အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်ခတ်ခံရလို့ သေဆုံး

Published on Jul 09, 2024

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ဂျီ)အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်က ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရပါတယ်။

 

ဦးချစ်ကို(၄၀)နှစ်ခန့်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကတည်းက အုပ်ချုပ်ရေးမှူးအဖြစ် နုတ်ထွက်ဟန်ပြခဲ့ပေမဲ့ နောက်ကွယ်မှာ စစ်တပ်ကို သတင်းပေးတာအပါအဝင် စစ်မှုထမ်းကိစ္စတွေမှာ ပါဝင်ပတ်သက်နေသူတစ်ဦးဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ရဲ့  သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဇေယျက CJ Platform သို့ ပြောပါတယ်။

 

“သူက နဂိုကထွက်တယ်ဆိုပြီး တကယ်ကျ မထွက်ဘဲနဲ့ အဲဒီလိုတွေ စစ်တပ်နဲ့ပေါင်းပြီး စစ်မှုထမ်းငွေတွေကောက်တယ်။ သူ့ကြောင့် ထောက်ပို့ဆိုပြီး အဖမ်းခံရတာ ရှိတယ်။ စစ်ကြောရေးတင် သေတာရှိတယ်။ စခန်းနေရာလမ်းပြတယ်” လို့ ၎င်းက ပြောပါတယ်။

 

၎င်းနဲ့ပတ်သက်ပြီး တစ်လခွဲခန့် အချိန်ယူစုံစမ်းခဲ့တယ်လို့ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုအဖွဲ့ထံမှ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်