ပလူတိုမဟုတ်တဲ့ နေအဖွဲ့အစည်းအတွင်းက ကိုးလုံးမြောက်ဂြိုဟ်

Author ဇက်
Categories
Published on Jul 14, 2024

ကျွန်တော်တို့ အားလုံး သိထားကြတာအရ လက်ရှိနေအဖွဲ့အစည်းထဲမှာ ဂြိုဟ်ကြီးရှစ်လုံးရှိပါတယ်။ ပလူတိုကို ၂၀၀၆ ခုနှစ်မှာ ဂြိုဟ်စာရင်းထဲက ပယ်လိုက်ပြီး လက်ရှိအချိန်ထိ မပြောင်းမလဲ ရှိနေတဲ့ ဂြိုဟ်စာရင်းပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်က ပညာရှင်တွေကြားထဲ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်နေတဲ့ အသံတစ်သံ ရှိပါတယ်။ အဲဒါက နေအဖွဲ့အစည်းထဲမှာ ဂြိုဟ်ကြီးရှစ်လုံးအပြင် ပလူတိုမဟုတ်တဲ့ နောက်ထပ် ဂြိုဟ်တစ်လုံး ရှိနေ’နိုင်’တယ် ဆိုတာပါ။ နက္ခတ္ထဗေဒပညာရှင်တွေ အချင်းချင်း ကြားထဲမှာလဲ ငြင်းသံ ခုန်သံတွေနဲ့ ဆူညံပွက်လော ရိုက်နေပါတယ်။ လက်ရှိအချိန်ထိတော့ ကိုးလုံးမြောက်ဂြိုဟ် အယူအဆက အဆိုကြမ်းအဆင့်ပဲ ရှိသေးပေမဲ့ ထည့်တွက်လို့ရတဲ့ သက်သေသက္ကာရတွေလဲ တစ်စတစ်စ ပေါ်ပေါက်လာနေဆဲပါ။ ဒီနေ့တော့ CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာ ဒီပဟေဠိဆန်ဆန် ဂြိုဟ်အကြောင်း စူးစမ်းကြရအောင် ခင်ဗျာ။

 

၂၀၁၆ ခုနှစ်လောက်မှာ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်က သုတေသနပညာရှင် ကွန်စတန်တင် ဘတီဂင်နဲ့ မိုက်ကယ်ဘရောင်းတို့ ပူးပေါင်းပြီး အမျိုးအမည် မခွဲခြား မသတ်မှတ်နိုင်တဲ့ ဂြိုဟ်တစ်လုံး နေအဖွဲ့အစည်းထဲမှာ ရှိနေတယ်ဆိုတဲ့ အဆိုပြုချက်တစ်ရပ်ကို တင်သွင်းလိုက်ပါတယ်။ အဲဒီဂြိုဟ်ကိုလဲ သင်္ချာပုစ္ဆာတွေတွက်ရင် မသိကိန်းထားတတ်ကြတဲ့ အက္ခရာ ‘X’ ကို ရည်ရွယ်ပြီး ‘Planet X’ လို့ အရပ်ခေါ်အသုံး သတ်မှတ်ခဲ့ကြလေရဲ့။ အဲဒီအချိန်ကတည်းကနေ လက်ရှိအချိန်ထိ နည်းနည်းချင်းစီ လေ့လာတွေ့ရှိထားကြတာအရ တကယ်လို့သာ အဲဒီဂြိုဟ်ဟာ နေအဖွဲ့အစည်းထဲ အမှန်တကယ် တည်ရှိခဲ့မယ်ဆိုရင် ကမ္ဘာ့ဒြပ်ထုထက် ဆယ်ဆကျော် ပိုကြီးပြီး ယူရေးနပ်စ်တို့ နက်ပ်ကျွန်းတို့ရဲ့ အရွယ်တူမယ်၊ နက်ပ်ကျွန်းနဲ့ နေကြားက အကွာအဝေးထက် အဆ ၂၀ ကျော် ပိုဝေးတဲ့ နေရာကနေ နေကို ဘဲဥသဏ္ဍာန် ရှည်မျောမျောလမ်းကြောင်းနဲ့ ပတ်မယ်၊ နေကို တစ်ပတ်ပတ်နိုင်ဖို့ နှစ်ပေါင်း တစ်သောင်းကနေ နှစ်သောင်းကြား ကြာမြင့်နိုင်တယ်ဆိုပြီး ယူဆထားကြပါတယ်။

 

