“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက်အထိ)

Published on Jul 06, 2024

ဒီတစ်ပတ်(ဇွန် ၃၀ ရက်မှ ဇူလိုင် ၆ ရက်အထိ)အတွင်း တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေ မိုးကုတ်မြို့ အရှေ့ပိုင်း၊ လာရှိုးမြို့အပြင် မန္တလေးနဲ့အနီးစပ်ဆုံး မတ္တရာနဲ့ စဉ့်ကူးဒေသအထိ စခန်းသိမ်းတိုက်ပွဲတွေပြင်းထန်လာခဲ့ပါတယ်။ စစ်ဒဏ်ရဲ့ တစ်ဖက်မှာလည်း ကချင်၊ စစ်ကိုင်းနဲ့ မန္တလေးက ပြည်သူတွေ ရေဘေးဒဏ်ကို ခံစားနေရပြန်ပါတယ်။

 

ဒါကြောင့် ဒီတစ်ပတ် CJ Platformရဲ့ တစ်ပတ်စာသတင်းကောက်နုတ်ချက်ထဲ “ရှမ်းမြောက်ကခြေလှမ်း မန္တလာမြေကို မြန်း” ဆိုပြီး မန္တလာမြေထဲ စခန်းတွေသိမ်းနေတဲ့အကြောင်း၊ “ဧရာဝတီနဲ့ ချင်းတွင်းအထက် ရေတွေတက်” ဆိုပြီး မြစ်ရေကြီးလို့ ရေဘေးကြုံနေရတဲ့အကြောင်း၊ “စစ်ကောင်စီ ထုတ်သုံးလာတဲ့ ဓာတုလက်နက်” ရှမ်းမြောက်နဲ့ ကချင်ဒေသစစ်ပွဲတွေမှာ စစ်ကောင်စီက ဓာတုလက်နက် အဆိပ်ဗုံးတွေ သုံးတဲ့အကြောင်းနဲ့ တရုတ်ပြည်ကို ဦးသိန်းစိန်ပြီးတော့ ဒုချုပ်စိုးဝင်းထပ်သွားတဲ့အခြေအနေတွေအပြင် ရန်ကုန်သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ လူသေဆုံးတဲ့ အခြေအနေ​တစေ့တစ်စောင်းကို ကောက်နုတ် ဖော်ပြထားပါတယ်။

****************************************

 

“ရှမ်းမြောက်ကခြေလှမ်း မန္တလာမြေကို မြန်း”

 

ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန် ၂၅ ရက်ကစလာခဲ့လိုက်တာ အခုဆိုရင် ဆယ်ရက်ကျော်ရှိလာခဲ့ပါပြီ။

 

၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲတွေမှာ တအာင်းတပ် TNLA နဲ့အတူ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)နဲ့ ဒေသအခြေစိုက် PDF တပ်ဖွဲ့များက မန္တလေးတိုင်းအတွင်း ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

 

TNLA ၊ MDY-PDF ၊ မိုးကုတ်ဗျူဟာတပ်ရင်းတို့က ဇွန်လ ၂၅ ရက်မှစတင်ပြီး မိုးကုတ်ကို စတင်တိုက်ခိုက်ခဲ့ရာ ဇွန် ၃၀ ရက်မှာ မိုးကုတ်မြို့အနောက်ပိုင်းကို စတင်ထိန်းချုပ်နိုင်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်နိုင်မှု မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

လက်ရှိမှာ မိုးကုတ်တစ်မြို့လုံးသိမ်းနိုင်ရေး အရှေ့ပိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပြန်လည်ခုခံတိုက်ခိုက်နေပါတယ်။

 

အလားတူ ရှမ်းမြောက် လားရှိုးမြို့မှာ ကိုးကန့်တပ်မတော်(MNDAA)နဲ့ မဟာမိတ် ပူးပေါင်းတပ်များက လားရှိုးမြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်များကို ဇူလိုင် ၂ ရက်မှာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပါတယ်။

 

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်တဲ့ ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို ဇူလိုင် ၅ ရက် ညနဲ့ ဇူလိုင် ၆ ရက် မနက်အစောပိုင်းတို့မှာ ကိုးကန့် တပ်မတော်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။

 

လားရှိုးမြို့ကို MNDAA က စစ်မျက်နှာငါးခုဖွင့် တိုက်ခိုက်နေပြီး မြို့အနီး ခလရ(၆၈)နဲ့ ခမရ(၅၀၇)ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တစ်ရက်ထက်တစ်ရက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပါတယ်။ လက်နက်ကြီးနဲ့ ရှော့တိုက်ဒုံးရန်ကြောင့် မြို့ကို စွန့်ခွာတိမ်းရှောင်သူပိုများလာပြီး  ဇူလိုင် ၃ ရက်ကနေ ၅ ရက်အတွင်း အရပ်သားသေဆုံးမှု ၁၃ ဦးထက် မနည်းရှိတယ်လို့လည်း သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၁၁ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၅ ရက် စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ မိုးမိတ်မြို့နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

