မြို့ ၁၈ ခုမှာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေမယ်

Published on Jul 18, 2024

ဧရာ၀တီ၊ ချင်းတွင်း၊ ငဝန်နဲ့ တိုးမြစ် စတဲ့မြစ်လေးစင်းနဲ့ သက်ဆိုင်တဲ့ မြို့ ၁၈ ခုမှာ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဦးမယ်လို့ စစ်ကောင်စီ မိုးဇလဌာနရဲ့ ယနေ့ ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဧရာ၀တီမြစ်ဟာ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည် စတဲ့မြို့တွေမှာ လက်ရှိ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ရေပြန်ကျနိုင်ပေမဲ့ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်မြို့တွေမှာတော့ နောက်တစ်ရက်အတွင်း မြစ်ရေမြင့်တက်နိုင်ကာ အထက်ပါမြို့အားလုံး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းပါတယ်။

 

ချင်းတွင်းမြစ်ဟာ ဖောင်းပြင်၊ မော်လိုက်၊ ကလေး၀၊ မင်းကင်း၊ မုံရွာ စတဲ့မြို့တွေမှာ လက်ရှိ စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။

 

အလားတူ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ စိုးရိမ်ရေမှတ်အထက်ရှိ နေပြီး ယင်းနှစ်မြို့လုံး နောက်တစ်ရက်အတွင်း မြစ်ရေပိုမိုမြင့်တက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ငဝန်မြစ်ရေဟာ လက်ရှိ ဧရာဝတီတိုင်း၊ သာပေါင်းမြို့မှာ စိုးရိမ်ရေမှတ်မရောက်သေးပေမဲ့ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

လက်ရှိ ဧရာ၀တီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနေပြီး စစ်ကိုင်းမြို့မှာတော့ စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေပေမဲ့ နောက် ၁၂ နာရီအတွင်း စိုးရိမ်ရေအမှတ် အောက်သို့ ပြန်လည်ကျဆင်းနိုင်တယ်လို့ ဆိုထားပါတယ်။

 

နောက် ဒုဋ္ဌ၀တီမြစ်ရေဟာ မြစ်ငယ်မြို့မှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပေမဲ့ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်တယ်လို့ သိရပါတယ်။

 

ဧရာ၀တီမြစ်ရေဟာ မန္တလေးမြို့ကနေ တဖြည်းဖြည်းအောက်ပိုင်း​ဒေသများသို့ ရောက်ရှိသွားပေမဲ့  အလယ်ပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း စတဲ့မြစ်ကြောင်းတစ်လျှောက် မြို့ရွာတချို့ ရေကြီးရေလျှံမှုတွေကြုံတွေ့နေရဆဲဖြစ်ပြီး လတ်တလော ဧရာတီတိုင်းအထိ မြစ်ရေရောက်ရှိနေတာကြောင့် မြို့ရွာများ မြစ်ရေဝင်ရောက်မှုတွေ ကြုံတွေ့နေပြီဖြစ်တယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်၊ ချီဖွေဒေသမှာ မိုးများပြီး ရေကြီးပြီးနောက် ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လဆန်းပိုင်းထဲ မြစ်ကြီးနား၊ ဗန်းမော်မြို့တို့မှာ ဧရာဝတီမြစ်ရေမြင့်တက်ပြီး မြို့ခံတွေ ရေဘေးဒဏ် အပြင်းအထန်ရင်ဆိုင်ခဲ့ရပါတယ်။

 

အဲဒီမှာ ကယ်ဆယ်ရေးတွေ မနိုင်မနင်းဖြစ်ခဲ့ရပြီး ပိတ်မိခဲ့လို့ လူနှစ်ဦးသေဆုံးတဲ့အထိ ဖြစ်ပေါ်ခဲ့ရပါတယ်။ အခုတော့ မြန်မာပြည်အထက်ပိုင်းက မြစ်ရေဟာ အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေအထိ ဆင်းသက်လာနေလို့ အဲဒီကဒေသခံတွေ ရေဘေးကြုံတွေ့နေကြရပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – မန္တလေးမြို့ရဲ့  ဧရာ၀တီမြစ်ရေအခြေအနေကို မြင်တွေ့ရစဉ်