တောင်ငူ၊ ရပ်ကွက် ၂၀ အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေ ပြည်သူတွေကို စစ်မှုထမ်းဥပဒေဖြင့် ခြိမ်းခြောက်အကျပ်ကိုင်နေ

Published on Jul 08, 2024

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူမြို့ပေါ်က စစ်ကောင်စီခန့် ရပ်ကွက် ၂၀ အုပ်ချုပ်ရေးမှူးဟာ ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းဥပဒေနဲ့ အမြဲခြိမ်းခြောက် ပြောဆိုနေတယ်လို့ ယင်းရပ်ကွက်နေပြည်သူများက CJ Platform သို့ ပြောပါတယ်။

 

အုပ်ချုပ်ရေးမှူး ဦးဇော်လင်း(၄၀)နှစ်ခန့်ဟာ စစ်မှုထမ်းဥပဒေ အတည်မပြုမီ ပြည်သူ့စစ်စတင်ဖွဲ့စည်းဖို့ ရပ်ကွက်အတွင်း စည်းရုံးလှုံ့ဆော်တဲ့နေရာမှာလည်း စစ်ကောင်စီအလိုကျ အားကြိုးမာန်တက် ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

စစ်မှုထမ်း ဥပဒေပေါ်ထွက်လာပြီးနောက်ပိုင်း တောင်ငူမြို့ပေါ်က ရပ်ကွက် ၂၇ ခုရှိတဲ့အထဲ ရပ်ကွက် ၂၀ က အုပ်ချုပ်ရေးမှူး ဦးဇော်လင်းကသာ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့ကာ အသက် ၂၄ ကနေ ၃၀ နှစ်အတွင်းရှိ လူငယ်တွေကို အိမ်တိုင်ရာရောက် ဆင့်ခေါ်စာရွက်တွေ ပေးဝေခဲ့ပြီး ထွက်ပြေးပါက မိရင် မလွယ်ကြောင်း ပြောဆိုခြိမ်းခြောက်ခဲ့တယ်လို့ အဲဒီရပ်ကွက်က ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“သူ့မှာ တူတွေသားတွေ ရှိတယ်။ အဲဒီလူတွေကတော့ လုံးဝ စာရင်းထဲမပါဘူး။ သူက ဘာလေးပဲဖြစ်ဖြစ် အမြဲ စစ်မှုထမ်းဥပဒေနဲ့ ခြိမ်းခြောက်တယ်။ နာမည်စာရင်းတွေကိုလည်း သူကိုယ်တိုင်ထုတ်တာ။ စာရင်းထဲပါတဲ့ လူတွေကတော့ ပြေးကြတဲ့လူတွေများတယ်” လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်မှုထမ်းအပတ်စဉ်(၁) ခေါ်ယူပြီးနောက်ပိုင်း ယခုနှစ်၊ ဧပြီလထဲမှာ တောင်ငူဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဦးဇော်လင်းကို ဆင်ခြင်ဖို့သတိပေးစာ ပစ်ခဲ့ပေမဲ့ မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ အဲဒီရပ်ကွက်နေသူတွေက ဆိုပါတယ်။

 

၎င်းကို ရပ်ကွက် (၂၀) အုပ်ချုပ်ရေးမှူးရုံးမှာ ယူနီဖောင်းအပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား လေးဦးက အမြဲစောင့်ကြပ်ပေးနေတယ်လို့လည်း သိရပါတယ်။

 

စစ်မှုထမ်း ဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း စစ်မှုထမ်းရန် မဲပေါက်ပြီး‌နောက် တောင်ငူမြို့၊ အမှတ် ၁၆ ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၅ နှစ်အရွယ် ကိုအေးချမ်း (ခ) ကောက်ကောက်ဟာ ဧပြီ ၉ ရက် နံနက်က ကြိုးဆွဲချ၍ အဆုံးစီရင်သွားခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – တောင်ငူမြို့နယ်အတွင်းရှိ စစ်မှုထမ်းမဲပေါက်လို့ အဆုံးစီရင်သွားခဲ့သူ ကိုအေးချမ်းဆိုသူရဲ့ နာရေးကျင်းပခဲ့စဉ်(ပုံဟောင်း)