NUG ဘုတ်ပြင်းပြည်သူ့ရဲတပ်ဖွဲ့တပ်သားသစ် ဖိတ်ခေါ်ပြီးနောက် အများအပြားလျှောက်ထား

Author မင်းထက်
Categories
Published on Jul 08, 2024

အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့ အမှန်တရားအတွက် တိုက်ပွဲဝင်လိုသူတွေကို တပ်သားသစ်အဖြစ် လာလျှောက်ရန်ဖိတ်ခေါ် လိုက်ပြီးနောက် လျှောက်ထားသူတွေ များပြားနေတယ်လို့ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဘုတ်ပြင်းပြည်သူ့ရဲတပ်ဖွဲ့မှ တိုက်ခိုက်ရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် CDM ရဲဝန်ထမ်းများနဲ့ ပြည်သူထဲမှ အမှန်တရားအတွက် တိုက်ပွဲဝင်လိုသူများအနေနဲ့ လာရောက်ပူးပေါင်း နိုင်တယ်လို့ ဇူလိုင် ၆ ရက်နေ့ ယင်းတပ်ဖွဲ့တည်ထောင်မှု ၂ နှစ်ပြည့်တဲ့နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အဲဒီနေ့စလို့ ယနေ့ ဇူလိုင် ၈ ရက်နေ့အထိ ဆက်သွယ်လာသူအများအပြားရှိနေတယ်လို့ သိရပါတယ်။

 

“ပြည်သူလူထုထဲက အမှန်တရားအတွက် တိုက်ပွဲဝင်လိုသူတွေကို ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဖိတ်ခေါ်ပြီးတော့ ဒီထက်မက အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက် ဆောင်ရွက်တဲ့လုပ်ငန်းတစ်ခုအနေနဲ့ ဖိတ်ခေါ်တာမျိုးဖြစ်ပါတယ်ဗျ။ လျှောက်တဲ့သူတွေကတော့ ဆက်တိုက်ရှိပါတယ်ဗျ။ အများဆုံးကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်လိုတဲ့လူငယ်တွေများပါတယ်ဗျ” လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိဆက်သွယ်လာသူများကို အွန်လိုင်းမှ ပထမအဆင့် အင်တာဗျူး မေး​မြန်းစိစစ်မှာဖြစ်ပြီး အဲဒီနောက် တပ်သားသစ်လျှောက်လွှာဖြည့်စွက်ခြင်း၊ ဆေးစစ်ဆေးခြင်း၊ ထောက်ခံချက်ရယူခြင်းတို့ကို ဆောင်ရွက်ပြီးနောက် ဌာနအဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားဖို့ရှိတယ်လို့ ၎င်းက ဆက်လက်ပြောကြားပါတယ်။

 

ဘုတ်ပြင်းပြည်သူ့ရဲတပ်ဖွဲ့က တော်လှန်ရေး အရှိန်ရလာတာနဲ့အမျှ ရဲလုပ်ငန်းတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်(EAO/ERO)များ၊ အခြားတော်လှန်ရေးအင်အားစုများဖြင့် အတူပူးပေါင်းကာ စစ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေသလို စခန်းသိမ်းတိုက်ပွဲများဆင်နွှဲရာမှာလည်း အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ) အရ ပြည်သူ့ရဲတပ်ဖွဲ့လက်အောက်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

 

ဓာတ်ပုံ – ဘုတ်ပြင်း မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့