စစ်ကြီးပြီးရင်
#အက်ဆေး
ကမ္ဘာကြီး သူ့ဝင်ရိုးစွန်းပေါ်ဗဟိုရ်ပြုပြီး နှစ်ဆယ့်ကိုးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီလည်နေဆဲမှာပဲ ကျနော် လူ့ဘဝထဲကို ရောက်ရှိလာပါတယ်။ ဘဝက အမြဲတမ်းဖြောင့်ဖြူးသာယာနေခဲ့တာမဟုတ်သလို အမြဲတမ်းလည်း ကြမ်းတမ်းကောက့်ကွေ့မနေခဲ့ပါဘူး။ တောင်ဆင်းတောင်တက်လမ်းတွေလိုပါပဲ။ ကွေ့ကောက်သွားလိုက် ၊ညီညာပြန့်ပျူးလာလိုက် ၊အပေါ်ကိုထိုးတက်သွားလိုက် ၊အောက်ကိုနိမ့်ဆင်းသွားလိုက်နဲ့။ဘဝရဲ့အနိမ့်အမြင့် အတက်အကျ အလှည့်အပြောင်း အမျိုးမျိုးအဖုံဖုံနဲ့ကြုံဆုံခဲ့ရပါတယ်။ ရခဲလှတဲ့လူ့ဘဝမှာလူအချင်းချင်း သတ်နေဖြတ်နေတာနဲ့ကြုံရပါတယ်။ ဘုရားသခင်က ဘယ်သူ့ကိုမှစစ်ပွဲနဲ့ မစမ်းသပ်ပါစေနဲ့ ဆန္ဒပြုမိသည်။
အသက်အန္တရာယ်သာမရှိဘူးဆို တစ်ယောက်က အခြားတစ်ယောက်ကို ဘာကြောင့်သတ်နေကြမလဲ။ ၂၀၂၁ဖေဖော်ဝါရီ နောက်ပိုင်းမှသည် ယနေ့အထိက တမာန်တော်တစ်ဝက် နတ်ဆိုးတစ်ဝက်နဲ့ နူးညံ့ခက်ထန်နေမိတဲ့ နေ့ရက်တွေပါပဲ။
ဒုတိယကမ္ဘာစစ်အပြီး ၅နှစ်အကြာ၁၉၅၀ တောင်မြောက်ကိုရီးစစ်ပွဲအတွင်းမှာ တူရကီဟာ တောင်ကိုရီးယားဘက်ကနေ စစ်ကူတိုက်ပေးခဲ့ပါတယ်။အဲ့ဒီမှာ စူလေမန်ဆိုတဲ့ စက်ပြင်တပ်ကြပ်ကြီး တစ်ယောက်လည်း ပါခဲ့ပါတယ် ။တစ်နေ့သူတို့ စစ်ယာဉ်တန်းကို မြောက်ကိုရီးယားစစ်သားတွေရဲ့ ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ပစ်ရင်းခတ်ရင်း ပြေးရင်းလွှားရင်းနဲ့ အမိအဖမဲ့သွားတဲ့ ကိုရီးယားကလေးငယ် မိန်းကလေးတစ်ယောက်ကို တပ်ကြပ်ကြီးစူလေမန်ကကောက်ယူ ကယ်ဆယ်ခဲ့ပါတယ်။ သမီးလေးကိုအိုင်လာ(လမင်းကြီး)လို့အမည်ပေးခဲ့ပြီး စူလေမန်နဲ့သားအဖ သံယောဇဉ်တွယ်ခဲ့ကြပါတယ်။ ဒီလိုနဲ့တပ်ကြပ်ကြီး စူလေမန်တစ်ယောက် ကိုရီးယားမှာ တာဝန်ကုန်ဆုံးပြီး အိမ်ပြန်ချိန်ကို ရောက်လာခဲ့ပါတယ်။ သမီးလေးအိုင်လာကို မထားရက်နိုင်လို့ လက်ဆွဲသေတ္တာထဲခိုးထည့်ခေါ်ခဲ့ပေမဲ့ စစ်ဆေးရေးကရှာဖွေတွေ့ရှိပြီး သားအဖနှစ်ယောက်ကို ခွဲခဲ့ကြပါတယ်။