မဟာမိတ် တအာင်းတပ်နဲ့အတူ MDY-PDF ဟာ မန္တလေးတိုင်း မိုးကုတ်မြို့တိုက်ပွဲများမှာ ပါဝင်နေပြီး မတ္တရာမြို့နယ်၊ စဉ့်ကူးနယ်တွေမှာ ဇွန် ၂၇ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ထိုးစစ်များ စတင်တဲ့နေ့မှစပြီး ဇူလိုင် ၅ ရက်အထိ မတ္တရာမြို့နယ် လေကြောင်းရန်ကာကွယ်ရေးတပ် စခန်းအပါအဝင် စစ်စခန်း ၈ ခု၊ စဉ့်ကူးမြို့နယ်မှ ရွာရဲစခန်းတစ်ခု၊ စစ်စခန်း ၅ ခုတို့ကို သိမ်းပိုက်ထား ပြီဖြစ်တယ်လို့ သိရပါတယ်။

 

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ MDY-PDF ရဲ့ တိုက်ပွဲအခြေအနေဟာ ပိုမိုပြင်းထန်လာနေပြီး မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်အစပ်ထိပါ တိုက်ပွဲတွေ ဖြစ်လာနေပြီလို့ သိရပါတယ်။

 

မတ္တရာနဲ့ စဉ့်ကူးမြို့နယ်ထဲက တပ်စခန်းတွေ၊ ရဲစခန်းတွေ လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ မန္တလေးမြို့ကို စစ်မီးမကူးစက်စေရေးအတွက် မတ္တရာမြို့အဝင်အထွက်တွေကို ပိတ်ဆို့ကာ ခံစစ်ပြင် နေပြီး လေကြောင်းကနေ ပြန်လည်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ အသက်ဆုံးရှုံးမှု ရှိသလို ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

****************************************

 

“ဧရာဝတီနဲ့ ချင်းတွင်းအထက် ရေတွေတက်”

 

ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ ဇွန် ၂၉ ရက်ကနေ စတင်မြင့်တက်လာခဲ့ပြီး ဇွန် ၃၀ ရက်မှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့ပါတယ်။

 

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀ဝ စင်တီမီတာဖြစ်ပြီး ဇွန် ၃၀ ရက် ည ၁၀ နာရီတိုင်းထွာချက်အရ ၁၃၀ဝ စင်တီမီတာနဲ့ ဇူလိုင် ၁ ရက် မနက် ၆ နာရီခွဲတိုင်းတွာချက်အရ ဧရာဝတီမြစ်ရေဟာ ၁၃၁၇ စင်တီမီတာအထိရောက်ရှိကာ စိုးရိမ်ရေအမှတ်ထက် ခြောက်ပေခွဲမြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့ မြေနိမ့်ပိုင်းရပ်ကွက်တွေအပြင် ဝိုင်းမော်မြို့နဲ့ ကချင်ပြည် အထက်ပိုင်း ချီဖွေမြို့က စစ်ဘေးရှောင်စခန်း နေအိမ်တချို့ပါ ရေဝင်နစ်မြုပ်ခဲ့ပါတယ်။

 

ရပ်ကွက်တွေရေဝင်နစ်မြုပ်ပြီး ပိတ်မိနေသူတွေအမြောက်အမြားရှိခဲ့တဲ့အတွက်ကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မလုံလောက်သည်အထိ မလုပ်နိုင်ဖြစ်ခဲ့ရပါတယ်။

ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ ဇူလိုင် ၁ ရက်နဲ့ ၂ ရက်အတွင်း ရေဝင်နစ်မြုပ် ပိတ်မိနေသူတွေအနက် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နဲ့ စီတာပူရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ ကျော်အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

မြစ်ကြီးနားမြို့မှာ ဇူလိုင် ၂ ရက်ကစတင်ပြီး ရေပြန်ကျသွားပေမဲ့ ဇူလိုင် ၅ ရက်မှာ ဧရာဝတီမြစ်ရေ တစ်ပေကျော်ပြန်တက်ခဲ့ပါတယ်။

 

စစ်ကောင်စီ မိုးဇလရဲ့ ဇူလိုင် ၅ ရက်ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာမြို့၊ ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေကြီးမှု ကြောင့် မိုးကောင်းစတဲ့ မြို့ပေါင်း ရှစ်မြို့ဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန် ရောက်ရှိနေခဲ့ပါတယ်။

 

ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်အောက်ပိုင်းရှိ ဗန်းမော်၊ ရွှေကူ၊ ကသာစတဲ့ မြို့ရွာမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ မြစ်ရေဝင်ရောက်မှုရှိနေသလို ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် စတဲ့မြို့တွေရဲ့ မြေနိမ့်ပိုင်းရပ်/ရွာတွေထဲ မြစ်ရေဝင်ရောက်နေလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့(MFSD)အပါအဝင် မြို့ခံကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

 

အလားတူ ကချင်ပြည် ဖားကန့်ဒေသအထက်ပိုင်းမိုးများပြီး ဇူလိုင် ၁ ရက်ကစပြီး ဥရုချောင်းရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်ရက်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့သလို တံတားတစ်စင်း ရေစီးထဲမျောပါပျက်စီးပြီး တံတားတစ်စင်းရေတိုက်စား ပျက်စီးခဲ့တဲ့အပြင် စက်လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဇူလိုင် ၆ ရက် မနက်ပိုင်း မြစ်ရေအခြေအနေနဲ့ ပတ်သက်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ဧရာဝတီ၊ ချင်းတွင်းမြစ်ရေများက စိုးရိမ်ရေမှတ်ကျော်လွန်နေတဲ့ ဗန်းမော်၊ ကသာ၊ ရွှေကူမြို့တွေမှာ အနည်း ငယ်ကျဆင်းနေပြီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့တွေမှာတော့ မြစ်ရေဆက်တက်နေတုန်းဖြစ်ပြီး ပထမရေကြီးကာလအတွင်း ချင်းတွင်းနဲ့ ဧရာဝတီမြစ်အထက်ရေများ အောက်ဘက်ကို ဆက်လက်ဆင်းလာဦးမှာဖြစ်တာကြောင့် မြစ်ရေအခြေအနေ သတိပြုပြင်ဆင်ကြဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။

****************************************

 

“စစ်ကောင်စီ ထုတ်သုံးလာတဲ့ ဓာတုလက်နက်”

 

ရှမ်းမြောက် နောင်ချိုမြို့ရှိ စစ်ကောင်စီ​ရဲ့ ဒုံးတပ်ရင်း(၆၀၆)တပ်စခန်း တိုက်ပွဲမှာ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဇူလိုင် ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၄ ရက်မှာလည်း အဆိပ်ငွေ့ဗုံး သုံးလုံးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ရှမ်းမြောက်က TNLA စစ်ဒေသထဲ အခုလို အဆိပ်ငွေ့ဗုံးသုံးတိုက်ခိုက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ဇွန်လ ၁ ရက်က အဆိပ်ငွေ့ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ အဆိပ်ငွေ့ဗုံးကြောင့် တအာင်းတပ်မတော် တပ်ဖွဲ့ဝင်များ အသက်ရှူမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းတို့အပြင် မအီမသာဝေဒနာများ ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။

 

Al Jazeera သတင်းဌာနရဲ့ ဆောင်းပါးမှာ ဖော်ပြချက်အရ အလားတူဖြစ်စဉ်မျိုး ကချင်ဒေသတိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီက အဲဒီလို တားမြစ်လက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ မသင်္ကာစရာ အထောက်အထားတွေ တွေ့မြင်ခဲ့ရကြောင်း ရေးသားဖော်ပြပါတယ်။

 

ဧပြီလကုန်ပိုင်းတုန်းက ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကချင် PDF)ရဲ့ တော်လှန်ရေး တပ်သားတချို့ ဒဏ်ရာရစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရဲဘော်တစ်ဦးဖြစ်တဲ့ အောင်ငယ်က Al Jazeera ဆီ သူ့အတွေ့အကြုံတွေကို ပြန်ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရ တိုက်ခိုက်မှုနောက်ပိုင်း ရဲဘော်တွေရဲ့ ဒဏ်ရာတွေမှာ ပိုးမွှားဝင်ရောက်ပြီး တစ်ရှူးတွေ မြန်မြန်ဆန်ဆန် ဆွေးမြေ့ပျက်စီးကုန်တဲ့၊ ရှင်းပြရခက်တဲ့ လက္ခဏာတွေ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

 

အဲဒီလို အခြေအနေမျိုးတွေကို ကူညီကုသပေးဖို့ လေ့ကျင့်ထားတဲ့ ဒေါက်တာ စိုးမင်းကလည်း တိုက်ခိုက်မှုအပြီး ကြုံရတဲ့ဒဏ်ရာတွေရဲ့ လက္ခဏာတွေဟာ ပေါက်ကွဲမှုကြောင့်ရလာတဲ့ ဒဏ်ရာတွေနဲ့ ပုံစံမတူဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

