“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇူလိုင် ၂၁ မှ ၂၆ ရက်အထိ)

Published on Jul 27, 2024

ဒီတစ်ပတ်(ဇူလိုင် ၂၁ မှ ၂၆ ရက်အထိ)အတွင်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲသတင်းတွေကို လူထုစိတ်ဝင်စားမှုအပြည့်ရှိနေဆဲမှာပဲ လာရှိုးမြို့ကို MNDAA က ထိန်းချုပ်လိုက်တဲ့သတင်းအပါအဝင် မိုးကုတ်တစ်မြို့လုံးကို TNLA/PDF တို့ သိမ်းပိုက်နိုင်တဲ့သတင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီ သမ္မတတာဝန်လွှဲပြောင်းရယူတဲ့သတင်း၊ စစ်ကောင်စီအလိုရှိဆုံးထဲက မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း မြို့ထဲထိဝင်ပြီး ဆန္ဒပြခဲ့တဲ့သတင်းနဲ့ မြန်မာပြည်အောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးများပြီး ရေကြီးနေတဲ့အခြေအနေတွေကို CJ Platform က အနှစ်ချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“ဦးမြင့်ဆွေအခက်၊ မင်းအောင်လှိုင် အချက်”

 

စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူထားချိန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတတာဝန်များကို ဇူလိုင် ၂၂ ရက်က စတင်လွှဲပြောင်း ရယူလိုက်ပါတယ်။

 

ကျန်းမာရေးကြောင့် ဦးမြင့်ဆွေ အခက်တွေ့နေချိန် စစ်ခေါင်းဆောင်အတွက်တော့ သူလုပ်ချင်တဲ့ သမ္မတအတွက် အချက်ကျသွားပြီး သူ့ဘာသူ သမ္မတအဖြစ် ခန့်လိုက်ပါတော့တယ်။

 

စစ်ကောင်စီဟာ ယာယီသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဧပြီလမှာ တာဝန်က အနားယူစေပြီး ဇူလိုင်လမှာ ယာယီသမ္မတဦးမြင့်ဆွေကို ကျန်းမာရေးအကြောင်းပြတာဝန်လွှဲပြောင်းစေခဲ့ပြန်ပါတယ်။

မင်းအောင်လှိုင် ယာယီသမ္မတတာဝန်ရယူမှုဟာ ဂုဏ်သိက္ခာမဆည်နိုင်တဲ့လုပ်ရပ်၊ စည်းဘောင်မရှိ ယောက်ယက်ခတ်နေမှုအပြင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ခြင်းဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်များက မှတ်ချက်ပြုခဲ့ကြပါတယ်။

 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်၊ ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့အပါအဝင် နိုင်ငံတဝန်း စစ်မျက်နှာများစွာ ရင်ဆိုင်နေရပြီး စစ်ရေးအရ အရှုံးများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

 

အာဏာသိမ်း​စစ်ခေါင်း​ဆောင် မင်းအောင်လှိုင်က ကိုယ်တိုင်သမ္မတရာထူးလွှဲ​ပြောင်းရယူချိန်မှာ မြို့​ပေါင်း ၇၂ မြို့ ကို ​တော်လှန်​ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားချိန်ဖြစ်ပါတယ်။

 

စစ်ခေါင်းဆောင် ယာယီသမ္မတရာထူး လွှဲပြောင်းရယူတာဟာ ၂၀၀၈ အခြေခံဥပဒေနဲ့ညီတယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အဲဒီရာထူးရယူအပြီး နောက်တစ်နေ့ ဇူလိုင် ၂၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။

 

အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားပါက ပုဒ်မ ၄၁၂(ခ)မှာပါရှိတဲ့ အခြေခံဥပဒေ သဘောတရားများအရ နိုင်ငံတော်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးအစည်းဝေးကို ဦးဆောင်ဖို့ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်နေသူက စစ်ခေါင်းဆောင်သာဖြစ်တယ်လို့ ၎င်းက ပြောသွားပါတယ်။

****************************************

 

“မန်းမြို့ပေါ်တက် စစ်ကောင်စီနားရွက် တံတွေးစွတ်သူ”

 

နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီ အငြိုးတကြီး အလိုရှိနေတဲ့ မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းဟာ မန်းမြို့လယ်အထိဝင်ရောက်ပြီး စစ်အာဏာရှင်တစ်သိုက်ကို မျက်လှည့်ပြသွားပါတယ်။