အဖေဖြစ်သူ စူလေမန်က သမီးလေးအိုင်လာကို ဖေဖေပြန်လာခေါ်မယ်လို့ ကတိပေးခဲ့ပြီး မျက်ရည်စက်လက်နဲ့ တူရကီကို ပြန်ခဲ့ရတာပေါ့။ ဒီလိုနဲ့ စစ်ကြီးအပြီးမှာ အိုင်လာအကြောင်းကိုစုံစမ်းရင်း စူလေမန်တစ်ယောက် သမီးကိုရှာဖွေနေခဲ့ပေမဲ့ ကံဆိုးစွာမရှာနိုင်ခဲ့ပါဘူး။ နှစ်ခြောက်ဆယ်အကြာ ၂၀၁၀ခုမှာတော့ တောင်ကိုရီးယား သတင်းထောက်နှစ်ယောက်ရဲ့ ကြိုးစားမှုကြောင့် စူလေမန်နဲ့ အိုင်လာ သားအဖနှစ်ယောက် ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။သူတို့သားအဖအကြောင်းကို ဖတ်ရင်း ရုပ်ရှင်ကားကိုကြည့်ရင်း ကျနော် မျက်ရည်ကျခဲ့ရပါသည်။
ခုကျနော်တို့ နိုင်ငံမှာ စစ်အာဏာရှင်များ မတရားအာဏာသိမ်းပြီး ခုခံတော်လှန်စစ်စခဲ့ပြီးနောက် အဖမဲ့သွားတဲ့ကလေးတွေ ၊သားဆုံးရှုံးသွားရတဲ့မိခင်တွေ ၊ပြာကျသွားသောရွာငယ်များ မျက်စိရှေ့မှာတင်ကြုံတွေ့နေရပါပြီ။ စူလေမန်နဲ့ အိုင်လာသားအဖဆုံတွေ့ဖို့အတွက်တော့ ကမ္ဘာကြီးက အားတက်သရောကူညီပေးခဲ့ကြပါတယ်။ ကျနော်တိူ့ မြန်မာပြည်က ကလေးငယ်တွေအတွက်တော့ ခုထိ ကမ္ဘာကြီးက စိုးရိမ်ဆဲ ဝမ်းနည်းဆဲ ပူပန်ဆဲပါပဲ ။UNဆိုတာ ခုကာလမှာတော့ ယောင်ပြအဖွဲ့အစည်း၊တံခါးပိတ်ဆွေးနွေးရင်း တရားမျှတမှုတံခါးပါ မပွင့်နိုင်တော့သောကမ္ဘာ့ စိုးရိမ်ပူပန်လွန်းသူများ အဖွဲ့ကြီးအဆင့်သာပင်။
စစ်အာဏာရှင်တွေကတော့ စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်မြဲကျူးလွန် နေဆဲ။ စစ်မရှိတဲ့ကာလမှာ သားတွေက အဖေတွေကိုသင်္ဂြိုလ်ပေးရပြီး စစ်ပွဲကာလမှာတော့ သားတွေအလောင်းကို အဖေတွေက ဂူသွင်းပေးနေရပါတယ်။ဒီလို ရေဆန်လေဆန်ခရီးကြမ်းကာလထဲမှာပဲ ကျနော်လည်း ကိုယ့်ဘဝကို ကိုယ် ခိုင်မာအောင်တည်ဆောက်နေရပါတယ်။
ကျနော်လည်း ကျနော့်သားလေးရယ် မြင်တောင်မမြင်ဘူးသေးတဲ့ သမီးလေးရယ်နဲ့ ပြန်ဆုံချင်ပါသေးတယ်။ စူလေမန်နဲ့ အိုင်လာလို အနှစ်ခြောက်ဆယ်ကြာမှပြန်ဆုံရမှာလား။အတွေးများက ရင်နာစေပါတယ်။ ကျနော့်သမီးလေး ကို ပွေ့ချီချော့မြူခွင့် ရချင်ပါရဲ့။ညင်သာစွာနမ်းရှိုက်ခွင့်၊ယုယစွာပွေ့ဖက်ခွင့် ရချင်သေးပါရဲ့။
