“ရေဘေးဒုက္ခသည် PDF များ”

Author မင်းထက်
Categories
Published on Jul 20, 2024

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတခွင်မှာ မြစ်ရေတွေ လျှံနေလို့ မြို့အတော်များများမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေရပါတယ်။ အဲဒီထဲ မြို့ခံတွေအပြင် စစ်ရှောင်နဲ့ PDF တွေလည်း ရေဘေးကြုံနေရပါတယ်။ အဲဒါကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘယ်လိုနေထိုင်နေရလဲ၊ ဘာတွေအခက်အခဲကြုံနေရလဲ၊ ဘာတွေလိုအပ်နေလဲဆိုတာနဲ့ပတ်သက်ပြီး ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍကနေ သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

 

“စခန်းပြန်ကပ်ဖို့ကတော့ သုံးရက်လောက် ရေကျအောင် ထပ်စောင့်ရမယ်ထင်ပါတယ်ဗျာ”

 

မုံရွာမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး

 

မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားတယ်ဗျ။ ရေမြုပ်တဲ့ ရွာတွေကတော့ ရေမြုပ်နေဆဲ ပါပဲဗျာ။ ယားနာနဲ့ ဝမ်းပျက်ဝမ်းလျှောကတော့ ဖြစ်ကြတယ်ခင်ဗျ။ စခန်းပြန်ကပ်ဖို့ကတော့ သုံးရက်လောက် ရေကျအောင် ထပ်စောင့်ရမယ်ထင်ပါတယ်ဗျာ။ ထောက်ပို့ အဖွဲ့အစည်းတွေကတော့ လာရောက် ကူညီကြပါတယ်ဗျ။ ပြီးတော့ ပြည်သူတွေကလည်း ရေဘေးအတွက် လာရောက်ကူညီကြပါတယ်ဗျ။ စစ်ရေးအနေနဲ့ကတော့ တပ်ဖွဲ့အားလုံးနီးပါးက အဆင်သင့်ပြင်ထားကြပါတယ်ဗျ။ အဓိကပြဿနာကတော့ ငွေကြေးဖောင်းပွမှုရလဒ်ဖြစ်တဲ့ကုန်ဈေးနှုန်းတက်တာ၊ လက်နက်ခဲယမ်း ဈေးတက်တာ။ ငွေလွှဲငွေထုတ်ခက်ခဲတာ ငွေတစ်သိန်းထုတ်ရင် ထုတ်ခတစ်သောင်းလောက်အထိ ဖြစ်သွားတာတွေကြုံရတော့ ၂၀၂၁ မှာ သိန်းတစ်ရာဆို သုံးလက်ရတဲ့ သေနတ်က အခုဆို တစ်လက်ကို သိန်း ၂၅၀ ကျော်သွားတယ်ဗျ။ AK တောကျည် တစ်တောင့်ကို တစ်သောင်းဝန်းကျင်နဲ့ 5.56 ကပစ ကျည်က ၆၅၀၀၊ 5.56 ‌nato ကျည်ဆန်က တစ်သောင်းထိ ဈေးတက်သွားတယ်ဗျ။ အရင်ကဆို AK ကျည် တတောင့်ကို ၆၅၀၀ ဆိုတာ မိုင်ကုန်ပါပဲ။ ကျနော်တို့ဆို ဒီလထဲ ရေတိုးမိုးတိုးနဲ့ ခက်ခဲနေတဲ့ကြားထဲ ကျည် ၁၅၀၀ လောက် အကြွေးဝယ်ထားရတယ်ဗျ။ ရုန်းကန်နေရတာလည်း မလွယ်ဘူးဗျာ။ အကုန် ခက်ခဲနေကြတာကိုး။

****************************************

 

“ကျွန်တော်တို့စခန်းလည်း ​ရေမြုပ်နေတော့ ပြည်သူတွေနဲ့ အတူတူရောနေကြရတယ်ဗျ”

 

