“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇူလိုင် ၁၄ မှ ၂၀ ရက်အထိ)

Published on Jul 20, 2024

ဒီတစ်ပတ်(ဇူလိုင် ၁၄ မှ ၂၀ ရက်အထိ)အတွင်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲသတင်းတွေကို လူထုစိတ်ဝင်စားမှုအပြည့်ရှိနေဆဲမှာပဲ တရုတ်ရဲ့ကြားဝင်မှုနဲ့ လေးရက်ကြာ အပစ်ရပ်ခဲ့ပါတယ်။ ဒါပေမဲ့ စာရွက်ပေါ်မှာသာရပ်ခဲ့ပြီး လက်တွေ့မြေပြင်မှာတော့ မရပ်ခဲ့ကြပါဘူး။ လာရှိုးနဲ့ ကျောက်မဲမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အခြေအနေအပါအဝင် မိုးကုတ်အရှေ့ပိုင်းနဲ့ စဉ့်ကူး-မတ္တရာမြို့နယ်ထဲက ရှမ်းမန်းစစ်ဆင်ရေးရဲ့ တိုက်ပွဲသတင်းက စိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သမိုင်းဝင်ဖြစ်ရပ်အနေနဲ့ မန်းတိုင်းထဲ စဉ့်ကူးမြို့ကို မန်း PDF က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အာဇာနည်နေ့ အခမ်းအနား လူထုလှုပ်ရှားမှု သတင်းတွေ၊ ယာယီသမ္မတဦး မြင့်ဆွေ ကျန်းမာရေးအခြေအနေမကောင်းလို့ စစ်ကောင်စီအတွက်အခက်တွေ့စေတဲ့ သတင်းနဲ့ ခဏတိုင်း ဆုံးပါးတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ရှမ်းအဆိုတော်ကြီး စိုင်းဆိုင်မောဝ် အမှန်တကယ် ကွန်လွန်သွားခဲ့တဲ့သတင်းတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

****************************************

 

“စာနဲ့ ရပ် လက်တွေ့ ပစ်”

 

ရှမ်းမြောက်ရဲ့ ၁၀၂၇ ဒုတိယအကြိမ် စစ်ဆင်ရေးဟာ အရှိန်ကောင်းနေဆဲမှာပဲ တရုတ်ရဲ့ ကြားဝင်မှုကြောင့် ညီနောင်တော်လှန်ရေးမဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ တအာင်းတပ် TNLA တို့က ဇူလိုင် ၁၄ မှ ၁၈ ရက် ညပိုင်းအထိ လေးရက်ကြာအပစ်ရပ်ကြေညာခဲ့ပါတယ်။

 

တရုတ်ရဲ့ ကွန်မြူနစ်ပါတီအစည်းအဝေးကာလဖြစ်လို့ တရုတ်ရဲ့ မေတ္တာရပ်ခံမှုကြောင့် စာနဲ့ ရပ်ခဲ့ကြပေမဲ့ တကယ့်မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေကြောင့် ပြန်လည်တိုက်ခိုက်ရင်း တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို မလျှော့ဘဲ ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။

 

အဲဒီရက်ပိုင်းအတွင်း ရှမ်းမြောက် ကျောက်မဲ၊ လားရှိုးတို့အပြင် မိုးကုတ်မြို့ အရှေ့ပိုင်းတို့မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။

 

ကိုးကန့်တပ်မတော်(MNDAA)က ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ လားရှိုးမြို့အဝင် မုခ်ဦးအနီး ခလရ(၄၁) တပ်ရင်းဘက်ကနေ မြို့တွင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

 

အပစ်ရပ် ၄ ရက်တာအတွင်း မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့နယ်များမှာ တိုက်ပွဲအကြိမ် ၂၀ ကျော်ဖြစ်ခဲ့ကာ မိုးကုတ်အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ငါးခုကို သိမ်းပိုက်နိုင်ခဲ့သလို လက်နက်တချို့ရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

 

ဇူလိုင် ၂၀ ရက် စနေနေ့မှာတော့ MNDAA က ဇူလိုင်လကုန်အထိ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးခဲ့ပြန်ပါတယ်။

****************************************

 

“သမိုင်းတွင်သွားတဲ့ စဉ့်ကူးမြို့”

 

