“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇူလိုင် ၇ မှ ၁၃ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Jul 13, 2024

ဒီတစ်ပတ်(ဇူလိုင် ၇ မှ ၁၃ ရက်အထိ)အတွင်း ကမ္ဘာ့သတင်းလွှာတွေထဲ NATO ရဲ့ ၇၅ နှစ်ပြည့် ထိပ်သီးအစည်းအဝေးသတင်းတွေ ရှေ့ရောက်ခဲ့ပါတယ်။ အဲဒီသတင်းတွေနဲ့ဆက်စပ်ပြီး ဂျိုးဘိုင်ဒန်ရဲ့ ပူတင်နဲ့ ဇလန်းစကီး မှားယွင်းမိတ်ဆက်မှု၊ တရုတ်-ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ဂါဇာမှာ ဆက်ကြမ်းနေတဲ့ အစ္စရေးကြောင့် လူ ၇၀ ကျော်သေဆုံး၊ တောင်ကိုရီးယား အကြီးဆုံးကုမ္ပဏီ Samsung ဝန်ထမ်းတွေ ဆန္ဒပြ စတဲ့သတင်းတွေနဲ့အတူ ထူးခြားသတင်းတွေကို ဒီတစ်ပတ်ရဲ့ CJ Platform ရဲ့ နိုင်ငံတကာသတင်းအနှစ်ချုပ်အဖြစ် စုစည်းဖော်ပြအပ်ပါတယ်။

****************************************

 

“အားကိုး ထပ်ရှိသွားတဲ့ ယူကရိန်း”

 

အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေဟာ ရုရှားကျူးကျော်ခံရတဲ့ ယူကရိန်းကို ငွေနဲ့ စစ်လက်နက်တွေအပါအဝင် အလုံးစုံ ထောက်ပံ့ကူညီနေတာပါ။

 

အဲဒါကိုမှထပ်ပြီး NATO ရဲ့ထိပ်သီးအဖွဲ့ဝင်နိုင်ငံတွေက စိတ်မပူဖို့ အားပေးလိုက်ပြန်ပါတယ်။

ကမ္ဘာ့နိုင်ငံကြီး ၃၂ နိုင်ငံပါဝင်တဲ့ NATO မဟာမိတ်အဖွဲ့ဟာ သူတို့ရဲ့ ၇၅ နှစ်မြောက် ထိပ်သီးအစည်းအဝေးအဖြစ် ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့ပါတယ်။

 

အဲဒီမှာ အချက် ၃၈ ချက်ပါဝင်တဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သလို ယူကရိန်းနဲ့ပတ်သက်ပြီး ရေရှည်အကူပေးဖို့အတွက် ကတိပြုချက်ကိုလည်း ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲ ယူကရိန်းအတွက် ရေရှည်လုံခြုံရေးအကူအညီပေးဖို့ ကတိပြုပါတယ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။

 

အဲဒီထဲ ယူကရိန်းအတွက် အဓိက နှစ်ချက်အနေနဲ့ စစ်ရေးအကူအညီ ရေရှည်ပေးမှာဖြစ်ကြောင်းနဲ့ NATO အဖွဲ့ဝင်အဖြစ် လက်ခံဖို့ရှိတဲ့အကြောင်း ကတိပြုခဲ့ကြပါတယ်။

 

အဲဒီနောက် ရုရှားရဲ့ကျူးကျော်စစ်ကိုခံနေရတဲ့ ယူကရိန်းဟာ ရေရှည်ပံ့ပိုးမှုလိုအပ်တဲ့အတွက် ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် စတင်ကတည်းက NATO မဟာမိတ်တွေက နှစ်စဉ် ယူရို ၄၀ ဘီလျံခန့်ရှိ စစ်ရေးအကူအညီအပါအဝင် လိုအပ်တာတွေ ပံ့ပိုးပေးခဲ့တယ်လို့ ပြောပါတယ်။

 

လာမယ့်နှစ်တွေမှာလည်း ယူကရိန်းကို နှစ်စဉ် ကန်ဒေါ်လာ ၄၃ ဘီလျံ(ယူရို ၄၀ ဘီလျံခန့်)ထောက်ပံ့ဖို့လည်း မဟာမိတ်တွေ သဘောတူခဲ့ကြပါတယ်။

 

ဆက်လက်ပြီး ယူကရိန်းရဲ့ ခုခံစစ်အတွက် NATO ရဲ့ အရှေ့ပိုင်းဒေသ ထောက်ပို့လုပ်ငန်းတွေအတွက် အရှေ့ပိုင်းဂျာမနီ Wiesbaden က ကွပ်ကဲရေးစခန်းကိုသုံးပြီး အကူအညီပေးဦးမှာဖြစ်ပါတယ်။