 

လွတ်မြောက်နယ်မြေကနေ မန္တလေးမြို့တွင်း ရုတ်တရက်ပြန်လည်ဝင်ရောက်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ ပုံရိပ်တွေကို တနင်္လာနေ့ ဇူလိုင် ၂၂ ရက် ညဦးပိုင်းမှာ ၎င်းရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့် အသိပေးခဲ့ပါတယ်။

 

အဲဒီနေ့ဟာ စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ရယူလိုက်တာနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး၊ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ပူပူနွေးနွေး ယာယီသမ္မတ မင်းအောင်လှိုင်ရဲ့ နားရွက် တံတွေး တက်စွတ်ခဲ့တာပဲဖြစ်ပါတယ်။

 

“ဂန္ထဝင်မြို့ကြီးသို့ အပြန်လမ်း” သို့မဟုတ် ရွှေမန်းမြေမှာ ဖော်ဆောင်ကြတဲ့ လူထုတိုက်ပွဲလှုပ်ရှားမှုများဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးနန်းမြို့ကျုံးဘေး၊ မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားဝင်း၊ ၃၅ လမ်းနဲ့ မေမြို့လမ်းထောင့် မြို့အဝင်ဆိုင်းဘုတ်၊ မြို့တွင်း လူစည်ကားရာလမ်းမများမှာ တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ပုံရိပ်တွေကို မျှဝေခဲ့တာပါ။

အဲဒီနောက် ထုံးစံအတိုင်း နောက်တစ်နေ့ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီဟာ မြို့တွင်း၊ မြို့ပြင် စစ်ဆေးရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

အဲဒီနောက် မန္တလေးမြို့တွင်း နယ်ထိန်းအပါအဝင် ရဲတွေအကုန်လုံး ဖိအားပေးခံခဲ့ရတယ်လို့လည်း အတွင်းသတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စစ်ရေးအရှိန်မြင့်တက်နေသလို မန်း PDF နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ ရှမ်းမန်းစစ်ဆင်ရေးဟာလည်း မန္တလေးမြို့နားထိ စစ်မီးတောက်လောင် နီးကပ်လာတာမလို့ စစ်အုပ်စုက မြို့အဝင်အထွက်ဂိတ်တွေအပါအဝင် နေရာများစွာမှာ လုံခြုံရေးတင်းကြပ်၊ ထပ်တိုးတပ်စွဲထားချိန်မှာ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းဟာ မန္တလေးမြို့တွင်းကို ပြန်လည်ဝင်ရောက်ပြီး အခုလို မျက်လှည့်ဆန်ဆန်ဆန္ဒပြသခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီ အာဏာစသိမ်းချိန်က သတင်းအမှား​တွေနဲ့ ပြည်သူ​တွေကို အာရုံ​ထွေပြား​အောင်လုပ်ပြီး ၇၂ နာရီ ဂျင်းထည့်ထားချိန်မှာ ​ဒေါက်တာ​​​တေဇာစန်းနဲ့ သပိတ်​ခေါင်း​ဆောင်​တွေက ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှုအ​ပေါ် မြန်မာနိုင်ငံမှာ ပထမဆုံးဆန္ဒပြပွဲပြုလုပ်ပြီး နိုင်ငံတဝန်းကပြည်သူ​တွေကို လှုပ်နှိုးခဲ့ပါတယ်။ အဲဒီ​နောက်မှာ​တော့ နိုင်ငံတစ်ဝန်း ပြည်သူ​သန်း​ပေါင်းများစွာပါဝင်ဆင်နွှဲတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်​ပေါ်​ပေါက်လာခဲ့တာဖြစ်ပါတယ်။

****************************************

 

“အပြုံးပန်းတွေဝေ ပတ္တမြားမြေ”

 

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) ရက် ၃၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂၄ ရက် မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို TNLA က ညနေ ၅ နာရီမှာ ရှင်းလင်းချေမှုန်းနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

 

အဲဒီနောက် မရှေးမနှောင်းမှာပဲ မိုးကုတ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ အောင်ပွဲရ TNLA နဲ့ PDF ရဲဘော်များကို မိုးကုတ်ပြည်သူများက အောင်သပြေအပြင် အပြုံးပန်းတွေနဲ့ပါ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကသူက, က၊ အောင်ပြီလို့ ကြွေးကြော်သူ ကြော်နဲ့ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

