ကန်ပက်လက်ပအဖထံ နှစ်လအတွင်း Non-CDM ဝန်ထမ်း ၉၀ နီးပါး CDM လုပ်

Author ဆလိုင်း
Categories
Published on Aug 01, 2024

ချင်းပြည်၊ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ရက် ၆၀ အတွင်း စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်း ၈၈ ဦး CDM လုပ်လာတယ်လို့ ယမန်နေ့ ဇူလိုင်လ ၃၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

 

ယခုနှစ် မေလ ၉ ရက်နေ့က အဲဒီပအဖက ကန်ပက်လက်မြို့နယ်ရှိ Non CDM တွေကို အမြန်ဆုံး ပြည်သူနဲ့ပူးပေါင်းကြဖို့ ထုတ်ပြန်ပြီးနောက် အလင်းဝင်လာကြတာဖြစ်ပါတယ်။

 

Non-CDM ဝန်းထမ်းတွေထဲ ကျန်းမာရေး၊ ပညာရေးဌာနတွေက အများဆုံးဖြစ်ပြီး ထွေအုပ်၊ ဗဟိုဘဏ်နဲ့ တခြားဌာနတွေကလည်း ပါဝင်တယ်လို့ ကန်ပက်လက်ပအဖ အဖွဲ့ဝင်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ကျွန်တော်တို့က Non-CDM သမားတွေကို ပြည်သူတွေနဲ့ရပ်တည်ပေးဖို့ အကြိမ်ကြိမ် အသိပေးထားပါတယ်။ နောက်ဆုံး သတိပေးချက်ထဲမှာ Non-CDM ၈၀ ကျော်လောက်က ပြည်သူနဲ့ လာပူးပေါင်းကြတယ်။ ပညာရေးနဲ့ ကျန်းမာရေးက ၅၀ ကျော်ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကန်ပက်လက်မှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ခြင်းမရှိသေးတဲ့ စစ်ကောင်စီ Non-CDM ဝန်ထမ်း ၂၀၀၀ မှ ၃၀၀၀ ဦးအထိရှိနိုင်ပြီး အချိန်မီ CDM မလုပ်သူတွေကို တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

ကန်ပက်လက်မြို့နယ်မှာ ချင်းညီနောင်အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)က စစ်ရေးလှုပ်ရှားနေပြီး ယခုနှစ်မကုန်မီ အဲဒီမှာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

 

ယခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ်တွေနဲ့အတူ CDF(ကန်ပက်လက်)အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ကန်ပက်လက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို တွေ့ရစဥ်