“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇူလိုင် ၇ မှ ၁၃ ရက်အထိ)

Published on Jul 13, 2024

ဒီတစ်ပတ်(ဇူလိုင် ၇ မှ ၁၃ ရက်အထိ)အတွင်း တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲသတင်းတွေကို လူထု စိတ်ဝင်စားမှုအပြည့်ရှိနေဆဲဖြစ်သလို အဲဒီထဲကမှ ရှမ်းမြောက်က နောင်ချိုမြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းလိုက်နိုင်တဲ့သတင်းက ပိုရှေ့ရောက်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မြစ်ရေကြီးလို့ လူတွေ ရေဘေးဒုက္ခကြုံတွေ့နေရတဲ့သတင်းတွေ၊ ဘဏ်ဂယက် ပြန်ထလို့ သုံးစွဲသူတွေ အခက်အခဲတွေ့နေရတဲ့ သတင်း၊ ရေတပ်ချုပ် သုံးယောက်မြောက် အနားပေးခံရတဲ့သတင်းတွေအပြင် တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို အနှစ်ချုပ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

****************************************

 

“ဒုတိယလှိုင်းမှာ ဈေးဦးပေါက်ခဲ့တဲ့ နောင်ချို ”

 

ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ကနဦး ဈေးဦးပေါက် မြို့သိမ်းနိုင်ခဲ့တာကတော့ နောင်ချိုမြို့ ဖြစ်ပါတယ်။

 

နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တအာင်းတပ် TNLA နဲ့ Mdy-PDF တို့ရဲ့ ပူးပေါင်းတပ်များက ဇူလိုင် ၁၀ ရက် ဗုဒ္ဓဟူးနေ့မှာ အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

မြို့သိမ်းတိုက်ပွဲထဲက စစ်ကောင်စီတပ်ထံမှ အတွဲလိုက်ဒုံး၊ လေယာဉ်ပစ် လက်နက်အပါအဝင် လက်နက်မျိုးစုံ အလက် ၆၀ဝ ကျော်သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

နောင်ချိုမှာ နောက်ဆုံးကျန်တဲ့ ဒုံးတပ် ၆၀၆ တပ်စခန်းကို စစ်ဆင်ရေးစတဲ့ ဇွန် ၂၅ ရက်ကနေ ဇူလိုင် ၁၀ ရက်အထိ ၁၆ ရက်ကြာ အဲဒီစခန်းကို တိုက်ခိုက်ခဲ့ရပါတယ်။

 

အဲဒီတပ်စခန်းက ဂုတ်တွင်းစခန်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရင်း ဇူလိုင် ၁၂ ရက် နံနက်အစောပိုင်းမှာ TNLA နဲ့ DPLA ပူးပေါင်းတပ်ဖွဲ့တို့က စခန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီက စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေအပါအဝင် လက်နက် ၁၅ လက်၊ RPG7 နှစ်လက်၊ ငါးကြင်းမီး တစ်လက်၊ 60 MM နှစ်လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် လားရှိုးမြို့မှာလည်း ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုမြင့်တက်နေဆဲ ဖြစ်ပါတယ်။

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း အနောက်ပိုင်းကို TNLA ထိန်းချုပ်ထားနိုင်ပြီး အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

 

ပြီးခဲ့တဲ့အပတ်ထဲ စခန်းတွေသိမ်းနိုင်ခဲ့တဲ့ မတ္တရာမြို့နယ်မှာ ဒီတစ်ပတ်ထဲမှာလည်း မြောက်တံငါ တပ်စခန်းကို ထပ်သိမ်းလိုက်နိုင်သလို ပုသိမ်ကြီးမြို့နယ်အစပ်ရှိ Alpha ဘိလပ်မြေစက်ရုံ ကာကင်းစခန်းကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီကနေ လက်နက်ခဲယမ်းနဲ့ စစ်သားအလောင်းတွေ ရရှိခဲ့ပါတယ်။

 