 

ဒါ့အပြင် လေကြောင်း ကာကွယ်ရေးဆိုင်ရာ လက်နက်တွေပါဝင်တဲ့ စစ်ရေးအကူအညီကိုလည်း ယူကရိန်းအတွက် ချက်ချင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

 

NATO အဖွဲ့က တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေကို ရုရှားကို ပံ့ပိုးပေးသူတွေလို့ သတ်မှတ်ခဲ့ကြပါတယ်။ ရုရှားရဲ့ကျူးကျော်စစ် ရပ်စဲစေဖို့ တရုတ်က ရုရှားအတွက် အကူအညီပေးနေတာတွေ ရပ်ပစ်ဖို့လည်း NATO အဖွဲ့က တောင်းဆိုခဲ့ပါတယ်။

 

နောက်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ချိန်ကစပြီး ဥရောပ-အတ္တလန်တိတ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသလို ကမ္ဘာ့လုံခြုံရေးဟာလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

ရုရှားဟာ NATO မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေးကို အသိသာဆုံးနဲ့ တိုက်ရိုက် ခြိမ်းခြောက်မှု ရှိနေဆဲပဲလို့လည်း ကြေညာချက်ထဲ ထည့်သွင်းထားပါတယ်။

 

ယူကရိန်းအတွက် ရေရှည်စစ်ရေး အကူအညီပေးဖို့ သဘောတူခဲ့တဲ့အပြင် NSATU လို့ခေါ်တဲ့ NATO ရဲ့ ယူကရိန်းအတွက် လုံခြုံရေး အထောက်အကူနဲ့ သင်တန်းပေးမယ့် စစ်ဌာနချုပ်အသစ် တစ်ခုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ဒီဌာနဟာ ယူကရိန်းကို စစ်သင်တန်းနဲ့ စစ်ပစ္စည်းပေးအပ်ရာမှာ လက်တွဲဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

****************************************

 

“ဘယ်သူမပြု ဘိုင်ဒန် မှု”

 

ကိုယ့်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး ခံစားရတာဟာ ကိုယ်ပြုခဲ့တဲ့ ကောင်းမှု၊ မကောင်းမှုကြောင့်ပဲလို့ စကားပုံက အဓိပ္ပာယ်ရပါတယ်။

 

အခုတော့ ဘယ်သူမပြု ဘိုင်ဒန် မှုလို့ ပြောရတော့မလိုပါပဲ။

 

သူဟာ ဇွန်လနှောင်းပိုင်းတုန်းက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာလုပ်ခဲ့တဲ့ သမ္မတလောင်းစကားစစ်ထိုးပွဲမှာ သူအသက်ကြီးနေပြီဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။ ပြိုင်ဘက် ဒေါ်နယ်ထရန့်က သွက်သွက်လက်လက် ထိုးနှက်နေတဲ့အချိန် ဂျိုးဘိုင်ဒင်ကတော့ တုံ့ပြန်ဖို့အတော်အားယူခဲ့ရပါတယ်။ ဒါကြောင့် အဲဒီမှာ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။

ဒါကြောင့် သူ့ပါတီတွင်းမှာ ဘိုင်ဒန်ကို ဖြုတ်ချဖို့အထိ စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့ သူ သက်သာရာရခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့များမကြာမီမှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်း သမ္မတ ဇလန်းစကီးကို ရုရှား သမ္မတ ပူတင်ဆိုပြီး မှားယွင်းမိတ်ဆက်ပေးမိခဲ့ပြန်ပါတယ်။

 

ဇူလိုင် ၁၁ ရက် ကြာသာပတေးနေ့က အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့(NATO)ထိပ်သီးအစည်းအဝေးမှာ အခုလိုမှားယွင်းခဲ့တာပါ။

အဲဒီနောက် ပထမဦးဆုံးအကြိမ်အဖြစ် လူရှေ့ပြန်ထွက်တဲ့ NATO ၇၅ နှစ်ပြည့်အစည်းအဝေးမှာ အမှားထပ်ကျူးလွန်မိခဲ့တာပါ။

 

ယူကရိန်း သမ္မတ ဇလန်းစကီးနာမည်နဲ့ ယူကရိန်းကို ၂ နှစ်ကျော်ကြာ ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားသမ္မတ ပူတင် နာမည်ကို မှားယွင်းခေါ်ဝေါ်ခဲ့မိတာဖြစ်ပါတယ်။

 

