ပြင်းထန်ဝမ်းရောဂါအကြောင်း သိစေချင်လို့ . . .

Author ဇက်
Categories
Published on Jul 07, 2024

လက်ရှိရန်ကုန်မြို့မှာ အရှိန်အဟုန်နဲ့ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းရောဂါအကြောင်း မိဘပြည်သူတို့ သိပြီးလောက်ကြပြီ ထင်ပါတယ်။ မိုးရာသီက သူနဲ့အတူ ဒီဝမ်းပျက်ဝမ်းလျှော ပြဿနာကိုပါ အပါခေါ်လာတတ်တာလဲ အားလုံးအသိပါပဲ။ မိုးဦးကျစတုန်းကတော့ CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာပဲ ဒီအကြောင်းကို ပြောပြဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့ကတော့ လက်ရှိဖြစ်နေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကိုပဲ ဦးတည်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ၊ သိသင့်သိထိုက်တာတွေကို လေ့လာကြည့်ရအောင်ပါ။

****************************************

 

(၁) ပြင်းထန်ဝမ်းရောဂါဆိုတာ

 

‘ပြင်းထန်’ ဆိုတဲ့ စကားလေး ရှေ့မှာ ပါလို့ အများစုက စိတ်ပူတတ်ကြပေမဲ့ ပြင်းထန်ဝမ်းရောဂါဆိုတာလဲ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ သိပ်မထူးခြားပါ။ ပုံမှန်ဖြစ်တတ်တဲ့ ဝမ်းပျက်တာမျိုးနဲ့ မတူတာကတော့ သူက လျင်လျင်မြန်မြန် ကူးစက်နိုင်ပြီး ဖြစ်တဲ့ ကြာချိန်ကလဲ သိပ်မရှည်ပါဘူး။ ရက်ပိုင်းထဲမှာတင် ရုတ်တရက်ကြီး ကောက်ထဖြစ်တတ်တာမို့ ကူးစက်ခံရသူအဖို့တော့ ဝေဒနာကို ပိုခံစားရတတ်တာမျိုးပါ။ ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကူးစက်ပိုးမွှားတွေကြောင့်ပါ။ ပိုးမွှားတွေလို့ ပြောလိုက်ရင် ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ တခြားကပ်ပါးမျိုးတွေ အများကြီးရှိတာပေါ့။ ဒီထဲက တစ်မျိုးမျိုး ကူးစက်ခံရရင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပြင်းထန်ဝမ်းရောဂါကိုတော့ ဗိုင်းရပ်စ်မျိုးစိတ်တချို့ကပဲ ဖြစ်စေနိုင်တာပါ။ ဒီပိုးမွှားတွေက ခန္ဓာကိုယ်ထဲရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းထဲကို ဝင်သွားလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတာပါ.

 

(၂) ကူးစက်နိုင်လား

 

ဘက်တီးရီးယား/ဗိုင်းရပ်စ်လို့ ပြောလိုက်တာနဲ့ ကူးစက်နိုင်ပါတယ်။ မိုးတွင်းမှာ အဖြစ်များကြတဲ့ ဝမ်းရောဂါတွေကတော့ အစားအသောက်တွေ၊ သောက်သုံးရေတွေက တစ်ဆင့် ကူးစက်ကြပါတယ်။ ပုံမှန်ဝမ်းရောဂါတွေက လူတစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံတာမျိုးနဲ့ ကူးခံရတာမျိုး နည်းပေမဲ့ ပြင်းထန်ဝမ်းရောဂါကတော့ အကူးခံရနိုင်ခြေ ရှိပါတယ်။ ရောဂါပိုး ရှိနေတဲ့ သူက သူ့ ခန္ဓာကိုယ်က ထွက်တဲ့ droplet တွေ၊ ဥပမာ တံတွေးတို့၊ မျက်ရည်တို့ တခြား အမှုန်အမွှားလေးတွေ တစ်နည်းနည်းနဲ့ ပျံ့နှံ့သွားတာကနေ ကူးစက်နိုင်ပါတယ်၊ ဥပမာ . . . လေထဲက ကူးတာမျိုး၊ ရောဂါဖြစ်နေတဲ့သူ သုံးတဲ့ လက်သုတ်ပုဝါ/လက်ကိုင်ပုဝါကို တခြား လူကောင်းတစ်ယောက်က လာသုံးလို့ ကူးစက်တာမျိုး၊ ဝမ်းပျက်နေသူရဲ့ အသုံးအဆောင်တွေကို တိုက်ရိုက်ထိတွေ့မိတာမျိုးကနေ ကူးနိုင်တာပါ။ ကူးခံထားရသူနဲ့ ထိတွေ့မှုရှိတဲ့ ရုပ်ဝတ္ထုတွေကို လက်နဲ့ ကိုင်တွယ်ပြီး နှာခေါင်းတို့၊ မျက်လုံးတို့၊ ပါးစပ်တို့လို ပွတ်မိရင်လဲ ကူးစက်ခံရနိုင်ခြေ ရှိပါတယ်။ အဓိကက မသန့်ရှင်းတဲ့ လက်နဲ့ ယင်ကောင်အန္တရာယ်ကို သတိထားဖို့ပါပဲ။

 

(၃) မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ ?

