မြဝတီမြို့မှာ ရေကျသွားပေမဲ့ ကုန်ဈေးနှုန်းတက်

Published on Jul 30, 2024

မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေပြန်ကျသွားပြီးနောက် ယမန်နေ့ ဇူလိုင် ၂၉ ရက်က မြို့တွင်းမှာလည်း ရေကျသွားပြီလို့ မြို့ခံများထံမှ သိရပါတယ်။

 

မိုးအဆက်မပြတ်ရွာသွန်းလို့ သောင်ရင်းမြစ်ရေ မြင့်တက်လာတာကြောင့် ဇူလိုင် ၂၅ ရက်နေ့ကစပြီး ရေဝင်နစ်မြုပ်ခဲ့ပြီးနောက် အဓိက လမ်းပေါ်နဲ့ အိမ်တွေထဲအထိ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ပါတယ်။

မြစ်ရေကျသွားပြီးနောက် ရေဝင်ခဲ့တဲ့ ရပ်ကွက်နဲ့ အိမ်တွေမှာ သန့်ရှင်းရေးတွေ စတင်လုပ်ဆောင်နေကြပြီလို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း မြဝတီမြို့တွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဒါကြောင့် အခုရေကြီးမှုဟာ မြဝတီမြို့မှာ နှစ်လဆက်တိုက် ရေကြီးရေလျှံမှုဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်နေ ကလေးငယ်တစ်ဦးအပါအဝင် အိမ်ခြေရာမဲ့အမျိုးသား တစ်ဦးနဲ့ အမှတ်(၁)ရပ်ကွက်နေ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရပါတယ်။

 

ဒါ့အပြင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ မကောင်းမွန်သေးလို့ ကုန်တင်ကားနဲ့ အခြေခံစားသောက်ကုန်တွေ ရရှိမှုရပ်တန့်ခဲ့တာကြောင့် အခြေခံကုန်စည်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ရေက ပြန်ကျသွားပြီ။ ကုန်စည်တွေက ဝယ်လို့တော့ရတယ်။ ဈေးက အဆမတန်ကြီးနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

ယခင်ရေမကြီးခင်က ကြက်ဥတစ်လုံး ၆၀၀ ကျပ်၊ ကန်စွန်းရွက်သုံးစီး ၅၀၀ ကျပ်သာရှိခဲ့ပေမဲ့ ယခုအခါ ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်၊ ကန်စွန်းရွက်သုံးစည်း ၂၀၀၀ ကျပ်၊ ခေါက်ဆွဲကြော်အိပ်သေးနဲ့တစ်ပွဲ ၂၀၀၀ ကျပ်တို့သို့ မြင့်တက်သွားတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

“ဘတ်ဈေးတက်တာရယ်၊ အောက်ကနေပစ္စည်း လာမရတာရယ်ကြောင့်ပါ” လို့ အထက်ပါမြဝတီမြို့ခံက ပြောပါတယ်။

 

ဒါ့အပြင် စားသုံးဆီဈေးတွေပါ မြင့်တက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လတုန်းကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြဝတီမြို့သို့လာတဲ့ အဓိက လမ်းတွေ သွားလာမရဖြစ်ကာ ကုန်စည်စီးဆင်းမှုပြတ်တောက်ခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ရေကျသွားတဲ့ မြဝတီမြို့က ရပ်ကွက်တချို့ကို တွေ့မြင်ရစဉ်