ဒါဟာ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီအတွင်း သမ္မတလောင်းအဖြစ် သူ့ကို နုတ်ထွက်စေလိုသူတွေ တိုးပွားနေချိန်မျိုးမှာ အခုလိုအမှားအယွင်းမျိုး ထပ်လုပ်မိခဲ့တာပါ။

 

ကန်လက်ရှိသမ္မတနဲ့ ဒီမိုကရက်တစ် သမ္မတလောင်းဟာ “အခု ကျွန်တော်ခေါ်ချင်တဲ့ သူကတော့ တကယ့်ကို သတ္တိလည်းရှိ စိတ်ဓာတ်လည်း ကြံ့ခိုင်တဲ့ ယူကရိန်းသမ္မတပါ” လို့ ပြောဆိုပြီးတဲ့နောက်မှာ “လူကြီးမင်းများခင်ဗျာ။ သမ္မတ ပူတင်ပါ။ သမ္မတ ပူတင်ပါ” ဆိုပြီး နှစ်ကြိမ်တိတိပြောမိခဲ့တာ ဖြစ်ပါတယ်။

 

ပြီးနောက် သူ့ရဲ့ အမှားကို သတိထားမိသွားပြီး “သမ္မတပူတင်ကို အနိုင်ယူမယ့် သမ္မတ ဇလန်းစကီးပါ။ သမ္မတ ပူတင်ကို အနိုင်ယူမယ့်ကိစ္စကို ကျွန်တော် အာရုံစိုက်လွန်းမိသွားလို့ပါ။ ကျွန်တော်တို့ အဲဒီကိစ္စကို စိုးရိမ်နေရတယ်မဟုတ်လား” လို့ သူ့ရဲ့အမှားကို ပြန်လျှောချသွားခဲ့ပါတယ်။

 

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ အခုလို မှားယွင်းညံ့ဖျင်းလှတဲ့ မိတ်ဆက်ပေးမှုကို “ကျွန်တော်က ပိုတော်ပါတယ်” လို့ အရွှန်းဖောက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ပဲ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ကလည်း “မင်းက တကယ့်ကို အတော်လေးတော်ပါတယ်” လို့ အလိုက်သင့် ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

 

ဂျိုးဘိုင်ဒင်ဟာ စကားထစ်ခြင်းဝေဒနာကို ဆယ်စုနှစ်များစွာကြာအောင် ခံစားနေရတဲ့ သူလည်းဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ထရန့်နဲ့ စကားစစ်ထိုးပွဲမှာ အရေးနိမ့်ခဲ့တာ၊ တခြား စကားလုံးမှားယွင်းသုံးစွဲခဲ့တဲ့ ကိစ္စတွေအပြင် သိသာထင်ရှားတဲ့ ဇဝေဇဝါဖြစ်မှုအခြေအနေတွေကြောင့် အမေရိကန်သမ္မတတွေထဲ အသက်အကြီးဆုံး သမ္မတ ဂျိုးဘိုင်ဒန်ဟာ နှုတ်နဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေ လျော့နည်းလာနေတဲ့အတွက် သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မယ့်အပေါ်  စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

 

ဒါကြောင့် သူ့ကို ထောက်ခံသူတွေလည်း မချင့်မရဲဖြစ်နေရပြီး ကန်ရဲ့အသက်ကြီးဆုံးသမ္မတဟာ ရွေးကောက်ပွဲဆက်ပြိုင်ခွင့်ဟာလည်း စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

 

သူ့ကို ဒီမိုကရက်တစ်ပါတီ အမတ်တွေ၊ ဟောလိဝုဒ် မင်းသားကြီး ဂျော့ဂျ် ကလူနေး George Clooney ၊ ပါတီရဲ့ ထိပ်တန်း မဲဆွယ်ရန်ပုံငွေ ထည့်ဝင်သူတချို့ကပါ ရွေးကောက်ပွဲ ဆက်မပြိုင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

 

ဒါပေမဲ့ ၈၁ နှစ်အရွယ် ယန်းကီးကြီးကတော့ လက်မခံသေးပါဘူး။ သူသာ အတော်ဆုံးပုဂ္ဂိုလ်လို့ ကြုံးဝါးပါတယ်။

 

“သမ္မတနေရာ ဝင်ပြိုင်ဖို့အတွက် ကျွန်တော်သာ အရည်အချင်း အပြည့်မီဆုံး ပုဂ္ဂိုလ်လို့ ထင်ပါတယ်။ သူ့ (ဒေါ်နယ်ထရမ့်)ကို အရင်တစ်ခေါက် နိုင်ပြီးပြီလေ။ အခုလည်း ထပ်နိုင်မှာပါ” လို့ သမ္မတ ဘိုင်ဒန်က ပြောလိုက်ပါတယ်။

