“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇူလိုင် ၁၃ မှ ၁၉ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jul 20, 2024

ဒီတစ်ပတ်(ဇူလိုင် ၁၃ မှ ၁၉ ရက်အထိ)အတွင်း ကမ္ဘာကြီးထဲ ကမ္ဘာလုံးဆိုင်ရာ နည်းပညာ Error တက်ခဲ့တဲ့ သတင်းတွေက ရှေ့ရောက်ခဲ့သလို ဘိုင်ဒန်ရဲ့ ကိုဗစ်ထပ်ကူးစက်ခံရမှု၊ ဗီယက်နမ်ခေါင်းဆောင် သေဆုံးမှု၊ ဘင်္ဂလားဒေ့ရှ်က ကျောင်းသားတွေ ဆန္ဒပြမှုနဲ့ အစ္စရေးမြို့လယ်ကို ဟူသီတိုက်ခိုက်မှုသတင်းတွေအပါအဝင် လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့သတင်းတွေကို ရွေးချယ်ဖော်ပြထားပါတယ်။

****************************************

 

“လူသန်းချီတိုင်ပတ်ခဲ့ရတဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ နည်းပညာအမှားအယွင်းဖြစ်ပေါ်မှု”

 

ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Crowdstrike နဲ့ Microsoft တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းတစ်ခု ဇူလိုင် ၁၈ ကြာသာပတေး ညပိုင်းကတည်းက ဖြစ်ပေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၉ နဲ့ ၂၀ ရက်အထိ ပြေလည်သွားတာမျိုး မရှိသေးပါဘူး။

 

ဒါကြောင့် ကမ္ဘာတဝန်း လေယာဉ်ခရီးစဉ် သုံးထောင်ကျော်၊ ဘဏ်လုပ်ငန်းတွေ၊ ဈေးဝယ်စင်တာ၊ ရထားခရီးစဉ်၊ ရုပ်သံမီဒီယာထုတ်လွှင့်မှု၊ ပြင်သစ်အိုလံပစ်ပွဲတော်တို့မှာ အိုင်တီဝန်ဆောင်မှုတွေ ပြတ်တောက်သွားလို့ လုပ်ငန်းအားလုံးရပ်ဆိုင်းတာ၊ ခရီးစဉ်ရွှေ့ဆိုင်းရတာမျိုးတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

 

ကနဦးသတင်းတွေအရ Microsoft ရဲ့ နည်းပညာတွေကို ရယူသုံးစွဲနေတဲ့ ဝန်ဆောင်မှုတွေအားလုံး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

Crowdstrike နဲ့ Microsoft တို့ရဲ့ အိုင်တီဝန်ဆောင်မှုတွေပြတ်တောက်သွားခဲ့လို့ ကွန်ပျူတာ Window မှာ Blue Screen of Death ပဲ ပေါ်နေခဲ့ပါတယ်။

 

ဒီ Error ကြောင့် Crowdstrike နဲ့ Microsoft တို့အခြေစိုက်တဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် UK ၊ ပိုလန်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ဩစတြေးလျ၊ အိန္ဒိယတို့အပါအဝင် ကမ္ဘာတဝန်းက လူသန်းနဲ့ချီ တိုင်ပတ်ခဲ့ရပါတယ်။

 

မြန်မာမှာတော့ Crowdstrike ရဲ့ ဝန်ဆောင်မှုတွေ အသုံးမပြုကြလို့ ထိခိုက်မှုမရှိခဲ့ပါဘူး။

****************************************

 

“အသက် ကွန့်ဖို့ အာဏာ စွန့်ပေမဲ့ အနိစ္စရောက်သွားခဲ့ရတဲ့ ဗီယက်နမ်ခေါင်းဆောင်”

 

ဆယ်စုနှစ် တစ်ခုကျော်ကြာ ဗီယက်နမ်ကို ဦးဆောင်မောင်းနှင်ခဲ့သူ ကွန်မြူနစ်ခေါင်းဆောင် ကာလရှည်ကြာ ရောဂါခံစားရပြီးနောက် အသက် ၈၀ မှာ ဆုံးပါးသွားပါပြီ။

 

ငုယင်ဖူချောင်းဟာ သူ့ကျန်းမာရေးဂရုစိုက်ဖို့ အာဏာလွှဲပြောင်းပြီလို့ ပြောအပြီး ရက်ပိုင်းပဲကြာပြီး ၁၉ ဇူလိုင် သောကြာနေ့မှာ သူဆုံးပါးခဲ့တာပါ။