မန္တလေးမြို့နဲ့ မိုင် ၄၀ ပဲကွာဝေးတဲ့ စဉ့်ကူးတစ်မြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းလိုက်ပြီလို့ ဒီကနေ့ ဇူလိုင် ၂၀ ရက်မှာ တရားဝင်သတင်းထုတ်ပြန်လာပါတယ်။

 

ဒါကြောင့် စဉ့်ကူးမြို့ဟာ မန္တလေးတိုင်းထဲ ပထမဆုံး စစ်ကောင်စီကင်းစင်တဲ့မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

 

မြို့သိမ်းတိုက်ပွဲထဲက စစ်သုံ့ပန်းနဲ့ သိမ်းဆည်းလက်နက်ခဲယမ်းအရေအတွက်နဲ့ပတ်သက်ပြီး မန်း PDF ပြောခွင့်ရသူ ကိုအော်စမွန်ကတော့ CJ Platform ကို ယခုလိုပြောပါတယ်။

 

“သုံ့ပန်း တစ်ရာကျော်ပါတယ်ဗျ။ သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေလည်း များပါတယ်။ အသေးစိတ်တော့ ထုတ်ပြန်ဖို့မရှိပါဘူး” ပြောပါတယ်။

 

မန်း PDF က ထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲမှာတော့ စစ်သုံ့ပန်း ၇၀ ဦးခန့်နဲ့ လက်နက်ခဲယမ်း အများအပြားကို တွေ့မြင်ရပါတယ်။

 

စဉ့်ကူးမြို့သိမ်းစစ်ဆင်ရေးထဲ မန်း PDF ဘက်က ထိုက်သင့်တဲ့ပေးဆပ်မှုတချို့ရှိခဲ့ပြီး ကျဆုံးရဲဘော်တချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေနဲ့ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

 

မြို့ခံတွေနဲ့ပတ်သက်ပြီး ကိုအော်စမွန်ကတော့ အခုလိုပြောပါတယ်။

 

“ပြည်သူအများစုကတော့ စစ်ရှောင်နေပါတယ်။ ပိတ်မိတဲ့ပြည်သူတချို့ကိုလည်း ဘေးကင်းရာပို့ဆောင်ပေးခဲ့တာတွေရှိပါတယ်။ လက်ရှိအချိန်မှာတော့ မြေပြင်တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်တဲ့အတွက် ပိတ်မိတာမျိုးတော့ မရှိနိုင်တော့ပါဘူး” သူက ပြောပါတယ်။

 

လတ်တလော စဉ့်ကူးမြို့မှာ စစ်ရှောင် နှစ်သောင်းဝန်ကျင်ရှိတယ်လို့ သိရပါတယ်။

 

အလားတူ မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးတွေ နေအိမ်ထဲ ကျရောက်ပေါက်ကွဲလို့ ဇူလိုင် ၁၉ ရက် တစ်နေ့တည်း မြို့ခံပြည်သူ (၁၀)ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

 

မတ္တရာမြို့ရဲ့ မြောက်ဘက်၊ မတ္တရာ – စဉ့်ကူး ကားလမ်းပေါ်က မြို့နဲ့ နှစ်မိုင်ခွဲခန့်သာဝေးတဲ့ တံငါ(တောင်)ကျေးရွာ စစ်ကောင်စီ စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဇူလိုင်(၁၆)ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မတ္တရာမြို့ကနေ မန္တလေးကိုသွားတဲ့ မြို့အရှေ့ဘက် အဝင်အထွက်လမ်းကို စစ်ကောင်စီက ပိတ်ထားတယ်လို့ သိရပါတယ်။

 

မန္တလေးမြို့အနီး၊ ပုသိမ်ကြီးမြို့နယ် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၁၁၆ နဲ့ ခမရ – ၁၁၉ တည်ရှိတဲ့ ဆင်ပွတ်ကြီးကျေးရွာ အနီးမှာ ဇူလိုင်(၁၈)ရက် မနက်ပိုင်းက စတင်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် စစ် ကောင်စီက ကျေးရွာတွေကို အဝင်အထွက်ပိတ်ဆို့ထားကာ ဒေသခံပြည်သူတွေကို ရွာထဲက ထွက်ခွင့် မပေးဘူးလို့သိရပါတယ်။

 