ဇွန်လ ၂၅ ရက်ကစတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ စဥ့်ကူးနဲ့ မတ္တရာမြို့နယ်အတွင်း မန္တလေး PDF အပါအဝင် ပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ ဇူလိုင် ၆ ရက်အထိ စစ်ကောင်စီတပ်စခန်း စုစုပေါင်း (၃၇)ခုကို အပြီးသတ် သိမ်းပိုက်ရရှိထားသလို မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်တပ်စခန်းမှ သိမ်းဆည်းရမိတဲ့ လေယာဉ်ပစ်၊ စက်သေနတ်ကြီးများကိုလည်း လေ့ကျင့်နေပြီဖြစ်တယ်လို့ မန္တလေး PDFက အသိပေးထုတ်ပြန်ထားပါတယ်။

****************************************

 

“အထက်ကရေ အောက်ရောက်”

 

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက စတင်မြင့်တက်ခဲ့တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ ဇူလိုင်လဆန်းပိုင်းမှာ အဆိုပါမြစ်နှစ်စင်းရဲ့ အဖျားပိုင်းမြို့ကြီးတွေကို ရေကြီးရေလျှံမှုဖြစ်ပေါ်စေခဲ့ပြီး မြစ်ရေဟာ အောက် ဘက်ကို တဖြည်းဖြည်းကျဆင်းလာကာ ဇူလိုင် ၉ ရက် မနက်ပိုင်းမှာ မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ စိုးရိမ်ရေ အမှတ်ကို စတင်ရောက်ရှိ ကျော်လွန်ခဲ့ပါတယ်။

 

ဇူလိုင် ၁၃ ရက် မနက်ပိုင်းတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်နဲ့ ဒုဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့၊ ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ စတဲ့မြို့ပေါင်း ၁၆ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါတယ်။

 

စစ်ကောင်စီမိုးဇလဌာနရဲ့ ဇူလိုင် ၁၃ ရက် မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ရွှေကူမြို့နဲ့ ကသာမြို့မှာ နောက်တစ်ရက်နဲ့နာရီပိုင်းအတွင်း စိုးရိမ်ရေအမှတ်အောက်သို့ ကျဆင်းနိုင်သလို သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းမြို့တွေမှာ နောက်တစ်ရက်အတွင်း ရေပြန်ကျနိုင်ပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိနေနိုင်ကာ မြင်းမှု၊ ပခုက္ကူ၊ ညောင်ဦးမြို့တွေမှာ နောက်တစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေအမှတ်ထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါ တယ်။

 

ဧရာဝတီမြစ်ရေဟာ အောက်ဘက်သို့ တဖြည်းဖြည်းဆင်းလာတဲ့အတွက်ကြောင့် ၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်စတဲ့မြို့တွေမှာ ယခုသုံးရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးများပြီး ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ အဆိုးရွားဆုံး ရေဘေးဒုက္ခခံစားခဲ့ရတဲ့မြို့မှာ မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့တို့ဖြစ်ပြီး လူသေဆုံးမှုဖြစ်ပေါ်ခဲ့ တဲ့အထိ ကြုံတွေ့ခဲ့ရသလို ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီးမြို့မှာ နှစ်ပေါင်း(၃၀)အတွင်း ရေဘေးကိုအဆိုးရွာဆုံးပြန်လည်ကြုံတွေရတာဖြစ်တယ်လို့သိရပြီး ဟုမ္မလင်းမြို့မှာလည်း မြို့လုံးကျွတ်နီးပါး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

****************************************

 

“ဆန်ကုန်သည်တွေ ဖမ်းပြီးနောက် ဘဏ်တွေဘက်လှည့်”

 

ဆန်ဈေးနှုန်းတွေ မြင့်တက်နေတာကို အကြောင်းပြပြီး စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းက ဆန်စက်ပိုင်ရှင်တွေအပြင် နယ်မြို့တွေက ဆန်လုပ်ငန်းရှင်တွေ ဆန်စက်ကုန်သည်တွေပါ ဖမ်းဆီး စစ်ဆေးကာ ဆန်အိတ်တွေ တောင်းခဲ့ပြီးနောက် အခုတစ်ခါ ဘဏ်တွေဘက်ကို လှည့်လာပါတယ်။

