မီဇိုရမ်မှာ မြန်မာဘက်ကနေ အိန္ဒိယနိုင်ငံဘက်ကို ဘိန်းဖြူတွေ သယ်ဆောင်လာတဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းမိ

Author ဆလိုင်း
Categories
Published on Jul 27, 2024

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်မှာ မြန်မာနိုင်ငံဘက်ကနေ အိန္ဒိယနိုင်ငံဘက်ကို ရူပီး ၃၅သိန်းတန် ဘိန်းဖြူတွေ သယ်ဆောင်လာတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ဇူလိုင် ၂၆ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

ဇိုခေါသာရ် ရဲတပ်ဖွဲ့နဲ့ အာသံရိုင်ဖယ် ပူးပေါင်းတပ်ဖွဲ့တို့က ကြိုတင်သတင်းရရှိထားတာကြောင့်  မြန်မာ – အိန္ဒိယနယ်စပ် ကျန်ဖိုင်ခရိုင်၊ မဲလ်ဘုတ်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူတွေနဲ့ အတူ ဘိန်းဖြူတွေ သယ်ဆောင်လာတဲ့ မြန်မာအမျိုးသမီးကို ဇိုခေါသာရ် ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

အဲ့ဒီ ဖမ်းဆီးခံရတဲ့ မြန်မာအမျိုးသမီးဟာ စစ်ကိုင်းတိုင်း ကလေးမြို့၊ တာဟန်းရပ်ကွက်မှ ချင်းအမျိုးသမီး တစ်ဦးဖြစ်တယ်လို့ ရိဒ်ခေါရ်မြို့ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒီလမ်းက ဘိန်းဖြူတွေကို အိန္ဒိယက ဖမ်းလိုက်၊ မြန်မာဘက်က CDF တွေက ဖမ်းလိုက်နဲ့ ခဏခဏ အဖမ်းခံရတာ ကြားနေရတယ်။ အဲ့ဒီအဖမ်းခံရတဲ့သူတွေဆီက နောက်ဆက်တွဲ တရားခံတွေလိုက်ရှာ ဖမ်းဆီးတယ်။ အခုဖမ်းတာလည်း နောက်ဆက်တွဲ တရားခံကို ဖမ်းဆီးတာဖြစ်တယ်။ ကလေး၊ တာဟန်းဘက်က ချင်းအမျိုးသမီးပါ။”လို့ ၎င်းက ဆိုပါတယ်။

 

ဇူလိုင်လ ၂၄ ရက်ကလည်း မီဇိုရမ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနဲ့ ဗဟိုမီဇိုးလူငယ် အဖွဲ့အစည်းတို့က မြန်မာနိုင်ငံသားအပါဝင် လူ ၇ဦးထံမှ ဘိန်းဖြူအများပြား ဖမ်းဆီးရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဖမ်းဆီးရမိတဲ့ ဘိန်းဖြူနဲ့ မြန်မာအမျိုးသမီးကို တွေ့ရစဥ်