၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ် ဘာတွေမတူထူးခြားတာတွေ ပါဝင်နေသလဲ?

Published on Jul 26, 2024

လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အိုလံပစ်အားကစားပွဲတော်ကြီး ဒီနေ့ ဇူလိုင်လ ၂၆ ရက်၊ သောကြာနေ့မှာပဲ ဖွင့်ပွဲအခမ်းအနားနဲ့အတူ စတင်လိုက်ပါပြီ။

 

၂၀၂၄ ခုနှစ်၊ နွေရာသီအိုလံပစ်ပွဲတော်ကိုတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို ဗဟိုပြုပြီး ကျင်းပသွားမှာပါ။

 

ဒီတစ်ခေါက် အိုလံပစ်မှာ အရင်နှစ်တွေနဲ့ မတူတဲ့ အခမ်းအနား၊ အပြင်အဆင်တွေအပြင် အသစ်ထပ်တိုးလာတဲ့ အားကစားတွေလည်း အများကြီးပါဝင်ပါတယ်။

အဲဒီထဲက တစ်ခုက ဖွင့်ပွဲအခမ်းအနားပါ။ ဒီတစ်ခေါက် အိုလံပစ်ဖွင့်ပွဲအခမ်းအနားကို ဘယ်တုန်းကမှ မကျင်းပဖူးတဲ့ ပုံစံနဲ့ ကျင်းပဖို့ ရှိပါတယ်။

 

ခါတိုင်းလုပ်နေကျလို အားကစားရုံတွေထဲ ဖွင့်ပွဲပြုလုပ်မှာ မဟုတ်ဘဲ ပဲရစ်မြို့လယ်ခေါင်တစ်လျှောက် စီးဆင်းသွားလာနေတဲ့ စိမ်းမြစ် (Seine)ထဲ ကျင်းပမှာပါ။

 

ကမ္ဘာအနှံ့က လာခဲ့ကြတဲ့ အိုလံပစ်ပြိုင်ပွဲဝင် အဖွဲ့သား တစ်သောင်းကျော်က လှေအသီးသီးနဲ့ စိမ်းမြစ်တစ်လျှောက် နော့တ်သ်ထရုဒမ်း ဘုရားကျောင်း၊ နာမည်ကျော် လူဗားပြတိုက်နဲ့ အီဖယ်မျှော်စင်တို့လို နေရာတွေကို ဖြတ်ကျော် ချီတက်ရင်း ဖွင့်ပွဲလုပ်မယ်လို့ အိုလံပစ်ကော်မတီက ဆိုထားပါတယ်။

 

ဒီ အိုလံပစ်ချီတက်မှုကို လူသုံးသိန်းကျော်က လာရောက်ကြည့်ရှုဖို့ ရှိပြီး ခြောက်မိုင်ကျော် ရှည်လျားတဲ့ ရေလမ်းကြောင်းတစ်လျှောက်မှာ အသီးသီးနေရာယူထားကြပါပြီ။ ဒီဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့သတင်းဌာနအသီးသီးကနေလည်း တိုက်ရိုက်ထုတ်လွှင့်မှာမလို့ မလွတ်တမ်းစောင့်ကြည့်နိုင်ပါမယ်။

 

နောက် ဒီတစ်ခေါက်အိုလံပစ်မှာ အရင်အခေါက်တွေက မပါခဲ့တဲ့ အားကစားအသစ်တချို့လည်း ပါလာပါပြီ။

 

မြင်တွေ့နေကျ တင်းနစ်၊ ကြက်တောင်၊ ဘောလီဘော၊ ဘောလုံးနဲ့ ကျွမ်းဘားတွေ၊ လက်ဝှေ့တွေ အပါအဝင် တခြားအားကစားစုစုပေါင်း ၃၂ မျိုးတိတိ ဒီနှစ်အိုလံပစ်မှာ ယှဉ်ပြိုင်ကြမှာပါ။

 

အဲဒီအားကစားတွေထဲကမှ Breakdancing လို့ခေါ်တဲ့ လမ်းဘေးအကဆန်ဆန် အကပြိုင်ပွဲလည်း ဒီနှစ်မှာ ထူးထူးခြားခြားပါလာပါတယ်။ နောက်ပြီး ရေလွှာလျှောစီးတာနဲ့ စကိတ်စီး အားကစားတွေလည်း ပါလာပါပြီ။

 

နောက်ထပ်ထူးခြားတာတစ်ခုကတော့ အိုလံပစ်ပြိုင်ပွဲတွေမှာ AI ဉာဏ်ရည်တုကို တွင်တွင်ကျယ်ကျယ်သုံးသွားမယ်လို့ သိရပါတယ်။ ပဲရစ်အိုလံပစ်ရဲ့ အမေရိကန်ထုတ်လွှင့်ရေးဘက်မှာ Google ကနေ ဉာဏ်ရည်တုနည်းပညာကို သုံးပြီး ကြေညာချက်တွေကို ဆောင်ရွက်မှာပါ။

 

AI အသံနဲ့ ထုတ်လွှင့်မှုတွေ လုပ်တာမျိုး ရှိလာနိုင်ပေမဲ့ အပြင်မှာ တကယ်ရှိတဲ့ ကစားပွဲဝေဖန်အကဲဖြတ်ရေးသမားတွေရဲ့ အသံကိုပဲ AI ပုံစံပြောင်းပြီး ကြေညာတာတွေ လုပ်မယ်လို့ အိုလံပစ်ကော်မတီက ပြောပါတယ်။

 

ဒါတွေလုပ်နိုင်ဖို့အတွက်လည်း အမေရိကန်ဘက်က ပြန်ထုတ်လွှင့်မယ့်  အိုလံပစ်ပွဲစဉ်တွေဘက်မှာ Google ရဲ့ နည်းပညာအကူအညီကို အဓိကယူထားရတယ်လို့ သူတို့က ဆိုတာပါ။

 

အိုလံပစ်ကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးမယ့် မီဒီယာတွေနဲ့ ကြေညာသူတွေကလည်း AI ကိုပဲ အသုံးပြုပြီး ပွဲပြီးသုံးသပ်ချက်တွေ၊ မေးမြန်းလာတဲ့ အားကစားနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို ပြန်ဖြေကြားသွားမယ်လို့ သိရပါတယ်။ Google ကပဲ ထုတ်လုပ်ထားတဲ့ Gemini AI နဲ့ တွဲဖက်အသုံးပြုသွားမှာမျိုးပါ။

 

 

ဓာတ်ပုံ – Michael Euler/AP

 

References – FitzGerald, J. (2024, July 26). An armchair guide to watching the Olympic opening cermony. https://www.bbc.com/news/articles/cljy547p871o

 

– Paris 2024 Olympics – latest news, schedules & results. (n.d.). https://olympics.com/en/paris-2024

 

– Specter, E. (2024, July 25). Olympics 2024: Here’s everything you need to know about this year’s Games. Vogue. https://www.vogue.com/article/everything-you-need-to-know-about-the-2024-olympics

 

#CJPlatform # ပဲရစ်အိုလံပစ် #ပြင်သစ်နိုင်ငံ