စစ်ကောင်စီဟာ ဇူလိုင်လ ၁၀ ရက်က နေပြည်တော်မှာ ဘဏ်ဥက္ကဋ္ဌကြီးတွေကို ခေါ်ယူပြီး သတိပေး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

ပြည်တွင်းက ဘဏ် ၇ ခုကို အိမ်ရာချေးငွေ သတ်မှတ်နှုန်းထားထက်ပိုမိုထုတ်ချေးတာကြောင့် အရေးယူမယ်လို့ ကြေညာပြီး ရက်သတ္တပတ်အကြာမှာပဲ စစ်ကောင်စီက ဘဏ်တွေကို ခေါ်ယူတွေ့ဆုံခဲ့ တာပါ။

 

လက်ရှိမှာတော့ ပြည်တွင်းက နာမည်ကြီးဘဏ်ဖြစ်တဲ့ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေကို စစ်ကောင်စီက နေပြည်တော်မှာ သီတင်းပတ်အတန်ကြာ ခေါ်ယူစစ်ဆေးနေပြီး အိမ်ပြန်ခွင့်မပေးသေးဘူးလို့ သတင်းမီဒီယာတွေက ရေးသားနေကြပါတယ်။

 

စစ်ကောင်စီခေါ်ယူတွေ့ဆုံမှုကို ဘဏ်သူဌေးကြီးတွေဖြစ်တဲ့ ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း၊ AYA ဘဏ် ပိုင်ရှင် ဦးဇော်ဇော် ၊ UAB ဘဏ်ပိုင်ရှင် ဦးနေအောင်တို့လည်း တက်ရောက်ရတာတွေ့ရ ပါတယ်။

 

လတ်တလော ပြည်တွင်းဘဏ်တွေမှာ ငွေသားထုတ်ပေးရာမှာလည်း အကန့်အသတ်နဲ့ ထုတ်ပေးနေပြီး ငွေအကန့်အသတ်မဲ့ ထုတ်နိုင်တဲ့ အထူးဘဏ်အကောင့် (Special Account) တွေအပါအဝင် ဘဏ်အကောင့်တစ်ခု တစ်ပတ်ကို ကျပ်သိန်း ၂၀ အထိသာ အများဆုံးထုတ်ပေးတယ်လို့ သိရပါတယ်။

အခုလိုအခြေအနေမှာ လူထုအနေနဲ့ မဖြစ်မနေ ကိစ္စရပ်တွေမှာသာ ငွေသားထုတ်ကြဖို့နဲ့ မိုဘိုင်းငွေပေး ချေတဲ့စနစ်ကိုပိုအသုံးပြုကြဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ထွက်ပြောလာပါတယ်။

 

အဲဒီလိုပြောဆိုပေမဲ့ တစ်ကယ့်လက်တွေမှာ အရင်က KPay နဲ့ ငွေပေချေးလို့ရတဲ့ ဆိုင်တွေမှာ အခုအခါ Kpay နဲ့ ငွေရှင်းတာကို အများစု လက်မခံကြတော့ပါဘူး။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး မကြာခဏဆိုသလို ဘဏ်တွေနဲ့ ပတ်သက်ပြီး ဂယက်ထခဲ့ကာ ငွေထုတ်ယူဖို့အခက်အခဲများစွာကြုံတွေ့ခဲ့ကြရပါတယ်။

****************************************

 

“တစ်ဗိုလ် ဆင်း၊ တစ်ဗိုလ် တက် ရေတပ်”

 