 

မိုးကုတ်ပြည်သူတွေရဲ့ အပျော်တွေ ပြည်တွင်း/ပြည်ပက မြန်မာနိုင်ငံသားတွေအားလုံးကို ကူးစက်စေခဲ့သလို နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေကိုလည်း ပီတိဖြစ်စေခဲ့ပါတယ်။

မိုးကုတ်မြို့သိမ်း စစ်ဆင်ရေးထဲ စစ်သုံ့ပန်း ၃၀ ကျော်နဲ့ လက်နက်မျိုးစုံ ၂၀ဝ လက်ကျော် သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀ ကျော် သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

 

TNLA ၊ မန်း PDF နဲ့ ဒေသကာကွယ်ရေးတပ်တွေဟာ မိုးကုတ်မြို့ အနောက်ပိုင်းကို ဇွန်လ နှောင်းပိုင်းမှာ အရင်ဆုံး ထိန်းချုပ်နိုင်ခဲ့တာပါ။

 

အဲဒီနောက် အရှေ့ပိုင်းကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး တစ်လအတွင်း တစ်မြို့လုံးသိမ်းပြီး စစ်ကောင်စီကင်းစင်တဲ့မြို့ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

 

လတ်တလော ရှမ်းမြောက်က ကျောက်မဲမြို့မှာ နောက်ဆုံးကျန်တဲ့ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်တို့ကို ဆက်လက်တိုက်ခိုက်နေသလို မိုးမိတ်မြို့က နောက်ဆုံးဗျူဟာကုန်းကိုလည်း TNLA/PDF အဖွဲ့တွေ သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေကြပါတယ်။

****************************************

 

“လားရှိုး ဝိရောဓိ”

 

ရှမ်းမြောက်က အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးတစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ကြာသာပတေးနေ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

 

ညနေပိုင်းမှာတော့ လားရှိုးမြို့ရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးကို သူတို့ ဆက်ခံလိုက်တယ်လို့ ထပ်မံကြေညာပြန်ပါတယ်။

 

ဒါဟာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးအင်အားစုက ပထမဆုံးအကြိမ် သိမ်းယူနိုင်တာလည်းဖြစ်သလို MNDAA ကလည်း သမိုင်းဝင်အောင်ပွဲတစ်ခုလို့ ညွှန်းဆိုပါတယ်။

လားရှိုးမြို့စစ်ဆင်ရေးကို ဇူလိုင် ၃ ရက်က စတင်ခဲ့ပြီး ဇူလိုင် ၂၅ ရက်မှာ လွတ်မြောက်ပြီလို့ MNDAA က ကြေညာကာ အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဆောင်မယ့်အခြေအနေတွေကိုပါ အသိပေးခဲ့ပါတယ်။

 

လားရှိုးကို မြန်မာနိုင်ငံအထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီဆိုပြီး ဖွဲ့စည်းလိုက်ပါတယ်။ မြို့လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေးကို MNDAA က ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် မူလက အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ဆရာဝန်များနဲ့ သူနာပြုများအနေနဲ့ တာဝန်ပြန်ထမ်းဆောင်ဖို့ ကြေညာခဲ့ပါတယ်။

 

လတ်တလော မြို့တွင်းခိုအောင်းနေတဲ့ စစ်ကောင်စီတပ်များကို MNDAA တပ်တွေက လိုက်လံချေမှုန်းနေပါတယ်။

 

တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တစ်လတာကာလ ရှမ်းမြောက်တိုက်ပွဲများအတွင်း အရပ်သား ၁၂၅ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ အဲဒီထဲ လားရှိုးမြို့မှ ၅၀ ကျော်ဒဏ်ရာရပြီး လူ ၄၁ ဦးသေဆုံးနဲ့ သေဆုံးထိခိုက်မှုအများဆုံးဖြစ်ခဲ့ပါတယ်။ သောကြာနေ့ ဇူလိုင် ၂၆ ရက်မှာလည်း စစ်ကောင်စီလေကြောင်းဗုံးဒဏ်ကြောင့် အရပ်သားသုံးဦး ထပ်မံသေဆုံးခဲ့ရပါတယ်။

 

ရမခကျသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက မကျသေးဘူးလို့ သောကြာနေ့ ညပိုင်းမှာ ဒေါသတကြီးတုံ့ပြန်ပြောကြားလာပါတယ်။

