ရွှေဘိုမှာ ရဲမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Aug 02, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စစ်ကောင်စီရဲ့လုပ်ငန်းစဥ်တွေမှာ တက်ကြွစွာပါ၀င်ဆောင်ရွက်ပေးနေတဲ့ ရဲမှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရပါတယ်။

 

ယမန်နေ့ ဩဂုတ် ၁ ရက်၊ နံနက် ၈ နာရီခန့်က ရဲမှူး အောင်ဇော်မျိုးဟာ စခန်းကနေ ပြန်လာချိန် ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 

“စခန်းကနေ သူ့အိမ်ကိုပြန်တဲ့ချိန် စောင့်ပစ်ပြီး ဘေးကင်းရာကို ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ မြို့တွင်းမှာတော့ စကစတွေ ခြေရှုပ်နေတာ” လို့ နယ်စည်းမခြား ရွှေဘိုသားများအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ရဲမှူး အောင်ဇော်မျိုးဟာ ရွှေဘိုင်ခရိုင်အတွင်းရှိ တော်လှန်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီးရေးအပါအဝင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် မြို့ပေါ် ရှိ လူငယ်များကို စစ်သားအဖြစ် စုဆောင်းပေးခြင်း၊ လာဘ်စားခြင်း၊ တရားမဝင်လုပ်ငန်းများထံမှ ငွေကြေးတောင်းခံခြင်းတို့မှာ နာမည်ကျော်ကြားသူတစ်ဦးဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

သေဆုံးသူ ရဲမှူးထံမှ M16 သေနတ် တစ်လက်နဲ့ သူစီးနင်းလာတဲ့ကားတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီစစ်ဆင်ရေးကို ရွှေဘို PDF အဖွဲ့တွေဖြစ်တဲ့ နယ်စည်းမခြားရွှေဘိုသားများအဖွဲ့နဲ့အတူ နဂါးညီနောင်၊ မိုင်းဘီလူးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်တချို့မှာတော့ အောင်ဇော်မျိုးဟာ ရွှေဘိုမြို့နယ် သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ရင်ဘတ်နဲ့ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့တယ်လို့ ရေးသားနေကြပါတယ်။

 

ဓာတ်ပုံ – နယ်စည်းမခြား ရွှေဘိုသားများအဖွဲ့