ကိစ္စက ဒီလိုပါ။ နေအဖွဲ့အစည်းရဲ့ ပြင်ပ အာကာသကနေ ဂြိုဟ်သိမ်/ဂြိုဟ်မွှားတွေ၊ ကြယ်တံခွန်တွေနဲ့ ဥက္ကာခဲတွေ၊ တခြား အာကာသဒြပ်ထုတွေက နေပတ်လမ်းထဲ မျက်စိလည်လမ်းမှားပြီး ရောက်လာတတ်ကြပါတယ်။ ဒီလို ရောက်လာကြတဲ့ အာကာသဒြပ်ထုတွေက အထဲဘက်ကို ရောက်လာတာနဲ့အမျှ နေနဲ့ တခြားဂြိုဟ်တွေရဲ့ ဆွဲအားကို ခံကြရတာပေါ့။ ဒါပေမဲ့ ပြဿနာက နေရဲ့ ပတ်လမ်းထဲကို လွတ်လွတ်ကျွတ်ကျွတ် ဝင်သွားနိုင်တဲ့ ဒြပ်ထုတွေ ရှိသလို ဝင်နေတဲ့ လမ်းမှာ အာကာသအပြင်ဘက်နဲ့ နီးတဲ့ ဂြိုဟ်တွေ (ဂျူပီတာ၊ စေတန်၊ ယူရေးနပ်စ်၊ နက်ပ်ကျွန်း) ရဲ့ ဆွဲတာကို ခံရပြီး သူတို့ပတ်လမ်းထဲ ဝင်သွားတဲ့ ဒြပ်ထုတွေလဲ အမြောက်အမြားပဲ။ နက်ပ်ကျွန်းဂြိုဟ်က နေအဖွဲ့အစည်းရဲ့ အပြင်ဘက်ဆုံးဒေသမှာ ရှိတာမို့ အပြင်က လာတဲ့ အာကာသဒြပ်ထုတွေက နေပတ်လမ်းထဲ မဝင်ခင် သူ့နားကနေ အရင်ဖြတ်ရပါတယ်။ ဖြတ်သွားတဲ့ထဲက နီးတာတွေဆိုရင် နက်ပ်ကျွန်းရဲ့ ဆွဲအားကြောင့် လမ်းကြောင်းယိုင်ပြီး ဂြိုဟ်ပတ်လမ်းထဲ ဝင်သွားတာပေါ့။ ဝေးဝေးက လာတယ်ဆိုရင်လဲ သူ့ရဲ့ ဆွဲအားကို ခံရလို့ လမ်းယိုင်သွားတတ်ပြီး ရှေ့ဘက်ဆက်သွားရင်း ယူရေးနပ်စ်လို ဧရာမဂြိုဟ်ကြီးတွေရဲ့ ဆွဲအားပြင်းပြင်းဒဏ် ခံရပြန်တယ်။ ဒီတော့ နက်ပ်ကျွန်းဂြိုဟ်က ကိုယ်ပိုင် ပတ်လမ်းထဲကို ဆွဲထည့်တာထက် သူများဆွဲလို့ရအောင် ကူပေးတတ်တဲ့ သဘာဝရှိတယ်လို့ ‘အကြမ်းဖျင်း’ မှတ်ယူနိုင်တာပေါ့။

 

ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက စလို့ နက်ပ်ကျွန်းဂြိုဟ်ရဲ့ ပတ်လမ်းထဲ ရောက်သွားတဲ့ အာကာသဒြပ်ထုတွေ ပမာဏများလာတာကို ပညာရှင်တွေက သတိထားမိတယ်။ နက်ပ်ကျွန်း ကိုယ်တိုင်လဲ ဒြပ်ဆွဲအား အသင့်အတင့်ရှိတဲ့ ဂြိုဟ်တစ်လုံးပေမဲ့ ခပ်လှမ်းလှမ်းကနေ လာတဲ့ ဒြပ်ထုတွေထိ လှမ်းဆွဲနိုင်စွမ်း သူ့မှာ မရှိဘူး။ ရှေ့မှာရှိတဲ့ ဂြိုဟ်ကြီးတွေ လွယ်လွယ်ကူကူဆွဲနိုင်အောင် လမ်းယိုင်ပေးတဲ့ ဂြိုဟ်ပေမဲ့ အပေါ်က ပြောသလို ပတ်လမ်းထဲ ဝင်သွားတာတွေ များလာချိန်ကျ နက်ပ်ကျွန်းဂြိုဟ်ကို ဆွဲကူနေတဲ့ တခြားဂြိုဟ်များ ရှိနေမလားဆိုတဲ့ ယုံမှားသံသယ ပေါ်လာရတာပဲ။ အဲဒီယူဆချက်အရ Planet X (သို့) Planet Nine အမည်ရတဲ့ ကိုးလုံးမြောက်ဂြိုဟ်က နေအဖွဲ့အစည်းနား ရောက်လာတဲ့ ပြင်ပဒြပ်ထုတွေကို လှမ်းဆွဲလိုက် . . . လမ်းကြောင်းယိုင်လိုက်စေပြီး ရှေ့မှာရှိတဲ့ နက်ပ်ကျွန်းကတော့ ဒီယိုင်လာတဲ့ ကောင်တွေကို လှမ်းဆွဲတယ်ဆိုတဲ့ အဆိုပြုချက် ပေါ်လာပါတယ်။