စစ်ကောင်စီတပ်မှာ တိုင်းစစ်ဌာနချုပ် ၁၄ ခုရှိတဲ့အနက် ရမခဟာ အစဉ်အလာကြီးမားတဲ့တပ်လို့ သူက ညွှန်းဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ရမခရဲ့အခြေအနေတွေကိုတော့ ထည့်ပြောသွားတာမတွေ့ရပါဘူး။

ကိုးကန့်တပ်ဖွဲ့ဝင်တွေရဲ့ လားရှိုးမြို့လယ်နဲ့ စစ်ကောင်စီတပ်စခန်းတွေရှေ့က ပုံရိပ်တွေကိုတော့ ဝါဒဖြန့်ခြင်းသပ်သပ်သာဖြစ်တယ်လို့ ပြောသွားပါတယ်။

 

လားရှိုးမြို့မှာ စနေနေ့ ဇူလိုင် ၂၇ ရက်အထိ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများရှိနေဆဲဖြစ်သလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

အဲဒီလို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေ အရှိန်ကောင်းနေဆဲမှာပဲ တရုတ်ဘက်က မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခတွေအဆုံးသတ်ဖို့နဲ့ တွေ့ဆုံညှိနှိုင်းကြဖို့ တိုက်တွန်းလာပြန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြာသာပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မစ္စ မော်နင်းက မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေကို မထိခိုက်စေဖို့နဲ့ အဲဒီက တရုတ်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ပြောသွားပါတယ်။

 

စစ်ကောင်စီဘက်ကလည်း ခြောက်ကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲအကြောင်း ထုတ်ပြောလာသလို မြောက်ပိုင်းအဖွဲ့ဘက်ကလည်း တက်ဖို့လူရွေးပြီးပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ်။

****************************************

 

“မိုးသည်းရေကြီး”

 

မြန်မာပြည်အထက်ပိုင်းမြို့တွေ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီးတဲ့နောက် အောက်ပိုင်းဒေသ တိုင်းနဲ့ ပြည်နယ် ငါးခုထက်မနည်း မိုးများပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။

 

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ ကရင်၊ ရခိုင်နဲ့ မွန်ပြည် စတဲ့တိုင်းနဲ့ပြည်နယ်တွေက မြို့ဆယ်ခုအထက်မှာ မိုးကြီးပြီး ရေကြီးရေလျှံနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲနေသလို နေရာတချို့မှာလည်း ကယ်ဆယ်ရေးမလုံလောက်တဲ့ပြဿနာတွေနဲ့ကြုံတွေ့နေရပါတယ်။

 

ရန်ကုန်တိုင်းမှာလည်း လှိုင်မြစ်ရေ မြင့်တက်လာတဲ့အတွက် တိုက်ကြီးမြို့နယ်ထဲက ကျေးရွာတချို့မှာ ရေလွှမ်းမိုးနေပြီဖြစ်သလို ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာလည်း  ဇူလိုင် ၂၅ ရက်ကတည်းက ရေကြီးနေတာဖြစ်ပါတယ်။

 

မြဝတီမြို့မှာလည်း မိုးရေး(သောင်ရင်း)မြစ်ရေ မြင့်တက်နေပြီး မြို့ထဲအထိ ရေက အားပြင်းပြင်းနဲ့ စီးဝင်လာနေတာကြောင့် အိမ်စီးကားတွေ ‌ရေထဲမြုပ်နေတဲ့အပြင် မျောပါနေတာတွေ့ရပါတယ်။

ဒါ့အပြင် ရေတွေပေါ် အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ ပုံရိပ်တွေလည်း လူမှုကွန်ရက်ပေါ်က ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

 

ဘားအံမြို့မှာတော့ သံလွင်မြစ်ရေက မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတာကြောင့် ကမ်းနားလမ်း‌တောက်လျှောက် ရေတွေလွှမ်းမိုးနေပါတယ်။

 

ပဲခူးမြစ်‌ရေလည်း မြင့်တက်နေတာကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းနေရကြရသလို ဘီးလင်းမြို့မှာ လည်း ရန်ကုန်-မော်လမြိုင် လမ်းပိုင်းပေါ်အထိ ရေကြီးရေလျှံဖြစ်နေပြီး ရခိုင်ပြည်နယ်ထဲက သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့မှာလည်း ရေကြီးနေပါတယ်။