 

ရာသီအလိုက် ဖြစ်တတ်တဲ့ ကာလဝမ်းရောဂါကိုမှ ပမာဏနည်းနည်း ပိုပြင်းတဲ့ ရောဂါမျိုး ဖြစ်လို့ ကျန်းမာရေးကောင်းမွန်တဲ့ သာမန်လူတစ်ယောက်အဖို့တော့ ထွေထွေထူးထူး စိုးရိမ်စရာ မလိုပါဘူး။ သင့်တင့်တဲ့ ကိုယ်ခံအားရှိမယ်၊ အာဟာရပြည့်အောင် စားမယ်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပြီး မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ ရေတွေကို ရှောင်ကျဉ်မယ်ဆိုရင် ကူးစက်ခံရနိုင်ခြေ နည်းပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါတုန်းကလို မျက်နှာဖုံးတွေစွပ်၊ တစ်ယောက်နဲ့ တစ်ယောက် မထိတမ်း ခွာနေတာမျိုး လုပ်ဖို့ မလိုဘဲ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ ထမင်း/ဟင်းကို စားတာမျိုး၊ ရေကို ကျိုချက်သောက်သုံးတာမျိုးနဲ့ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ဆေးတာမျိုး လုပ်ရင် အထိုက်အလျောက် ကာကွယ်နိုင်မဲ့ ရောဂါပါ။ ပြီးရင် ယင်လုံအိမ်သာ အသုံးပြုဖို့၊ အမှိုက်တွေ စနစ်တကျ စွန့်ပစ်ဖို့နဲ့ ကိုယ့်အနီးအနားမှာ ခြင်၊ ယင်ပေါက်ဖွားနိုင်တဲ့ နေရာမျိုး ရှိရင် ရှင်းလင်းပစ်ဖို့ လိုပါမယ်။

 

(၄) ကူးစက်ခံရရင်ရော ဘယ်လိုလုပ်မလဲ . . .?

 

ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ အကြိမ်ရေစိပ်ပြီး အရည်ဝမ်းတွေဆိုရင်တော့ ရေဓာတ်ဆုံးရှုံးတဲ့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးပါ။ မပူမအေး ရေကျက်နွေးသောက်ပေးတာ၊ ရေဓာတ်အားဖြည့် အချိုရည်သောက်ပေးတာ၊ ဓာတ်ဆားသောက်ပေးတာမျိုး လုပ်ပါ။ ပြီးရင် အားရှိမဲ့ အစားအစာတွေ စားပေးပါ။ အိပ်ရေးဝဝ အိပ်ပြီး သေချာအနားယူပါ။ အိပ်မရအောင်ကို ဝမ်းဆက်တိုက် သွားနေပြီး အော့အန်တာ၊ မူးဝေတာနဲ့ သတိလစ်တာမျိုး ဖြစ်ရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်သွားဖို့ လိုပါတယ်။ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဖုန်းမက်ဆေ့ချ်တွေက တစ်ဆင့် ပြည်သူ့ဆေးရုံတွေ၊ ရောဂါထိန်းချုပ်ရေးစင်တာတွေဆီ သွားရောက်ဖို့ စာတိုတွေ ပေးပို့နေတာပါ။

****************************************

 

ဒီလောက်ဆိုရင်တော့ ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိသင့်သလောက် သိပြီးပြီလို့ ထင်ပါတယ်။ အနေအထိုင် ဆင်ခြင်ရင် အသက်အန္တရာယ်နဲ့ အဝေးကြီးမှာ ရှိတာမို့ နံပါတ် (၃) အချက်မှာ ပြောခဲ့တာလေးတွေကို မဖြစ်မနေ လိုက်နာဖို့ တိုက်တွန်းပါရစေ။ မိဘပြည်သူအားလုံး လွတ်လပ်သာယာပြီး ဘေးဘယာဝေးကွာမှုကို ပိုင်ဆိုင်နိုင်ကြဖို့ CJ Platform ဝိုင်းတော်သားတွေက တောင်းဆုပြုလိုက်ရပါတယ်ခင်ဗျာ။