 

ဒီအဆိုပြုချက်အတွက် သက်သေရဖို့ ပညာရှင်တွေက ဂြိုဟ်တွေရဲ့ ဒြပ်ဆွဲစက်ကွင်း သက်ရောက်မှု ပမာဏတွေထဲ Planet X ထည့်ထားတာရယ်၊ Planet  X ထည့်မထားတာရယ်ဆိုပြီး နှစ်ကဏ္ဍ ခွဲခြားတွက်ထုတ်လိုက်တာပေါ့။ အဲဒီအခါမှာ နက်ပ်ကျွန်းဂြိုဟ်ဆီ ယိုင်သွားတဲ့ အာကာသဒြပ်ထုတွေက နက်ပ်ကျွန်းဂြိုဟ်ရဲ့ ဒြပ်ဆွဲအား သီးသန့်ကြောင့် မဖြစ်နိုင်ဘဲ အပြင်ဘက်က ဆွဲအားတစ်ရပ် ပါဝင်ပတ်သက်နေမှ အခုလို အခြေအနေဖြစ်နိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတာတွေကို စုစည်းမိထားပေမဲ့ တယ်လီစကုပ်နဲ့ တိုက်ရိုက်ထောက်လှမ်းတွေ့ရှိနိုင်မှပဲ အတည်လို့ သတ်မှတ်နိုင်မှာပါ။

 

လောလောဆယ် ခန့်မှန်းထားကြတာအရ အဲဒီအမည်မသိ ပဟေဠိဂြိုဟ်က နက်ပ်ကျွန်းနဲ့ နေကြားက အကွာအဝေးထက် အဆနှစ်ဆယ်ကျော်ဝေးတဲ့ နေရာမှာ ရှိပါတယ်။ နက်ပ်ကျွန်းနဲ့ ကမ္ဘာကြားက အကွာအဝေးတောင် ကမ္ဘာနဲ့ နေကြားထက် အဆ ၃၀ ဝေးတာမို့ အတော်လေးလှမ်းတဲ့ နေရာမှာ တည်ရှိနေတယ်လို့ ခန့်မှန်းရတာပေါ့။ တွက်ချက်မှုတွေသာ မှန်ခဲ့ရင် အဲဒီဂြိုဟ်ဟာ နေနဲ့ ၂.၈ ဘီလျံမိုင် အကွာအဝေးမှာ ရှိမှာပါ။ ဒါကြောင့်မို့ တယ်လီစကုပ်နဲ့ တိုက်ရိုက်ထောက်လှမ်းနိုင်ဖို့က အတော်လေးခဲယဉ်းနေပါတယ်။

 

ဒီလောက်ဆိုရင်တော့ Planet X အကြောင်းနဲ့  အတော်အတန် သိပြီးလောက်ပြီလို့ မြင်ပါတယ်။ အခုအခြေအနေကို ချုံကြည့်မယ်ဆိုရင် လူသားတွေက ကိုယ်နေထိုင်ရာ နေအဖွဲ့အစည်းကိုတောင် နှံ့စပ်ကုန်စင်အောင် မလေ့လာနိုင်/မလေ့လာာရသေးတာကို မြင်ရမှာမို့ ကမ္ဘာဂြိုဟ်ပြင်ပ သက်ရှိတွေ ရှာဖွေတွေ့ရှိနိုင်ဖို့၊ အပြိုင်စကြဝဠာတွေ တည်ရှိတာကို လေ့လာနိုင်ဖို့ဆိုတာတွေက အတော်လေးအလှမ်းဝေးပါသေးတယ်။

 

နောက်တစ်ပတ်လဲ ပြန်ဆုံပါအုံးမယ်။

 

Hurt (IPAC)/Caltech