ရန်ကုန်မှာ အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်ဝမ်းရောဂါရှိသူ ၁၃ ဦးထပ်တွေ့

Author ကိုထားဝယ်
Categories
Published on Jul 16, 2024

ရန်ကုန်တိုင်းအတွင်း ဇူလိုင် ၁၄ မှ ၁၅ ရက် ညနေ ၆ နာရီအထိ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းရောဂါလူနာသစ် ၉၆ ဦးထဲမှ ၁၃ ဦးမှာ ပြင်းထန်ဝမ်းရောဂါပိုးထပ်တွေ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

၎င်းတို့ဟာ ဆေးရုံအသီးသီးမှာ တက်ရောက်ကုသနေပြီး ရောဂါအခြေအနေ သက်သာတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

 

ယမန်နေ့ ညနေပိုင်းအထိ ရောဂါပျောက်လို့ ဆေးရုံဆင်းသူ ၉၂ ဦးရှိပြီး ဝမ်းရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရသူ စုစုပေါင်း ၆၁၃ ဦးရှိတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ နဲ့ ၁၂ ရက်နေ့တို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်လို့ ဆေးရုံတက်ရသူ ၂၀၀ နီးပါးရှိခဲ့ပြီး အဲဒီထဲက ၃၃ ဦးဟာ ပြင်းထန်ဝမ်းရောဂါရှိသူတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

 

မိုးတွင်းကာလ ခြင်၊ ယင်ပေါများခြင်းကြောင့် နိုင်ငံတဝန်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလေ့ရှိပေမဲ့ ယခုနှစ် ဇွန်လဆန်းပိုင်းမှစတင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အချိန်မီမကုသပါက အသက်အန္တရာယ်ရှိတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းရောဂါပိုး ဖြစ်ပွားလာတာဖြစ်ပါတယ်။

 

ဒါကြောင့် သာကေတမြို့နယ်အတွင်း လူငါးဦးအထိ သေဆုံးခဲ့ပြီး ယခုချိန်အထိ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

 

“အခုရောဂါက ချက်ချင်းဖြစ်တာနော်။ လူမှာ ရေဓာတ်လုံးဝခန်းခြောက်သွားပြီးတော့ ဖြူဆုတ်သွားတာ။ သူ့ရဲ့လက္ခဏာကမြန်တယ်။ သတိတော့ကြီးကြီးထားရတယ်” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ – သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း

 

ပုံစာ – လူသေဆုံးခဲ့တဲ့ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်အတွင်း ဝမ်းရောဂါပပျောက်ရေး လိုက်လံလုပ်ဆောင်နေစဉ်