 

နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ကျန်းမာရေးကို ဗီယက်နမ်မှာ ဥပဒေပြုတားဆီးထားလို့ သူဘာဖြစ်နေသလဲဆိုတာ အတိအကျမသိရပေမဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ လေဖြတ်ခဲ့တယ်လို့ လူပြောများလှပါတယ်။

 

အခုသေဆုံးတာမှာလည်း ဘာရောဂါဖြစ်ပြီး သေဆုံးတယ်လို့ အာဏာပိုင်တွေဘက် မထုတ်ပြန်ပါဘူး။

 

သူဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေ၊ ရုရှား၊ တရုတ်တို့နဲ့ ဆက်ဆံရေးကောင်းထူထောင်နိုင်ခဲ့ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

 

သူဟာ ပြီးခဲ့တဲ့နှစ်က ကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့သလို ယခုနှစ် ဇွန်လ ၂၀ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဗီယက်နမ်ခရီးစဉ်မှာ ထွက်ကြိုခဲ့ပါသေးတယ်။

 

ဒါ့အပြင် သမ္မတဟောင်း ထရမ့်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 

သူ့နေရာကို ဆက်ခံနိုင်သူတွေကတော့ လက်ရှိသမ္မတ တိုလမ်းနဲ့ ဝန်ကြီးချုပ် ဖန်မင်းချင်တို့ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

****************************************

 

“စစ်အေးခေတ်နောက်ပိုင်း ရုရှားမှာ သူလျိုမှုနဲ့ ပထမဆုံး ထောင်ချခံရတဲ့ ကန်သတင်းထောက်”

 

ရုရှားက နိုင်ငံတော်အဆင့်လျို့ဝှက်လုပ်နေတဲ့ တင့်ကားထုတ်စက်ရုံကို ထောက်လှမ်းတယ်ဆိုပြီး အမေရိကန်သတင်းထောက်ကို ဇူလိုင် ၁၉ ရက် သောကြာနေ့မှာ ထောင် ၁၆ နှစ်ချလိုက်ပါတယ်။

 

ဒါဟာ စစ်အေးခေတ်နောက်ပိုင်း ရုရှားမှာ သူလျှိုစွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ပထမဦးဆုံး အမေရိကန် သတင်းထောက်ဖြစ်လာပါတယ်။

 

အသက် ၃၂ နှစ်အရွယ် အီဗန် ဂါ့ရှ်ကိုဗစ်ချ်ကို ရုရှားဘက်က ပြီးခဲ့တဲ့နှစ် မတ်လကမှ ဖမ်းဆီးထားခဲ့ပြီးနောက် တစ်နှစ်ကျော်ကြာ ဇူလိုင်လထဲမှာ ရေကာတရင်ဘာ့ဂျ် (Yekaterinburg)မြို့က ရုရှားတရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။ ဒါဟာ သူလျှိုမှုတွေထဲ အချိန်တိုဆုံး အမိန့်ချမှတ်တာဖြစ်ပါတယ်။

 

ဒါဟာ ရုရှားဘက်က တခြားနိုင်ငံတွေနဲ့ အကျဉ်းသားချင်း ဖလှယ်ခါနီး လုပ်လေ့ရှိတဲ့ လုပ်ဆောင်မှုမျိုးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

 

အခု ထောင်ဒဏ် နှစ် ၂၀ အထိချလို့ရတဲ့အမှုမှာ ရုရှားအစိုးရရှေ့နေတွေက သူ့ကို ထောင် ၁၈ နှစ်အထိ ချဖို့ တောင်းဆိုပြီး နာရီပိုင်းအတွင်းမှာပဲ တရားရုံးက ထောင် ၁၆ နှစ်ချမှတ်လိုက်တာပါ။ အကျဉ်းချခံထားရတဲ့ ၁၆ လကို တရားသူကြီးက ထုတ်နှုတ်ခံစားခွင့်ပြုတဲ့အပြင် ၁၅ ရက်အတွင်း အယူခံဝင်နိုင်တယ်လို့လည်း ဆိုပါတယ်။

