ရေတပ်ချုပ် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရာထူးမှ ဖယ်ရှားခံရဟုဆို

Author စကားဝါ
Categories
Published on Jul 11, 2024

စစ်ကောင်စီရဲ့ ရေတပ်ချုပ်အဖြစ် ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကမှ ခန့်အပ်ခံထားရတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရေတပ်ချုပ်အဖြစ်ကနေ ဖယ်ရှားလိုက်တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

 

“သူတို့ တရားဝင် မထုတ်ပြန်သေးဘူး။ ကြားရတာ ရခိုင်မှာ ရေတပ်က တပ်ကူမရဘဲ အရှုံးကြီးရှုံးနေတာ။ ကိုယ့်လူ ကိုယ်ပြန်ပစ်သတ်တာတွေကို ထိုးကျွေးလိုက်တာလို့လည်း ကြားတယ်။ နောက်တစ်ခုက တပ်တွင်းမှာလည်း အပြန်အလှန် အာဏာသိမ်းဖို့တွေ ကြံစည်နေတာမလို့ သူမယုံတဲ့သူတွေကို ဖယ်ထုတ်နေတာလို့လည်း ပြောနေပြန်တယ်။ ဘယ်သူ့ကို အစားထိုးခန့်မလဲဆိုတာလည်း မသိသေးဘူး” လို့ ၎င်းက ပြောပါတယ်။

 

ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ရာထူးကနေ ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကလည်း တရားဝင် ထုတ်ပြန်လာတာ မရှိသေးပါဘူး။ CJ Platform အနေနဲ့လည်း တပ်တွင်း သတင်းရင်းမြစ်ရဲ့ သတင်းပေးပို့ချက်အပြင် အခုဖြစ်စဉ်ကို ထပ်မံအတည်ပြုချက်တွေ ရယူနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၃၀)ဆင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့က ရေတပ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။

 

ဒါ့အပြင် တပ်တွင်း သတင်းအရင်းမြစ်ရဲ့ ပြောကြားချက်အရ ၂၀၂၂ ခုနှစ်မှ သူ့ကို ပေးအပ်ထားတဲ့ ဇေယျကျော်ထင်ဘွဲ့ကိုပါ ပြန်လည် ရုပ်သိမ်းလိုက်တယ်လို့လည်း ဆိုပါတယ်။

 

ရခိုင်ပြည်တွင်းမှာ စစ်ကောင်စီရဲ့ ရေတပ်ဟာ အရပ်သားပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ စစ်ကောင်စီတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်တာတွေအပြင် စစ်ကောင်စီတပ်တွေ တပ်ဆုပ်ချိန်မှာလည်း ကူညီပံ့ပိုးနိုင်တာ မရှိခဲ့ပါဘူး။ ဒါ့အပြင် အာရက္ခတပ်တော်ကလည်း စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောများစွာကို နစ်မြုပ်ထားနိုင်ခဲ့ပါတယ်။