“နူရာ ဝဲစွဲခံနေရတဲ့ ချင်းတောင်ပိုင်းက ပြည်သူများ”

Author ဆလိုင်း
Categories
Published on Jul 06, 2024

ချင်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာ ငှက်ဖျား၊ တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော စတဲ့ ရောဂါဆိုးတွေ ဖြစ်ပေါ်နေပါတယ်။ မြန်မာပြည်ထဲက တိုင်းရင်းသားပြည်သူတွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရန်၊ ချင်းကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်ကြားက တိုက်ပွဲရန်နဲ့အတူ အခုတော့ ရောဂါဆိုးရန်တွေကလည်း ဖိထောင်းလို့နေပါပြီ။ ဒါကြောင့် အခုကာလ ချင်းပြည်တောင်ပိုင်းက ပြည်သူတွေဟာ နူရာ ဝဲစွဲ၊ ဘူးလေးရာ ဖရုံဆင့်ဆိုသလို စစ်ကောင်စီကြောင့် အဆိုးဆုံးလောကဓံကို ခံစားနေကြရပါတယ်။ ဒါကြောင့် အဲဒီက ဒေသခံပြည်သူတွေရဲ့ တိုးရှိုးသံတွေကို CJ Platform မှ အပတ်စဉ်တင်ဆက်ပေးနေတဲ့ “ဒုက္ခအတိတွေ့နေသူများရဲ့ တီးတိုးသံ” ကဏ္ဍမှ ထုတ်ဖော်ပေးအပ်ပါတယ်။

****************************************

 

“ငှက်ဖျား ဆေးစစ်ကိရိယာနဲ့ ဆေးဝါးတွေလည်း မရှိဘူး။”

 

ပလက်ဝဒေသခံတစ်ဦး

 

ပလက်ဝမြို့နယ်မှာ ငှက်ဖျားရောဂါဖြစ်ပွားမှုဟာ ယခင်နှစ်တွေတုန်းကရှိခဲ့ပေမဲ့လည်း အခုလိုမျိုး ဖြစ်တာတော့မရှိဘူး။ စစ်တပ်အာဏာသိမ်းပြီး ယခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားနှုန်းဟာ အဆိုးရွားဆုံး မြင့်တက်နေတယ်။ ငှက်ဖျား ဆေးစစ်ကိရိယာနဲ့ ဆေးဝါးတွေလည်း မရှိဘူး။ ပြတ်လပ်နေတယ်။ ရွာမှာ ဖျားနာတဲ့ လူတွေကို ငှက်ဖျားစစ်ကိရိယာနဲ့ စစ်လိုက်ရင် သုံးယောက်မှာ တစ်ယောက်က ငှက်ဖျားပိုးတွေ့တယ်။ စားဆေးမရှိတဲ့အတွက် လူနာတွေဟာ နေကောင်းလိုက်၊ ဖျားလိုက်နဲ့ တချို့ရွာတွေမှာ သေဆုံးမှုအထိရှိတယ်။

****************************************

 

“ဆေးဝါးလုံလောက်မူမရှိတာရယ်၊ ဆေးဝန်ထမ်းမရှိတာရယ်ကြောင့် လူသေဆုံးမှုအထိ ဖြစ်သွားတာပေါ့နော်။”

 

မင်းတပ်ဒေသခံတစ်ဦး

 

မင်းတပ်မှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်တာ သုံးလလောက်ရှိပြီ။ စဖြစ်တုန်းကတော့ ဆေးဝါးလုံလောက်မူမရှိတာရယ်၊ ဆေးဝန်ထမ်းမရှိတာရယ်ကြောင့် လူသေဆုံးမှုအထိ ဖြစ်သွားတာပေါ့နော်။ အရင်က ရွာလုံးကျွတ် ဝမ်းလျှောဝမ်းပျက်ဖြစ်နေကြတယ်။ အခုတော့ ပြည်သူ့ကျန်းမာရေးအဖွဲ့ကနေ ကွင်းဆင်းဆေးကုသပေးတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးတွေ ရရှိခဲ့တယ်။ ဒါပေမဲ့ ရောဂါဖြစ်ပွားမှုက ရှိနေသေးတယ်။ တချို့ရွာတွေမှာ သေဆုံးမှုတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

****************************************

 

“ခက်တာက ဖျားတာနဲ့ ဆေးစားဖို့ ဆေးမရှိဘူးဖြစ်နေတယ်။”

 

ကန်ပက်လက်ကျန်းမာရေးကူညီစောင့်ရှောက်ပေးသူတစ်ဦး

 

ကန်ပက်လက်မြို့နယ်က ကျေးရွာ ငါးရွာလောက်မှာ လူအယောက် ၁၅၀ ကျော်ဟာ ပြီးခဲ့တဲ့အပတ်က တုတ်ကွေးဖြစ်တာ ဖျားလိုက်၊ အန်လိုက်နဲ့မျိုးစုံဖျားနေကြတယ်။ ခက်တာက ဖျားတာနဲ့ ဆေးစားဖို့ ဆေးမရှိဘူးဖြစ်နေတယ်။ လမ်းကြောင်းခက်ခဲတာကြောင့် ဆေးဝါးတွေက အလွယ်တကူဝယ်ယူဖို့မလွယ်ဘူး။ ကျန်းမာရေးအဖွဲ့ကနေ ရှိတဲ့ဆေးနဲ့ပဲ ဆေးကုသနေရတယ်။ လောလောဆယ် ဖြစ်နေဆဲဆိုပေမဲ့ စိုးရိမ်စရာတော့မရှိသေးဘူး။ သေဆုံးတာက မရှိပေမယ့် ရွာတစ်ရွာမှာ ရာဂဏန်းနီးပါးဖျားနာနေကြတာက စိုးရိမ်ရတဲ့အခြေနေမျိုးမှာရှိတာပေါ့နော်။

****************************************

 

“ငှက်ဖျားရောဂါက အခုရက်ပိုင်း ပိုဆိုးဝါးလာပါတယ်။ လူကြီး လူငယ်မရွေး ဖျားနားနေကြတယ်။”

 

မတူပီဒေသခံတစ်ဦး

 

ပလက်ဝမြို့နယ်နဲ့ ဆက်စပ်တဲ့ မတူပီမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောအပြင် ငှက်ဖျားရောဂါလည်း ဖြစ်ပွားတယ်။ ဆေးဝါးတွေ မရှိတာကြောင့် ရိုးရာဆေးမြစ်တွေနဲ့ အိမ်တွင်း ဆေးကုသမှုနဲ့ ပြုလုပ်ရတာတွေလည်းရှိတယ်။ ငှက်ဖျားရောဂါက အခုရက်ပိုင်း ပိုဆိုးဝါးလာပါတယ်။ လူကြီး လူငယ်မရွေး ဖျားနားနေကြတယ်။ မတူပီမှာ မိုးတွင်းကာလ အဖြစ်များဆုံးက ငှက်ဖျားပါပဲ။ မနှစ်ကတော့ လူသေဆုံးမှုထိ ရှိတယ်။ ဒီနှစ်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလုံလောက်လောက်မရရင် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ထပ်ရှိလာနိုင်တယ်။ ကျန်းမာရေးအဖွဲ့တွေအနေနဲ့ အကောင်းဆုံး ဖြေရှင်းပေးစေလိုပါတယ်။