မြန်မာရဲ့ ပဋိပက္ခတွေကြောင့် အာရှမှာ မူးယစ်ဆေးဝါးဖမ်းမိမှု စံချိန်တင်မြင့်တက်၊ ထပ်တိုးလာနိုင်လို့ UNODC ခန့်မှန်း
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးတွေ ဖြန့်ဖြူးမှုကို ပိုတိုးလာစေတဲ့အတွက် အာရှဒေသတွင်းမှာ တရားမဝင်မူးယစ်ဆေးဝါးတွေ ပျံ့နှံ့မှု ပြင်းထန်လာသလို အာရှတိုက် အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာကလည်း မနှစ်ကအရေအတွက်ထက် ပိုမိုများပြားခဲ့ပြီး စံချိန်တင်အနေအထားဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့တုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်ခရိုင်အတွင်းမှာ မူးယစ်ကုန်သည်တွေနဲ့ နယ်ခြားစောင့်တပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒေသ အာဏာပိုင်တွေဟာ ထွက်ပြေးသွားတဲ့ မူးယစ်ကုန်သည်တွေ စွန့်ပစ်ခဲ့တဲ့ ထရပ်ကားအတွင်းမှာ စိတ်ကြွဆေးပြားပေါင်း ၃ ဒသမ ၂ သန်းကို သိမ်းဆည်းရမိခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးကွန်ရက်က တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားဖို့ အဓိကအချက်ဖြစ်နေစေတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။
မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ နိုင်ငံတကာကုန်သွယ်ဆိပ်ကမ်း လာမ်ချာဘန်(Laem Chabang)ကနေ မလေးရှားနဲ့ ကမ္ဘောဒီးယားနယ်စပ်တွေကို ဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေအပြင် ဖွံ့ဖြိုးပြီးသားနိုင်ငံတွေဖြစ်တဲ့ ဩစတေးလျနဲ့ ဂျပန်နိုင်ငံတွေအထိ ပို့ဆောင်ကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွင်းတို့မှာ စိတ်ကြွမူးယစ်ဆေး တန်ချိန်ပေါင်း ၁၉၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)ရဲ့ မေလနှောင်းပိုင်းမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ ပမာဏထက် ၃၀ ရာခိုင်နှုန်းမြင့်ထက်ခဲ့တာဖြစ်ပြီး ၂၀၀၂ ခုနှစ်စတင် ကောက်ယူခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေထဲမှာ စံချိန်တင်အမြင့်ဆုံးဖမ်းဆီးရမိတဲ့ ပမာဏလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပဋိပက္ခတွေ ပိုမိုဆိုးရွားလာခြင်းဟာ မူးယစ်ဆေးဝါးဖမ်းဆီးလာရမှု သိသိသာသာ မြင့်တက်လာမှုရဲ့ နောက်ကွယ်ကအကြောင်းခြင်းရာတစ်ရပ်လည်း ဖြစ်လို့နေပါတယ်။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံ အရပ်သားအစိုးရဆီက အာဏာကို မတရားလွှဲပြောင်းရယူခဲ့တဲ့ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ စစ်စရိတ်ကို ကာမိဖို့ စိတ်ကြွဆေးတွေ၊ မူးယစ်ဆေးတွေကို ရောင်းဝယ်ဖောက်ကားနေတာကြောင့် ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စိုးမိုးနယ်မြေ တချို့တဝက်ကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ထားတာလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ တန်ချိန် ၁,၀၀၀ ကျော် ရှိခဲ့ပြီး ဒါဟာ ၂၀၀၁ ခုနှစ် နောက်ပိုင်းအများဆုံးပမာဏလည်းဖြစ်ပါတယ်။
ရွှေတြိဂံဒေသလို့ လူသိများထင်ရှားတဲ့ မြန်မာ၊ လာအိုနဲ့ ထိုင်း သုံးနိုင်ငံဆုံရာ နယ်စပ်ဒေသဟာ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရေးတွေ အဓိကအခြေစိုက်ရာ ဒေသအဖြစ် သတ်မှတ်ခံထားရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသတွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ အဆိုပါသုံးနိုင်ငံက စိုက်ပျိုးထုတ်လုပ်တာတွေဖြစ်တယ်လို့ သိရပါတယ်။