မန္တလေး-မိုးကုတ်လမ်းတစ်လျှောက် မတ္တရာနဲ့ စဉ့်ကူးနယ်တွေမှာ စစ်ရေးအရှိန်မြင့်တက်လာတာ ကြောင့် ဒေသခံအမြောက်အများ မန္တလေးမြို့ကို စစ်ဘေးတိမ်းရှောင်လာကြပြီး ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းမှ စစ်ဘေးရှောင်လာသူများကို စစ်ကောင်စီက စစ်ဆေးရေးတင်းတင်းကြပ်ကြပ် လုပ်ဆောင်ပြီး ဖမ်းဆီးမှုများလည်းရှိနေတယ်လို့ သိရပါတယ်။

****************************************

 

“မမေ့နိုင်ကြသေးတဲ့ ၁၉ ဇူလိုင်”

 

ဒီတစ်ပတ်ရဲ့ ဇူလိုင် ၁၉ ရက် သောကြာနေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ စစ်ကောင်စီရဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဆက်ရှိခဲ့ပါတယ်။

 

တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေကလည်း အာဇာနည်နေ့အောက်မေ့ဖွယ်အခမ်းအနားတွေကို နည်းမျိုးစုံ၊ ပုံသဏ္ဍန်မျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

 

ရန်ကုန်မြို့မှာတော့ အစဉ်အလာမပျက် အာဇာနည်နေ့အထိမ်းမှတ် မနက် ၁၀ နာရီ ၃၈ မိနစ်အရောက်မှာ ကားဟွန်းတီးဂုဏ်ပြုခဲ့ကြပါတယ်။

 

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက “ဦးအောင်ဆန်းရေ အာဏာရှင်တစ်စုကြောင့် လူထုမျက်ရည် ကျရပြီ” ဆိုတဲ့ စာတန်းကို ရန်ကုန်မြို့က ခုံးကျော်တံတားတစ်ခုမှာ ချိတ်ဆွဲခဲ့ပါတယ်။

****************************************

 

“လွမ်းသူ့ပန်းခွေချခွင့်မရတဲ့ အာဇာနည်ခေါင်းဆောင်ရဲ့ သမီး”

 

ဒါ့အပြင် ရန်ကုန်မြို့မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ခွင့်မရသလို လွမ်းသူ့ပန်းခွေလည်း ချခွင့်မရခဲ့ပါဘူး။

 

ဒါကြောင့် လူထုနဲ့ နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီအပေါ် ဝေဖန်ပြောဆိုမှုတွေ ပိုမိုမြင့်တက်ခဲ့ပါတယ်။

 

စစ်တပ် အာဏာသိမ်းပြီးနောက် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ခွင့်မရတာ ဒီနှစ်နဲ့ဆိုရင် လေးနှစ်ရှိခဲ့ပါပြီ။

 

အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအစား စစ်ကောင်စီဩဇာခံ သားကြီး ဦးအောင်ဆန်းဦးကို တက်ခွင့်ပေးခဲ့ပါတယ်။

****************************************

 

“ယာယီသမ္မတ မြင့်ဆွေမရှိရင်”

 

စစ်ကောင်စီ ရုပ်သေးရုပ် ယာယီသမ္မတ ဦးမြင့်ဆွေဟာ အထူးဆေးကုသမှုခံယူနေရတယ်လို့ စစ်ကောင်စီဘက်က ဇူလိုင် ၁၉ ရက်မှာ ကြေညာလာခဲ့ပါတယ်။

 

လာမယ့် ဇူလိုင်လ ၃၁ ရက်မှာ ၆ လ သက်တမ်းပြည့်တော့မယ့် စစ်ကောင်စီကို သက်တမ်းတိုးပေးဖို့ ယာယီသမ္မတမြင့်ဆွေဟာ မဖြစ်မနေလိုအပ်နေချိန် အခုသတင်းထွက်လာတာပါ။

 

ဒါကြောင့် စစ်ကောင်စီကိုင်စွဲထားတဲ့ ၂၀၀၈ ခြေ/ဥအရ ယာယီသမ္မတမြင့်ဆွေအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို မဦးဆောင်နိုင်တော့သလို စစ်ကောင်စီကို သက်တမ်းတိုးပေးမယ့် ကာ/လုံအစည်းအဝေးမှာလည်း လာရောက်ပြီး ခဏထိုင်နိုင်တဲ့ အခြေအနေမရှိတော့တာလည်းဖြစ်ပါတယ်။

 