ယင်းမာပင်ခရိုင်တပ်ရင်း(၃၊ ၄၊ ၅) ဗျူဟာအမှတ် ၄၈ တပ်ရင်း(၃) တပ်ခွဲ (၃)

 

ရေက အခုထိမကျသေးဘူး။ဒေသခံအိမ်တွေလည်း နစ်နေတုန်းပဲ။ ဒေသခံတွေက လမ်းဘေးဇရပ်တွေမှာ နေနေကြရတယ်။ ကျွန်တော်တို့စခန်းလည်း ​ရေမြုပ်နေတော့ ပြည်သူတွေနဲ့ အတူတူရောနေကြရတယ်ဗျ။ ဒီမှာ အခက်အခဲကတော့ ကျန်းမာရေးပေါ့။ တုပ်ကွေးဖြစ်ကြတယ်။ အများကြီး ဆေး၀ါးလုံလောက်မှုမရှိဘူး။ တော်တော်များဖြစ်နေကြပါတယ်ဗျ။ ပြည်သူတွေရော၊ ကျွန်တော်တို့ ရဲဘော်တွေရောဖြစ်နေကြပါတယ်ဗျ။ ပြီးတော့ ပိုးမွှားအန္တရာယ်လည်း ကြုံရတယ်ကြောက်ရတယ်။ ရိက္ခာပိုင်းကတော့ ပြည်သူတွေဆီက ပါလာတဲ့ ရိက္ခာနဲ့ ကျွန်တော်တို့ဆီက ကျန်တဲ့ရိက္ခာတွေ ပေါင်းပြီးတော့ပဲ ချက်ပြုတ်စားသောက်ကြပါတယ်။

****************************************

 

“ကျေးရွာနေဒေသခံတွေလို ကျွန်တော်တို့လည်း ရေဘေးဒုက္ခသည်ဖြစ်ရတာပေါ့ဗျာ။”

 

စစ်ကိုင်းမြို့နယ်အတွင်းက LPDF အဖွဲ့၀င်တစ်ဦး

 

ရေကခုတော့ ကျတော့သွားပေမဲ့ စခန်းကိုတော့ ပြန်အခြေမချရသေးဘူး။ ရေက ၈ ရက်နေ့လောက်ကစပြီး မြစ်​ရေပိုတက်လာတယ်လေ။ အိမ်တွေ ရေမြုပ်တဲ့အထိ ဖြစ်ကုန်တယ်။ ကျွန်တော်တို့စခန်းကလည်း မြစ်ရေတက်တဲ့ထဲပါတာပေါ့။ ဒုက္ခကတော့ ရောက်တယ်လေ။ စတက်ပြီး ကမ်းလျှံလာပြီဆိုကတည်းက နေရာသစ်အတွက်ကြည့်ရတယ်။ အဲဒီနေရာကလည်း ပစ္စည်းအထားအသိုအတွက် လုံခြုံရေးအစ ကြည့်ပြီးနေရတော့လေ။ သယ်ရပိုးရရွှေ့ရတာတွေအတွက် အဦးဆုံးဒုက္ခပဲ။ ကျေးရွာနေဒေသခံတွေလို ကျွန်တော်တို့လည်း ရေဘေးဒုက္ခသည်ဖြစ်ရတာပေါ့ဗျာ။ နဂိုကလည်း ပြည့်စုံတဲ့အနေထားမရှိတော့ နေရာအရွှေ့အပြောင်းကြောင့် သတိပိုထားရတယ်။ ရိက္ခာပိုင်းကတော့ ရှိတာနဲ့ စား​နေကြရသလို  ပြည်သူတွေကလည်း ကူညီတယ်။ အဓိက စိတ်ပူတာတော့ စစ်ရေးပေါ့။ ​ဒီလိုအဆင်မပြေမှုကြား တိုက်ပွဲ ဘာညာဖြစ်ကြရင် ပြည်သူတွေ ပိုပြီးဒုက္ခရောက်နိုင်သလို ကျွန်တော်တို့အတွက်လည်း ခက်ခဲတာပေါ့ဗျာ။