စစ်ကိုင်းရေကြီးနေလို့ လူထောင်နဲ့ချီ ရေဘေးဒုက္ခရောက်နေ

Author မင်းထက်
Categories
Published on Jul 11, 2024

စစ်ကိုင်းမြို့မှာ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ထက်ကျော်လွန်မြင့်တက်နေလို့ လူနေရပ်ကွက်တွေထဲထိ ရေဝင်ရောက်မှုကြောင့် လူထောင်နဲ့ချီ ရေဘေးဒုက္ခရောက်နေကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါကြောင့် ၎င်းတို့ကို ကယ်ဆယ်ရေးသမားများက ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနေရတယ်လို့ လူမှုကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

 

ယမန်နေ့ ဇူလိုင် ၁၀ ရက် မွန်းလွဲပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ(တစ်ပေနီးပါး)ကျော်လွန်ရောက်ရှိနေပြီး ယနေ့ ဇူလိုင် ၁၁ ရက်မှာ ပေဝက်ခန့် ထပ်မံမြင့်တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

 

အဲဒီလို မြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်းမြို့ရှိ မြေနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာ ၂၀ ခန့်မှာ ရေကြီးနေလို့ အဲဒီက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ကုန်းမြင့်ပိုင်းက ဘုရားကုန်းမြေနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့နေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူများထံမှ သိရပါတယ်။

 

“ရေမြုပ်တာကလေ မြေနိမ့်ပိုင်းက တချို့အိမ်တွေဆို ခေါင်လောက်ပဲကျန်တယ်။ မြို့ပေါ်ရပ်ကွက်တွေရယ်၊ ဘေးက ကျေးရွာကနေပြောင်းလာနေကြရတာတွေတော်တော်များတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကိုင်းမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ထုံးဘို၊ တကောင်း၊ ဧမြဝတီ၊ အုတ်စက်၊ သောတပန်၊ မင်းဇံ စတဲ့ရပ်ကွက်တွေအပါအဝင် ရပ်ကွက် ၁၀ ခုကျော်က ဒေသခံတွေမြစ်ရေဝင်လို့ ရွှေ့ပြောင်းပြောင်းနေကြရတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မြို့နယ်အတွင်းက ညောင်ကုန်း၊ ဒေါင်းမ စတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်ကြရတယ်လို့ ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်နေသူတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

 

လတ်တလော ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်တာတွေဖြစ်တဲ့ ဆေးဝါးနဲ့ စားနပ်ရိက္ခာများ အကူအညီပေးနေသူတွေရှိပေမဲ့ လိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ CJ Platform ရဲ့ မြေပြင်က Citizen Journalist က သတင်းပေးပို့ပါတယ်။

 

“ထုံးဘိုအထွက်မှာ ကယ်ဆယ်ရေးစခန်းတွေတော့ လုပ်ပေးထားတယ်။ ကျန်းမာရေးကူညီဆောင်ရွက်တာတွေရှိတယ်။ စားနပ်ရိက္ခာပိုင်း အကူအညီကတော့ အခုထိရောက်မလာသေးဘူး။ အကူအညီတွေ ဆက်လက်လိုအပ်နေပါတယ်” လို့ ထုံးဘိုဒေသခံ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဇူလိုင် ၁၀ ရက်နေ့အထိ စစ်ကိုင်းမြို့ မှာ စာရင်းရရှိထားတဲ့ ထုံးဘိုတစ်ရပ်ကွက်တည်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု ၁၆၂ စုခန့်က လူဦးရေ ၆၈၅ ကျော် ပြောင်းရွှေ့ထားရတယ်လို့ အဲဒီရပ်ကွက်အတွင်း ကူညီပေးနေသူများထံမှ သိရပါတယ်။

 

ဓာတ်ပုံ – ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး(အရန်မီးသတ်တပ်ဖွဲ့)

 

 

Related News

Depend on news