သားကြီးနဲ့အတူ ဘောကန်ခွင့်၊ သမီးပါးပြင်လေး သနပ်ခါးလိမ်းပေးခွင့်လေးများ တောင့်တမိပါရဲ့။ အဖေတွေက သူတို့ကလေးတွေအတွက် ကြိုးစားရုန်းကန်ကြတယ်တဲ့။သူတို့ပေးတဲ့ကတိအတိုင်း အသက်ရှင်သွားကြတယ်တဲ့ ကျနော်ရော သားနဲ့သမီးအပေါ် ကတိတည်နိုင်ပါ့မလား ဝေခွဲမရ။ အိမ်စောင့်နတ်နဲ့ အစေးမကပ်ခဲ့တဲ့ကျနော် ချည်တိုင်ကိုပြန်မရောက်မှာတော့ ကြောက်နေတတ်ခဲ့ပြီ။ သို့သော် လောကကြီးမှာ ကိုယ်တစ်ယောက်ထဲ မိသားစုနဲ့သာသာယာယာနေဖို့တွေးမိတိုင်း ပြာကျသွားတဲ့အညာကရွာတွေ၊ ကလေးငယ်များရဲ့အရိုးအသားတွေတစ်စစီပြန့်ကြဲနေသော လက်ယက်ကုန်းကစာသင်ခန်းလေး၊ သားတွေဆုံးရှုံးသွားရတဲ့မိခင်များ ကို မြင်ယောင်ပြီး ရှက်များရှက်မိပါရဲ့။
ကိုယ့်ဘဝရှင်သန်ဖို့ အများပြည်သူဘဝကို မီးလောင်တိုက်သွင်းရက်သော လူ့အန္ဓ လူ့ဗာလ များကို ပိုလို့ရွံရှာ စက်ဆုပ်မိရပါ၏။ အော် မြန်မာပြည်ကား စင်စစ် ငရဲတွင်းဖြစ်ခဲ့တာ (၂)နှစ် တောင် ကပ်လာပါရောလား။ ကိုယ်မျှော်လင့်ထားသမျှ ဖြစ်မလာသေးသော်ငြား ခုချိန်ထိ ဘဝကို သန့်သန့်ရှင်းရှင်းရပ်တည်နိုင်သေးတာကတော့ ဘုရားသခင်ကျေးဇူးပါပဲ။ဘုရား သခင်ကဘယ် လူသားကိုမှ စစ်ပွဲနဲ့ မစမ်းသပ်စေဖို့ မယ်တော်မာရီယာ ကိုပဲ ဆုတောင်းမိပါတော့တယ်။
“အချစ် ၊ဂရုစိုက်မှုနဲ့ကို ယ်ချင်းစာတရားတွေ ထွန်းကားလာသောတစ်နေ့ ကမ္ဘာကြီးက သာယာလှပလာလိမ့်မလား” ငဘုဏ်း တွေးမိရင်း ပုသိမ်သားအဆိုတော်ထူးအိမ်သင်ရဲ့ “မြစ်တစ်ခုလိုအချိန်များစီးဆင်းဆဲ လူ့ဘဝကိုတို့ရရှိခဲ့တယ် လောကကိုပေးဆပ်ဖို့ပဲ ကိုယ့်ဘဝကိုနှစ်သိမ့်ခဲ့ ရေဆန်လေဆန်ဒီခရီးကြမ်းထဲ လူ့ဘဝတစ်ခုတော့အခိုင်အမာ ဆောက်တည်မယ် လောကမှာ ကိုယ်ဘဝဆက်ဖို့အတွက် အခြားဘဝတွေဆုံးရှုံးမသွားဖို့ပဲ နှလုံးသားမှာသတိရှိနေ အို စွန့်လွှတ်ဖို့အသင့်ပဲ ကိုယ်ရည်ရွယ်တာတွေမဖြစ်သေးလည်း ဘဝမှာသန့်သန့်ရှင်းရှင်း နေထိုင်အသက်ရှင်မယ် လူ့ဘဝဟာရခဲလွန်းလှတယ် ကိုယ့်ဘဝကို အလွဲသုံးစားမလုပ်နဲ့။ တနေ့နေ့သေခြင်းတရားမှာ အားလုံးအဆုံးသတ်ရမယ်။ ရှင်သန်ချိန်တွေတိုတောင်းလွန်းလှတယ် မကောင်းမှုတွေလုပ်ဖို့ အချိန်တွေနှမျောလွန်းပါတယ်။” ဆိုသည့် တေးသွားကို အသံတိတ်သီဆိုနေမိပါတော့သည်။