****************************************

 

“ကမ္ဘာ့ခြိမ်းခြောက်မှုအမြင့်ဆုံးနှစ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှု”

 

အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံတွေကို အဖက်ဖက်က ခြိမ်းခြောက်နေတဲ့ တရုတ်နဲ့ ရုရှားတို့ဟာ တရုတ်နိုင်ငံထဲ ပူးတွဲစစ်ရေးလေ့ကျင့်လို့နေပါတယ်။

 

တရုတ်နိုင်ငံတောင်ပိုင်းမှာ ဇူလိုင်လဆန်းမှ လလယ်အထိ ပူးတွဲစစ်ရေးလေ့ကျင့်နေတယ်လို့ တရုတ်ဘက်က သောကြာနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြောလာတာပါ။

 

ဒါဟာ အမေရိကန်ဦးဆောင်တဲ့ NATO မဟာမိတ်နိုင်ငံတွေ ဝါရှင်တန်ဒီစီအစည်းအဝေးအပြီး အချိန်ကိုက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

 

NATO ၇၅ နှစ်ပြည့်ကြေညာချက်ထဲ ရုရှားကိုပံ့ပိုးမှုရပ်ဖို့ တရုတ်ကို သတိပေးလာချိန်နဲ့ တရုတ်ရဲ့ ရုရှားနဲ့ခိုင်မာတဲ့ ဆက်ဆံမှုကနေ ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့ ဂျပန်က သတိပေးလိုက်ပြီးနောက်မှာ အခုလို စစ်ရေး လေ့ကျင့်လာကြတာ ဖြစ်ပါတယ်။

 

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်-ရုရှား နှစ်နိုင်ငံဟာ ၂၀၂၄ – ပင်လယ်ပြင် ပူးတွဲစစ်ရေး လေ့ကျင့်မှု (Joint Sea – 2024) လို့ခေါ်တဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်နေပြီလို့ ပြောပါတယ်။ ဒီစစ်ဆင်ရေးကို နှစ်စဉ်ပြုလုပ်မယ်လို့လည်း ပြောပါတယ်။

 

တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ရှန်ကျိန်းမြို့ တဝိုက်မှာရှိတဲ့ ရေပြင်ရော ဝေဟင်မှာပါ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြတာ ဖြစ်ပါတယ်။

 

နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပူးတွဲဖြေရှင်းပြီး ကမ္ဘာတစ်လွှားနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရလာအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။

 

ဒီပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ တရုတ်-ရုရှား နှစ်နိုင်ငံကြား နောင်မှာ ပြည့်စုံတဲ့မဟာဗျူဟာကျ မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး နက်ရှိုင်းလာစေဖို့ ဖြစ်ကြောင်းလည်း ပြောပါတယ်။

****************************************

 

“ဂါဇာမှာ ထိုးစစ်ဆင်နေဆဲ အစ္စရေး”

 

အမေရိကန်ဦးဆောင်ပြီး ဂါဇာမှာအပစ်ရပ်ရေးကြိုးပမ်းလုပ်ဆောင်နေပေမဲ့ အစ္စရေးဘက်ကတော့ ဆက်လက်ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

 

အခုက ဂါဇာဒေသတစ်နေရာတည်းမဟုတ်တော့ဘဲ မြောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း ဒေသစုံမှာ အစ္စရေးက ထိုးစစ်ဆင်နေတာပါ။

 

ပြီးခဲ့တဲ့အပတ်ထဲ အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၇၀ ကျော်သေဆုံးခဲ့ရပါတယ်။

 

အင်္ဂါနေ့ ဇူလိုင် ၉ ရက်က ဂါဇာတောင်ပိုင်းရှိ ဒုက္ခသည်ခိုလှုံရာစခန်းအဖြစ်ပြောင်းထားတဲ့ ကျောင်းအဆောက်အအုံကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်လို့ ပါလက်စတိုင်းကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၃၀ ဦးနီးပါးထက်မနည်း သေဆုံးခဲ့ရပါတယ်။

 

ဂါဇာမြောက်ပိုင်းမှာလည်း အစ္စရေးက ပြင်းပြင်းထန်ထန် ဗုံးကြဲနေလို့ ဂါဇာစီးတီးမြို့မှာ ဆေးရုံဆေးခန်းတွေ ပိတ်လိုက်ရပြီး ဒုက္ခသည်ထောင်ပေါင်းများစွာ စစ်ရှောင်ထွက်ပြေးနေကြ ရပါတယ်။