မြေပြင်စစ်ပွဲတွေမှာ စခန်းတွေဆက်တိုက်သိမ်းခံရပြီး တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရတဲ့ စစ်ကောင်စီဟာ တပ်ပိုင်းဆိုင်ရာ ရာထူးကြီးမားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် ဖြုတ်ထုတ်သတ် လုပ်နေပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နဲ့ စစ်အရာရှိတွေ၊ ဗိုလ်ချုပ်ဟောင်းတချို့ကိုလည်း ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးဖြစ်စဉ်အပါအဝင် မန္တလေးမြို့နဲ့ မဝေးလှတဲ့ မတ္တရာမြို့နယ်က လေကြောင်းရန်ကာကွယ်ရေးတပ် တိုက်ခိုက်သိမ်းပိုက်ခံရတဲ့အကြောင်း တွေအပြင် စစ်တပ်အပေါ် ပုန်ကန်ရန် ကြံစည်မှုနဲ့ နေပြည်တော်မှာ ထိန်းသိမ်းစစ်မေးခံခဲ့ရပါသေး တယ်။

အခုအခါမှာတော့ စစ်ကောင်စီရဲ့ ရေတပ်ချုပ်အဖြစ် ယခုနှစ် ဇန်နဝါရီလ ၈ ရက်ကမှ ခန့်အပ်ခံထား ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေတပ်ချုပ်အဖြစ်ကနေ ဖယ်ရှားလိုက်တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရာထူးကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။

 

ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၀)ဆင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့က ရေတပ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ် ပါတယ်။ ဒါ့အပြင် တပ်တွင်း သတင်းအရင်းမြစ်ရဲ့ ပြောကြားချက်အရ ၂၀၂၂ ခုနှစ်မှ သူ့ကို ပေးအပ်ထားတဲ့ ဇေယျကျော်ထင်ဘွဲ့ကိုပါ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့လည်း ဆိုပါတယ်။

 

အလားတူ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို ကျားဖြန့်ငွေလိမ်ဂိုဏ်းများနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရပြီး ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်မင်းကိုကို၊ ဗိုလ်မှူး ချုပ်စိုးမင်းထက်၊ ဗိုလ်မှူးကြီး ဇော်ထွဋ်ဟန်တို့ကို ထောင်ဒဏ် ၁ နှစ်မှ ၁၅ နှစ်အထိ စစ်ကောင်စီက အသီး သီး ချမှတ်ခဲ့တယ်လို့ ဇူလိုင် ၁၃ရက်မှာ ခေတ်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။

 

ဒါပေမဲ့ ဇူလိုင် ၁၃ ရက် စနေနေ့မှာတော့ ရေတပ်ချုပ်သစ်အနေနဲ့ ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းကို အစားထိုးခန့်အပ်လိုက်ပြီလို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်ထံက သတင်းပေးပို့လာပါတယ်။

ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းဟာ DSA အပတ်စဉ် ၃၈ ဆင်းတဲ့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်ပါတယ်။

****************************************

 

“မန်းမြေထိ ထိုးဖောက်လာတဲ့ ကချင်စစ်မျက်နှာ”

 

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအားကောင်းနေဆဲမှာပင် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲအထိ ကချင်စစ်မျက်နှာ စတင်ထိုးဖောက်လာမှုကလည်း ထူးခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။

 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ၊ ကျောင်းသား တပ်မတော်ဟုခေါ်ဆိုတဲ့ ABSDF ပူးပေါင်းတပ်တွေက ဇူလိုင် ၁၁ ရက် မနက်ပိုင်းမှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တောင်လယ်စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ လူထုနွေဦးသတင်းဌာနက ဖော်ပြထားပါတယ်။

 

ယခု စစ်ဆင်ရေးဟာ KIA အနေနဲ့ ကချင်ပြည်နယ်ပြင်ပ မန္တလေးတိုင်းအတွင်း အရှိန်အဟုန်နဲ့ ဆင်နွှဲမယ့် ထိုးစစ်စတင်ခြင်းဖြစ်သလို တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရှမ်းမန်း စစ်ဆင်ရေးတို့နဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ စစ်ဆင်ရေးဖြစ်တယ်လို့လည်း အဆိုပါသတင်းဌာနရဲ့ သတင်းရင်းမြစ်က ဆိုထားပါတယ်။

 

ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဇွန်(၂၅)ရက်မှာ စတင်ပြီးနောက် ရက်သတ္တနှစ်ပတ် အတွင်း ရှမ်း-မန်း စစ်ဆင်ရေးအနေနဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ စခန်း (၃၇)ခုနဲ့ ရဲစခန်းတွေအပါအဝင် လက်နက်ခဲယမ်းအမြောက်အများကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ နယ်မြေစိုးမိုးမှု ရယူထားတယ်လို့ သိရပါတယ်။

****************************************

 

“တန့်ယန်းကို တအာင်းတိုက်တော့ ‘ဝ’တပ်တွေဝင်”

 

ရှမ်းမြောက်ရှိ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးမှာ တအာင်းတပ်မတော်(TNLA)က စစ်ကောင်စီတပ် မန်ကတ်တပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ TNLAက ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ မန်ကတ်တပ်စခန်းအပါအဝင် တန့်ယန်းရှိ စစ်ကောင်စီစခန်းနှစ်ခုကို ဇူလိုင် ၁၀ ရက် ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA က အသိပေးထားပါတယ်။

 

TNLA က အဲဒီလို စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်စဉ် တစ်ဖက်မှာ ‘ဝ’တပ်ဖွဲ့ အလံလွှင့်ထူထားတဲ့ စစ်ကား ၁၀ စီးကျော်ဟာ တန့်ယန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းရှိရာသို့ သွားရောက်တဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။

 

အဆိုပါရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရန်းက “ကျယ်ပြန့်လာနေတဲ့ ရှမ်းမြောက်က ပဋိပက္ခတွေ တန့်ယန်းဘက်ကူးမလာအောင် ကြိုတင်ကာကွယ်တဲ့ အနေဖြင့် စိုးရိမ်နေကြတဲ့ဒေသခံနဲ့ကျနော်တို့မိသားစုများရဲ့ တောင်းဆိုချက်နဲ့အတူ အစိုးရနဲ့ ညှိနှိုင်းပြီး ဝင်ရောက်တာ မှန်ပါတယ်။ မူလကျနော်တို့ရဲ့ဘက်မလိုက်မူဝါဒကို ကျင့်သုံးပြီး ပဋိပက္ခ ဖြစ်ပွားမှုကိုလည်းလက်ခံမှာမဟုတ်ပါဘူး။ တန့်ယန်းဒေသ တည်ငြိမ် အေးချမ်းရေးလိုလားပြီး အဘက်ဘက်အတွက်လည်း အကျိုးရှိမယ်လို့ယုံကြည်ပါတယ်”လို့ လူထုနွေဦးသတင်းဌာနကို ဖြေထားပါတယ်။

 

ဝတပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင်များဖြစ် တဲ့ တအာင်းတပ်မတော်(TNLA)နဲ့ မဟာမိတ်များဟာ ဇွန်လ ၂၅ရက်မှစပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲ နေသလို ဇူလိုင် ၁၀ရက်မှာ တန့်ယန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတချို့ကို စတင်တိုက်ခိုက်တဲ့အချိန် ဝတပ်ဖွဲ့များတန့်ယန်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းစတင်ချိန်ကလည်း ဟိုပန်မြို့ကိုညီနောင်မဟာမိတ်သုံးဖွဲ့က ဝင်ရောက် သိမ်းပိုက်ပြီးနောက် ဝတပ်ဖွဲ့က ဝင်ရောက်နေရာယူကာ ​နောက်ပိုင်းတွင် ညီ​နောင်သုံး​ဖွဲ့က ဝတပ်ကို လွှဲ​ပြောင်း​ပေးခဲ့ပါတယ်။

 

အဲဒီတုန်းကလည်း ယခုလိုပင် နှစ်ဖက်(စစ်ကောင်စီ၊ မြောက်ပိုင်းသုံးဖွဲ့)နဲ့ ညှိနှိုင်းပြီး နေရာယူခြင်းဖြစ် တယ်လို့ ဝတပ်ဖွဲ့က အသိပေးခဲ့ပါတယ်။

 

နောက်ပိုင်းမှာ ဝတပ်ဖွဲ့က ဟိုပန်တွင် UWSAရဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ် ရေးယန္တရား အဆုံးသတ်သွားခဲ့ပါတယ်။