စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်း ရွာပကဖဒုခေါင်းဆောင်ကို သတ်ဖြတ်တဲ့အပြင် လူ ၁၀ ဦးထက်မနည်းဖမ်းဆီးခေါ်ဆောင်

Author မင်းထက်
Categories
Published on Jul 24, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးကျေးရွာထဲ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ရုတ်တရက်ပစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေ​က ပြောပါတယ်။

 

အဲဒီမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုခေါင်းဆောင် သတ်ဖြတ်ခံခဲ့ရတဲ့အပြင် အမျိုးသမီး နှစ်ဦးအပါအ၀င် လူ ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ၎င်းတို့က ဆိုပါတယ်။

 

“နုံးတွင်းဂိတ်ကကောင်တွေ လမ်းသစ်ကနေ ပတ်၀င်တာ ရုတ်တရက်၀င်လာပြီး ပစ်ခတ်ရာမှာ ကျေးရွာပကဖ၀င် တစ်ဦးသေတယ်။ ဒေသခံတွေဖမ်းခံရတာတော့ မလွှတ်သေးဘူး” လို့ စစ်ကိုင်းမြို့နယ်၊ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ရွာအတွင်းရှိ ဆိုင်တစ်ခုထဲထိုင်နေတဲ့ ကျေးရွာပကဖ ဒုခေါင်းဆောင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသလို စစ်သားတစ်ဦးဓားထိုးခံရတယ်လို့ သိရပါတယ်။

 

“သေမသေတော့မသိရဘူး။ ဖမ်းခံရတာ မိန်းကလေး နှစ်ယောက် ယောကျာ်းလေး ကိုးယောက်၊ တစ်ယောက်ကတော့ စစ်​ဆေးရင်း သတ်ခံရတယ်လို့ ကြားထားပေမဲ့ အတည်ပြုဖို့လိုသေးတယ်” လို့ အဲဒီဒေသ ထောက်ပို့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အဖမ်းခံရသူတွေကို စစ်ကောင်စီတပ်သားတွေက သူတို့တပ်စွဲထားတဲ့ နုံးတွင်းကျေးရွာတပ်စခန်းကို ဖမ်းခေါ်သွားပြီး ယနေ့ဇူလိုင် ၂၄ ရက်နေ့အထိ ပြန်မလွတ်လာသေးကြောင်း သိရပါတယ်။

 

နုံးတွင်းနဲ့ လယ်ကြီးကျေးရွာတို့ဟာ မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးနံဘေးမှာတည်ရှိပြီး ရွာ ၂ ရွာဟာ မီတာ ၅၀၀ လောက်သာ ကွာဝေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

နုံးတွင်းရွာက စစ်ကောင်စီဂိတ်ဟာ ဖြတ်သန်းသွားလာသူများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း၊ ဆက်ကြေးကောက်ခြင်းများ ပြုလုပ်နေပြီး စစ်ကိုင်းမြို့နယ်ထဲ အစစ်အဆေးကြမ်းဆုံးနဲ့ ငွေကြေးကောက်ခံမှုအများဆုံးဂိတ်တစ်ခုဖြစ်တယ်လို့ ဒေသခံများက ဆိုပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်