မြိုင်မြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီပြန်ပစ်တဲ့ လက်နက်ကြီးကြောင့် တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားနှစ်ဦး ထိမှန်သေဆုံး

Author Gold 
Categories
Published on Jul 09, 2024

မကွေးတိုင်း၊ မြိုင်မြို့ပေါ် ရှိ မီးသတ်ရုံးမှာ တပ်စွဲထားတဲ့ အင်အား ၂၅ ဦးခန့်ရှိ စစ်ကောင်စီအထိုင်တပ်ကို ယမန်နေ့ဇူလိုင် ၈ ရက် မနက် ၁၀ နာရီခန့်က အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့လို့  စစ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ရဲ့  ယနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

မြိုင်မြို့ အလယ်ရပ်ကွက် ၁၊ ဈေးကြီးအနီးက မီးသတ်ရုံးရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး/ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ကိုးဦးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

 

အဲဒီဒဏ်ရာရသူများအတွင်း ပြင်းထန်သူ သုံးဦးထဲက နှစ်ဦးဟာ ဒီနေ့မနက်မှာ သေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖမှ တာဝန်ခံ ဗိုလ်လကျာ်က CJ Platform သို့ ပြောပါတယ်။

 

“သူတို့မထင်မှတ်ထားတဲ့အချိန် ဝင်တိုက်တာ။ ခုမနက် ထပ်ကြားတာက နှစ်ကောင်သေတယ်လို့ သိရတယ်။ ဒဏ်ရာရသူတွေကိုလည်း ဆေးရုံကို မပို့ဘူး။ ကြိတ်ကုနေတယ်” လို့ ၎င်းက ပြောပါတယ်။

 

အဆိုပါ တစ်နာရီကျော်ကြာ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး ညာနားရွက်နောက်နား ကျည်ရှပ်ထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလိုတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ အဲဒီစစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ပစ်ခတ်ခဲ့တာကြောင့် မြိုင်မြို့အနောက်ဘက် တစ်မိုင်ခွဲခန့်အကွာက တောထဲကျရောက်ပေါက်ကွဲခဲ့ပါတယ်။

 

ဒါကြောင့် အဲဒီနေရာအနီးနေထိုင်နေတဲ့ မောင်မင်းခန့်မောင် (၁၅ နှစ်)နဲ့ ဒေါ်အေးတင်(၄၂ နှစ်)တို့ ကျည်ထိမှန် သေဆုံးခဲ့ပြီး နောက်ထပ်သုံးဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့ထံမှ သိရပါတယ်။

 

ယခုတိုက်ခိုက်မှုတွေကို မြိုင်ပကဖတပ်ရင်း ၁ ၊ တပ်ခွဲ ၃ ၊ မြိုင်ပကဖတပ်ရင်း ၂ ၊ မြိုင်ပကဖ IO အဖွဲ့၊ Myaing U.A.V Fighter၊ Joker ပြောက်ကျားတပ်ဖွဲ့နဲ့ ဇော်မိုက် BRAF DroneTeam တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် ဇူလိုင်လ ၇ ရက်နေ့က ပေါက်မြို့နယ် ကပစ ၂၄ ကို မြိုင်တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့