“ရွှေတြိဂံဒေသထဲပါတဲ့ (မြန်မာနိုင်ငံ) ရှမ်းပြည်ထဲမှာ ထုတ်လုပ်ပြီး ဖြန့်ဖြူးနေတဲ့ ပမာဏက တကယ်ကို အံ့ဩဘနန်းပါပဲ။ ပြီးတော့ ၂၀၂၄ ခုနှစ်မှာလည်း နောက်ထပ်စံချိန်တင်သွားမယ့် အလားအလာမျိုး ရှိနေပါတယ်” လို့ UNODC ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသရဲ့ ဒေသဆိုင်ရာကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ဂလပ် (Jeremy Douglas)က Nikkei သတင်းဌာနကို ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးနှိမ်နင်းဖို့ အားထုတ်ကြိုးပမ်းမှုတစ်ခုအဖြစ် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ စိတ်ကြွဆေးပြားနဲ့ဆိုင်တဲ့ ဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အရင်က ပြစ်မှုမြောက်တဲ့ ပမာဏ ဆေးပြားငါးပြားကို တစ်ပြားအထိ လျှော့ချသတ်မှတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့ ဥပဒေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို သေဒဏ်ပေးနိုင်တယ်လို့ သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတော့ ရာဇဝတ်သားဆိုတာထက် ကုသမှုခံယူဖို့လိုအပ်နေတဲ့ လူနာတွေလို့ သတ်မှတ်လေ့ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲလိုစိတ်ကို လျှော့ချနိုင်အောင် ကူညီဆောင်ရွက်ပေးတာမျိုး လုပ်ဆောင်လေ့ရှိပါတယ်။
လက်ရှိ ထိုင်းနိုင်ငံထဲ မူးယစ်ဆေးဝါးတွေ ဖောဖောသီသီရလာတာကြောင့် လက်လီရောင်းချတဲ့ ဈေးနှုန်းလည်း လျော့ကျလာတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဆေးပြားတစ်ပြားရဲ့ တစ်ဖိုးဟာ ၁ ဒသမ ၄၄ ဒေါ်လာ ကနေ ၂ ဒသမ ၈ ဒေါ်လာအထိ ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ကော်ဖီခွက် တစ်ခွက်ရဲ့ တန်ဖိုးနဲ့ ညီမျှတဲ့ ၈၁ ဆင့်ကနေ ၂ ဒသမ ၇ ဒေါ်လာအထိပဲ ပေါက်ဈေးရှိတော့တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လမှာ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းကပယ်ဖျက်လိုက်ပြီးတဲ့ နောက်မှာ ထိုင်းနိုင်ငံဟာ ဆေးခြောက်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ပြည်တွင်း ဆေးခြောက်ဈေးကွက်ဟာ ၂၀၂၅ ခုနှစ်မှာ ထိုင်းဘတ်ငွေ ၄၂ ဒသမ ၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံဝန်းကျင်)ရှိလာနိုင်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ထိုင်းဘတ်ငွေ ၂၈ ဒသမ ၁ ဘီလီယံထက် ၅၀ ရာခိုင်နှုန်းပိုပြီး များလာနိုင်တယ်လို့ ထိုင်းနိုင်ငံက ကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) က ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဆေးခြောက်သုံးစွဲမှုကြောင့် သတိလစ်တာမျိုးတွေ စတဲ့ ရောဂါလက္ခဏာတွေခံစားနေရတယ်ဆိုပြီး တိုင်ကြားလာတဲ့ ဦးရေဟာ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ်ကနေ မပယ်ဖျက်ခင်ကထက် လစဉ် သုံးဆကျော် တိုးလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆေးခြောက်ဟာ မူးယစ်ဆေးဝါးကိုစမ်းသပ်သုံးစွဲဖို့အတွက် လမ်းစဖြစ်နိုင်ပြီး လူတွေကို နောက်ပိုင်းမှာ စိတ်ကြွဆေးတွေလို ပိုမိုအားကောင်းတဲ့ မူးယစ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့ လုပ်ဆောင်စေနိုင်တယ်လို့လည်း အဲဒီဌာနက ဆက်ပြီးပြောပါတယ်။
“ဆေးခြောက်ဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ဝေဒနာတွေ ခံစားရလာစေနိုင်တဲ့ အန္တရာယ်ရှိတယ်” လို့ Thammasat တက္ကသိုလ်က ကျန်းမာရေး ဥပဒေနဲ့ ကျင့်ဝတ်စင်တာ ကော်မတီဝင် Paisan Limstit က ပြောပါတယ်။
ပုံစာ – မြန်မာနိုင်ငံတွင်းမှ ဝင်ရောက်လာသော မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိစဉ်
ဓာတ်ပုံ – AP
ကိုးကား – Nikkei Asia