သူသေသွားခဲ့ရင် စစ်ကောင်စီထုတ်လိုသမျှ စာဖတ်ပေးမယ့် သမ္မတတစ်ဦးမှ မရှိတော့ပါဘူး။ သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသလို ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူကိုလည်း စစ်ကောင်စီက ကျန်းမာရေးအရဆိုပြီး အနားပေးထားတာပါ။

 

၂၀၀၈ ခြေ/ဥအရ ဇူလိုင် ၃၁ ရက်မှာ ပြည့်မယ့် ခြောက်လသက်တမ်းကို တိုးဖို့ ဦးမြင့်ဆွေကို လိုကိုလိုအပ်နေတာ ဖြစ်ပါတယ်။

 

ဒီတော့ စစ်ခေါင်းဆောင်တွေကို ခေါင်းကိုက်စေတဲ့ ယာယီသမ္မတ ကိစ္စဘယ်လိုဖြေရှင်းမလဲစောင့်ကြည့်ရပါမယ်။

 

အဲဒီအတွက် သမ္မတတစ်ဦးကို စစ်ကောင်စီအနေနဲ့ အစားထိုး ခန့်တာမျိုး လုပ်နိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။

****************************************

 

“ချယ်ရီတွေကို တစ်ကယ်ငိုစေသူ”

 

“ချယ်ရီတွေ ငိုပြန်ပြီ နန်းရယ်…”ဆိုတဲ့ တေးသီချင်းကို သီဆိုခဲ့သူ ဂီတပညာရှင် တေးရေး၊တေးဆို စိုင်းဆိုင်မောဝ်ဟာ ဇူလိုင် ၁၆ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

 

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတည်းက မကြာခဏဆိုသလို သူကွယ်လွန်ပြီဆိုတဲ့ သတင်းတွေ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့လို့ ကျန်းမာရေးမကောင်းတဲ့ကြားထဲက ဗီဒီယိုတွေတင်ပြီး ဖြေရှင်းခဲ့ရတဲ့ စိုင်းဆိုင်မောဝ်ဟာ ဒီတစ်ကြိမ်တော့ အမှန်တကယ်ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

 

ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပြီဖြစ်ပြီး နာရေးကိုတော့ ဇူလိုင် ၁၉ ရက် သောကြာနေ့ ညနေ ၃ နာရီက ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

 

ချယ်ရီသက်‌သေမောင့်မျက်ရည် ၊ မူဆယ်-နမ့်ခမ်းလမ်း၊ မောင်ပေးတဲ့ အချစ်ပြန်ဆပ်ခဲ့ပါ၊ အိပ်မရတဲ့ည ပေါင်းတွေ၊ ရှမ်းပဲပုတ်လေးကျွန်တော်၊ တစ်ရွာသားနဲ့ ပုဝါပါး စတဲ့ ​တေးသီချင်းတွေအပါအဝင် အောင်မြင်တဲ့ ‌သီချင်းများစွာ သီဆိုခဲ့သူဖြစ်ပါတယ်။

 

စိုင်းဆိုင်မောဝ်က ဂီတသက်တမ်း နှစ်လေးဆယ်ကျော်အတွင်း မြန်မာနဲ့ ရှမ်း သီချင်းပေါင်း ရာနဲ့ချီသီဆိုခဲ့ပြီး စီးရီးပေါင်း ၇၀ လောက်ထွက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

စိုင်းဆိုင်မောဝ်က ၁၉၄၉ ခု ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အဘစိုင်းဘခိုင်၊ အမိဒေါ်အေးစိန်တို့က မူဆယ်မြို့မှာ စိုင်းဆိုင်မောဝ်ကို ဖွားမြင်ခဲ့တာဖြစ်ပြီး သူအပါအဝင် မွေးချင်းခြောက်ဦးရှိပါတယ်။

 

စိုင်းဆိုင်မောဝ်က အိမ်ထောင်ဆက် ငါးဆက်အထိရှိခဲ့ပြီး သားသမီး ၈ ဦး ၊ မြေး ၁၀ ဦးရှိခဲ့ပါတယ်။

 

စိုင်းဆိုင်မောဝ် ကွယ်လွန်သွားတဲ့အပေါ်  ဆုတောင်းစကားများနဲ့ အမှတ်တရအောက်မေ့ဖွယ်အကြောင်း များကို ၎င်း၏ပရိသတ်များအပါအဝင် မိတ်ဆွေများကလည်း လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားကြ တာကိုတွေ့ရပါတယ်။