“သတိ… ရန်ကုန်မှာ ဝမ်းပျက်နေတယ်”

Author ကိုထက်
Categories
Published on Jul 13, 2024

ရန်ကုန်မြို့မှာ ဇွန်လဆန်းပိုင်းကတည်းက စတင်ဖြစ်ပွားနေတဲ့ ပြင်းထန်ကာလဝမ်းရောဂါဖြစ်ပွားမှုဟာ အခုထိ မရပ်တန့်သေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အဲဒီရောဂါကြောင့် အပြင်းထန်ဆုံးဖြစ်ပွားနေတဲ့ သာကေတမြို့နယ် အနော်မာရပ်ကွက်ထဲ လူငါးဦးသေဆုံးထားပါတယ်။ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၀ နဲ့ ၁၁ ရက်ထုတ်ပြန်ချက်ထဲ ဝမ်းရောဂါကြောင့် ဆေးရုံတက်လူနာ ၂၀၀ နီးပါးထဲ ပြင်းထန်ဝမ်းရောဂါရှိသူ ၃၃ ဦးအထိရှိခဲ့တယ်လို့ပါရှိပါတယ်။ ဒါကြောင့် ပြင်းထန်ဝမ်းရောဂါခံစားခဲ့ရသူ မိသားစုဝင်တွေ၊ မြို့ခံတွေ၊ ပရဟိတသမားတွေရဲ့ တီးတိုးသံတွေကို CJ Platform ရဲ့ အပတ်စဉ် “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍကနေ ထုတ်ဖော်ပေးလိုက်ပါတယ်။

****************************************

 

“ကလေးအခုလိုဖြစ်နေတာမြင်ရတာ တကယ်ကမ္ဘာပျက်သလိုပါပဲ။”

 

သာကေတမြို့နယ်က ပြင်းထန်ကာလဝမ်းရောဂါခံစားခဲ့ရတဲ့ ကလေးတစ်ဦးရဲ့ ဖခင်

 

“ကလေးကအန်တယ်။ ဖျားတယ်။ ပြီးတော့ဝမ်းသွားတာပေါ့။ ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ရန်ကင်းကလေးဆေးရုံကိုတင်လိုက်တယ်။ ဆေးရုံရောက်တော့ ဆေးသွင်းတာတွေလုပ်တယ်။ သတိရလိုက်၊ မရလိုက်နဲ့ သူတို့စစ်ကြည့်တာ ကာလဝမ်းရောဂါဖြစ်တာလို့ပြောတယ်။ အခုတော့ ပြန်သက်သာလာပြီ။ ဆေးတွေလည်း ဝယ်ခိုင်းတယ်။ အခုဖြစ်တာတော်တော်ကြောက်သွားပြီ။ နောက်ဆိုသေချာကို ဂရုစိုက်မှဖြစ်တော့မယ်။ ကလေးအခုလိုဖြစ်နေတာမြင်ရတာ တကယ်ကမ္ဘာပျက်သလိုပါပဲ။

****************************************

 

“အခုလိုကြီး ဆေးရုံတွေဘာတွေတက်နေကြရတာဖြစ်လာမယ်လို့ မထင်ဘူး။”

 

သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်နေပြည်သူတစ်ဦး

 

ကိုယ်တွေရပ်ကွက်ဘက်တွေက နည်းနည်းညစ်ပတ်တာလည်း ပါမှာပေါ့လေ။ ဝမ်းသွားတဲ့သူတွေ စဖြစ်လာတာတော့သိတယ်။ အခုလိုကြီး ဆေးရုံတွေဘာတွေတက်နေကြရတာဖြစ်လာမယ်လို့ မထင်ဘူး။ ဆင်ဆင်ခြင်ခြင်နေရမှာပေါ့။ ကလေးတွေကိုလည်း အခုဆို လမ်းဘေးစာတွေမကျွေးတော့ဘူး။ ဂျိုးဖြူရေရတာတွေက မသန့်တာတွေကြောင့်လည်း ပါမယ်ထင်တယ်။ ရေရတာက တီကောင်လိုလို ဘာလိုလိုတွေပါပါလာတယ်။ အဲဒါကြောင့်လည်း အခုလိုတွေဖြစ်လာတာဖြစ်မယ်။ အရင်နှစ်တွေကဖြစ်မှ မဖြစ်ခဲ့တာကို။

****************************************

 

“…‌ဒီမှာလည်း ဖြစ်လာမှာအရမ်းစိုးရိမ်တယ်။”

 

လှိုင်သာယာမြို့နယ်နေသူတစ်ဦး

 

အခုလှိုင်သာယာဘက်မှာလည်း အဲဒီဟာဖြစ်လာမှာဆိုးလို့ဆိုပြီး အိမ်ရှေ့တွေထုံးတွေဖြူးခိုင်းတယ်။ အိမ်သာနားတွေပေါ့။ ရပ်ကွက်ထဲလည်း လိုက်ကြေညာတာတွေရှိတယ်။ ဘယ်လိုနေထိုင်ရမယ်တို့ ဘာတို့ပေါ့။ အခု တခြားမြို့နယ်တွေမှာ တစ်ရက်တစ်ရက်ဖြစ်တဲ့သူကများများနေတော့ ‌ဒီမှာလည်း ဖြစ်လာမှာအရမ်းစိုးရိမ်တယ်။

****************************************

 

“နေ့တိုင်းဆေးရုံတင်ရတဲ့လူနာကရှိနေတော့ ကွင်းဆက်ဖြတ်တောက်နိုင်တဲ့အခြေအနေမှာတော့ မရှိသေးဘူး။”

 

ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦး

 

“ကျွန်တော်တို့လူမှုကယ်ဆယ်ရေးအသင်းတွေကတော့ အဓိကတော့ ဖြစ်နေတဲ့ရပ်ကွက်တွေကို တစ်အိမ်တက်ဆင်းကို ‌သုံးရေတွေမှာ ကလိုရင်းဆေးခတ်တာတွေ၊ ရောဂါဖြစ်/မဖြစ်စစ်ဆေးပေးတာတွေ၊ ဖြစ်တဲ့သူတွေကိုလည်း သက်ဆိုင်ရာဆေးရုံတွေကို ပို့ပေးတာ‌တွေဆက်တိုက်လုပ်ဆောင်နေရတာပါ။ နေ့တိုင်းဆေးရုံတင်ရတဲ့လူနာကရှိနေတော့ ကွင်းဆက်ဖြတ်တောက်နိုင်တဲ့အခြေအနေမှာတော့ မရှိသေးဘူး။