 

အဲဒီမတိုင်ခင် ဂါဇာအလယ်ပိုင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုထဲ အမျိုးသမီးတစ်ယောက်နဲ့ ကလေးလေးယောက်အပါအဝင် ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

 

ဆက်လက်ပြီး အစ္စရေးဘက်က ဂါဇာအလယ်ပိုင်းဒေသကို ဇူလိုင်လ ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ ဆက်လက် တိုက်ခိုက်ခဲ့ပါတယ်။

 

နူဆေးရက် Nuseirat မြို့နဲ့ ခန်း ယူနစ် Khan Younis မြို့တွေကို အစ္စရေးတပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ခြောက်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

 

AP သတင်းမှာတော့ ပါလက်စတိုင်း အရပ်သားတွေခိုလှုံဖို့ အစ္စရေးဘက်က ညွှန်ကြားထားတဲ့ လူသားချင်းစာနာ ထောက်ထားမှု ဘေးကင်းဇုန်ဖြစ်တဲ့ ဒိုင်ယာ အယ်ဘလာ Deir al-Balah ဒေသမှာရှိတဲ့ နေအိမ်တစ်လုံးကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ လူ ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ဒီလို တိုက်ခိုက်မှုတွေက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ထိခိုက်စေတယ်လို့ ဟားမက်စ်အဖွဲ့ဘက်က ပြောပါတယ်။

 

ဒါပေမဲ့ တစ်ဖက်မှာလည်း ဂါဇာမှာ အပစ်ရပ်ရေး အဆိုပြုချက်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဆွေးနွေးဖို့ ညှိနှိုင်းရေးမှူးတွေကို အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကို စေလွှတ်မယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးဘက်က ကြေညာပါတယ်။

 

ကြားဝင်ညှိနှိုင်းပေးနေကြတဲ့ အမေရိကန်၊ အီဂျစ်နဲ့ ကာတာ ကိုယ်စားလှယ်တွေဟာ အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ဂါဇာအပစ်ရပ်စဲရေး သဘောတူညီချက်ရဖို့ တွန်းအားပေးနေကြတာဖြစ်ပြီး သဘောတူညီချက်ရဖို့ နီးလာနေပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

 

ဒါပေမဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု သူ့စစ်တပ်က ဟားမက်စ်တွေမပြုတ်မချင်း အပစ်မရဘူးလို့ ပြောထားပါတယ်။

****************************************

 

“Samsung ကုမ္ပဏီဝန်ထမ်းတွေ ဆန္ဒပြ”

 

တောင်ကိုရီးယားရဲ့အကြီးဆုံး အီလက်ထရောနစ်ကုမ္ပဏီ Samsung က အလုပ်သမား သုံးသောင်းကျော် လုပ်အားခတိုးရရေး ဒီတစ်ပတ်ထဲ ဆန္ဒပြခဲ့ကြပါတယ်။

 

မြို့တော် ဆိုးလ်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲထဲ အလုပ်သမား ၆၅၀၀ လောက်ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ဟာ လက်ရှိလုပ်အားခထက် ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးပေးဖို့နဲ့ အားလပ်ရက် တစ်ရက် တိုးပေးဖို့ အလုပ်သမားသမဂ္ဂက တောင်းဆိုခဲ့တာပါ။

 

National Samsung Electronics Union(NSEU)မှ တနင်္လာနေ့ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ဆန္ဒပြခဲ့ပြီး တောင်းဆိုမှုကို တာဝန်ရှိသူတွေဘက်က ငြင်းပယ်ခဲ့တာကြောင့် ရက်အကန့်အသတ်မရှိ အထွေထွေသပိတ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

 

တောင်ကိုရီးယားရှိ Samsung Electronics လုပ်သားတွေရဲ့ လေးပုံတစ်ပုံနီးပါးကို ကိုယ်စားပြုတဲ့ NSEU က ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ထုတ်လုပ်မှုကို သက်ရောက်စေတယ်လို့ပြောပေမဲ့ ကုမ္ပဏီဘက်ကတော့ ငြင်းပါတယ်။

 

ဒါပေမဲ့ အဲဒီလို သပိတ်လုပ်မယ်လို့ကြေညာအပြီး Samsung ရဲ့ ရှယ်ယာဈေးနှုန်း အနည်းငယ် ကျဆင်းခဲ့ရပါတယ်။

 

Samsung Electronics ဟာ ကမ္ဘာ့အကြီးဆုံး Memory ချစ်ပ်များ၊ စမတ်ဖုန်းများနဲ့ TV များ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။