မစ္စတာ အီဗန်ရဲ့ သတင်းတိုက် Wall Street ဂျာနယ်ဘက်ကတော့ “ရှက်စရာကောင်းတဲ့ ဟန်ပြ တရားစီရင်ချက်” လို့ တုံ့ပြန်ပါတယ်။

 

ပြီးတော့ သူလွတ်အောင်နဲ့ သူ့မိသားစုကို ထောက်ပံ့ဖို့ စဉ်ဆက်မပြတ်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကလည်း ရုရှားဖမ်းဆီးခံ မစ္စတာဂါ့ရှ်ကိုဗစ်ချ်အပြင် အမေရိကန်မရိန်းတပ်သားဟောင်း ပေါလ်ဝီလန် (Paul Whelan)တို့ အမြန်ဆုံးပြန်လွတ်ဖို့ လုပ်ဆောင်နေတယ်လို့ ကြာသပတေးနေ့ ဇူလိုင် ၁၈ ရက်က ပြောထားပါတယ်။

 

ကန်သတင်းထောက် သွားရောက်ထောက်လှမ်းခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ယူရယ်ဗန်းဇဘော့ (Uralvagonzavod) စက်ရုံဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။ အဲဒီစက်ရုံက ရေကာတရင်ဘာ့ဂျ်မြို့နားက နစ်ဇ်နီတာဂဲလ် (Nizhny Tagil)မြို့မှာ အခြေစိုက်ပြီး T-90M တိုက်ပွဲဝင် တင့်ကားတွေ ထုတ်လုပ်တာ၊ T-72B3M တင့်ကားတွေကို အဆင့်မီအောင် ပြန်လည်ပြုပြင် မွမ်းမံတာတွေ လုပ်ဆောင်တယ်လို့ တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။

****************************************

 

“မြေနိမ့်ရာ ကိုဗစ်စိုက်ခံရတဲ့ ဘိုင်ဒန်”

 

အသက်အရွယ်ကြီးရင့်တာတစ်ကြောင်း၊ တုံ့ပြန်နိုင်မှုတွေ နှေးကွေးလာတာတစ်ကြောင်းနဲ့ အကြောင်းအရင်းပေါင်းများစွာကြောင့် အသက်ကြီးဆုံး အမေရိကန်သမ္မတရဲ့ ဒုတိယသက်တမ်း ကြိုးစားခွင့် ထိခိုက်နေတာပါ။

 

အဲဒါကိုပဲ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့မှာ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံထားရတာ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ အကောင်းစားကိုဗစ်ကာကွယ်ဆေးတွေ ထိုးထားတဲ့ ကန်သမ္မတမှာ ဒါဟာ တတိယအကြိမ်မြောက်ကူးစက်ခံရခြင်းဖြစ်ပါတယ်။

 

ဒါကြောင့် လက်စ်ဗီးဂက်စ်မြို့ မဲဆွယ်ပွဲကို မနက်ပိုင်းသာ ကျင်းပနိုင်ခဲ့ပြီး ညနေပိုင်းအတွက် ဖျက်သိမ်းခဲ့ရပါတယ်။

 

အဲဒီကနေ ဒီလာဝဲက သူ့ရဲ့နေအိမ်ကို သမ္မတလေယာဉ်နဲ့ ပြန်သွားခဲ့ပါတယ်။

 

“သူ့ရဲ့ရောဂါအခြေအနေကတော့ မပြင်းထန်ဘဲ နေအိမ်ကနေ တာဝန်တွေ ဆက်လက်ထမ်းဆောင်မယ်” လို့ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကာရင် ဂျင်း ပီယာက ပြောခဲ့ပါတယ်။

 

ဂျိုးဘိုင်ဒန်ရဲ့ ရုပ်ပိုင်းဆိုင်ရာဆရာဝန်ကတော့ လေးကြိမ်မြောက် နောက်ဆုံးပေါ် ကိုဗစ်ကာကွယ်ဆေး PAXLOVID ကို သောကြာနေ့မနက်အစောပိုင်းမှာ ထိုးနှံပြီးပြီလို့ ပြောလာပါတယ်။

 

သောကြာနေ့အထိ ကန်သမ္မတမှာ ချောင်းအနည်းငယ်ဆိုးနေလို့ စကားပြောအဆင်ပြေတာကလွဲရင် ရောဂါသက်သာတယ်လို့ သူ့ဆရာဝန်က ပြောပါတယ်။

 

“နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှုနှုန်းနဲ့ ကိုယ်အပူချိန်တွေက ပုံမှန်အတိုင်းပါပဲ။ သူ့ရဲ့ အောက်ဆီဂျင်လည်း အလွန်ကောင်းမွန်တယ်” လို့ ဆရာဝန် ကီဗင် စီ အို ကော်နာ Kevin C O’Connor က ပြောပါတယ်။

****************************************

 

“ဂါဇာနဲ့ လက်ဘနွန် လက်စား ဟူသီပြန်ချေ”

 

အစ္စရေးထိုးစစ်ဒဏ်ကြောင့် ကြေမွနေတဲ့ ဂါဇာဒေသနဲ့ လက်ဘနွန်တို့ကိုယ်စား ဟူသီသူပုန်တွေက ပြန်လည်လက်စားချေလိုက်ကြပါတယ်။

 

ဇူလိုင် ၁၉ ရက် သောကြာနေ့ မနက်ပိုင်းတုန်းက အီရန်နိုင်ငံလုပ် ဒရုန်းနဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ် Tel Aviv မြို့လယ်ကို ပစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။

 

လေကြောင်းသတိပေးချက်မထွက်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ အနည်းငယ်ရခဲ့တယ်လို့ အစ္စရေးဘက်က ပြောထားပါတယ်။

 

ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ယီမင်နောက်ခံပေးထားတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

 

အီရန် နောက်ခံ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ရဲ့ အကြီးတန်း တပ်မှူးတစ်ဦးကို ချေမှုန်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပြီး နာရီပိုင်းအတွင်း ဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

 

အင်္ဂါနေ့တုန်းကလည်း ဂါဇာထဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးကင်းလုံခြုံရာ နေရာမှာ နေထိုင်သူ ၁၇ ဦးအပါအဝင် ၅၀ ကျော် သေဆုံးခဲ့ရပါတယ်။ အစ္စရေး စစ်တပ်က အရပ်ပြည်သူတွေကြား ပုန်းအောင်းနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

 

ဂါဇာမှာ စစ်ပွဲတွေ စတင်ခဲ့ပြီးနောက်ပိုင်း သေဆုံးခဲ့ရသူပေါင်း ၃၈,၀၀၀ ကျော် နေပြီ ဖြစ်တယ်လို့ ဟားမတ်စ်ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

****************************************

 

“အစိုးရအလုပ်အိပ်မက်ကို ဘင်္ဂလားမှာ စတေးရတဲ့ ကျောင်းသားများ”

 

သီတင်းတစ်ပတ်ကျော်အထိ ကြာမြင့်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန္ဒပြပွဲတွေဟာ ရဲတပ်ဖွဲ့နဲ့ ကျောင်းသားတွေကြား ပဋိပက္ခအသွင်ဆောင်လာပါပြီ။

 

သေဆုံးသူကျောင်းသားအယောက် ၃၀ အထက်ရှိလာသလို ဒဏ်ရာရရဲတပ်ဖွဲ့ဝင်ကလည်း ၁၀၀ အထက်ရှိလာပြီး ရဲကင်း ၅၀ ကျော်နဲ့ အစိုးရအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။

 

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအလုပ်ရရေးက လူငယ်လူရွယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အတွက် အိပ်မက်တစ်ခုလိုပါပဲ။

 

ဒါကို အစိုးရဘက်က တချို့အစိုးရဝန်ထမ်းအလုပ်တွေကို ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်ဆီက လွတ်လွတ်ရေးရအောင်တိုက်ပေးခဲ့ကြတဲ့ စစ်ပွဲသူရဲကောင်းတွေရဲ့ဆွေမျိုးတွေအတွက် ထားရှိပေးမယ့်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားတွေ စုဝေးဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

 

နောက် စီးပွားရေး ကျပ်တည်းတာ၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေတာ၊ အလုပ်လက်မဲ့နှုန်းများလာတာ၊ နိုင်ငံခြားအရန်ငွေတွေ လျော့နည်းလာတာနဲ့ပတ်သက်ပြီးတော့လည်း အစိုးရကို ဆန္ဒပြသူတွေအပါအဝင် ပြည်သူတွေက မကျေနပ်ကြပါဘူး။

 

အစိုးရဟာ ဆန္ဒပြပွဲတွေကို ထိန်းချူပ်ဖို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားပါတယ်။