရွက်လာမှုကိုမှပြည်သူလူထု တရပ်လုံးအနေနဲ့ ငြိမ်ခံနေမှာ မဟုတ်ပါဘူး ။ တော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း အောင်ပွဲနဲ့အတူ အထွေထွေ အကြပ်အတည်းနဲ့ပိုမို ရင်ဆိုင်လာနေကြရပြီ ဖြစ်ပါတယ်။ ထိုအကြပ်အတည်းများသည်လည်း စစ်အာဏာရှင်တို့ရဲ့ ဆိုးညစ်ယုတ်မာမှုတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးညစ်ယုတ်မာမှုတွေ အဆုံးသတ်ရေးဟာ တော်လှန်ရေးမှတပါး အခြားမရှိ ဖြစ်ပါတယ်”လို့ GSCB က ဖော်ပြထားပါတယ်။

 

အောင်ပွဲတွေနဲ့အတူတူ တော်လှန်ရေးအရှိန် အားကောင်းနေချိန်မှာ အဖွဲ့အစည်းအချို့ ၊ လူပုဂ္ဂိုလ်အချို့၊ နိုင်ငံတကာအစိုးရတွေအနေနဲ့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း အကြောင်းပြုပြီး တော်လှန်ရေး အရှိန်ကို ယုတ်လျော့စေအောင် လုပ်ဆောင်နေတယ်လို့လည်း GSCB က ထည့်သွင်း ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – GSCB Facebook