စစ်​ကောင်စီဟာ စစ်ရှုံးပြီး အထိနာလာရင် ဓာတုအဆိပ်ဗုံး​တွေကြဲတယ်လို့ မန်း PDF ၊ ကျားဖြူစစ်ကြောင်း၊ TNLA အပါအဝင် ​တော်လှန်​ရေးအဖွဲ့​တွေက ထုတ်ပြန်ဖူးပါတယ်။

****************************************

 

“စစ်တပ်ထိပ်သီးခေါင်ဆောင်တွေ တစ်လှည့်စီသွားနေတဲ့ တရုတ်ပြည်ခရီး”

 

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ တရုတ်နိုင်ငံကို သမ္မတဟောင်း ဦးသိန်းစိန် သွားရောက်ပြီးနောက် ဇူလိုင် ၆ ရက် မနက်မှာပဲ ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်းဟာ နေပြည်တော်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာ သွားပါတယ်။

 

ဒုချုပ် စိုးဝင်းဟာ တရုတ်နိုင်ငံမှာကျင်းပနေတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်မှာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပါတယ်။

 

ဇူလိုင်လကုန်မှာ အရေးပေါ်ကာလကြေညာချက် သက်တမ်းပြည့်မှာဖြစ်ပြီး တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေသလို ရှမ်းမြောက် တစ်ကျော့ပြန်စစ်ဆင်ရေးကလည်း ရှမ်းမြောက်ရဲ့ မြို့တော် လားရှိုးမြို့ကို ခြိမ်းခြောက်နေသလို TNLA နဲ့ပူးတွဲပြီး MDY-PDF ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကလည်း မန္တလေးနဲ့ အနီးဆုံးနေရာဒေသတွေကိုရောက်ရှိနေတဲ့ကာလမျိုးမှာ ကြည်းတပ်ခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဉ်ဖြစ်ပေါ်လာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က သမ္မတဟောင်း ဦးသိန်းစိန်လည်း ဘေဂျင်းကိုသွားခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဝန်ကြီးတွေ မနှစ်ကစလို့ တရုတ်နိုင်ငံကို အကြိမ်ပေါင်း ဆယ်ချီ ခရီးထွက်ခဲ့ပြီးပေမဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဏာသိမ်းပြီးကတည်းက တရုတ်နိုင်ငံကို တစ်ခေါက်မှ မရောက်သေးဘူးလို့ ဘီဘီစီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

****************************************

 

“သတိ… သာကေတ ဝမ်းပျက်နေသည်”

 

ရန်ကုန်မြို့၊ သာကေတမြို့နယ်အပါအဝင် မြို့နယ်တချို့မှာ ကာလဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး သေဆုံးသူ ငါးယောက်ပင်ရှိလာနေပါတယ်။

 

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူငါးယောက်ဟာ ရောဂါတွေ့ရှိမှုအများဆုံးဖြစ်နေတဲ့ သာကေတမြို့နယ်ထဲကဖြစ်ပြီး ထွေအုပ်ရုံးမှာ အရေးပေါ်ဆေးခန်းဖွင့်ထားကာ ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းတွေပေါင်းပြီး ရပ်ကွက်တွေထဲထိဆင်းကာ ဝမ်းရောဂါဖြစ်ပွား သူရှိမရှိ နေအိမ်တွေမှာ လိုက်လံစစ်ဆေးနေပါတယ်။

 

အဲဒီမြို့နယ်အတွင်း ရပ်ကွက်တွေထဲကို လိုက်လံစစ်ဆေးမှုအရ ဝမ်းအဖြူတွေသွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ခံရသူတွေရှိနေပြီး ရောဂါတွေ့ရှိသူတွေကို မြို့နယ်ထွေအုပ်ရုံးကိုပို့ပြီး အဲဒီမှတစ်ဆင့် အခြေအနေဆိုးတဲ့လူနာကို ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်နေတာဖြစ်ပါတယ်။

ရောဂါတွေ့ရှိမှုများနေတဲ့ အနော်မာ၊ ထူပါရုံရပ်ကွက်တွေမှာ အသုပ်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ကစလို့ ချက်ပြုတ်ပြင်ဆင်ရောင်းချတဲ့ လမ်းဘေးဈေးသည်အားလုံး ဇူလိုင် ၁၂ ရက်အထိ ဆိုင်ပိတ်အရောင်း ရပ်ထားဖို့လည်း အသိပေးထားပါတယ်။

 

ပြင်းထန် ဝမ်းရောဂါကတော့ အချိန်မီဆေးကုသမှုမခံယူပါက သေဆုံးနိုင်တဲ့အထိဖြစ်ပွားနိုင်တယ်လို့ UNICEF Myanmar ကအသိပေးထားပါတယ်။

 

ရန်ကုန်တိုင်းမှာဖြစ်နေတဲ့ ကာလဝမ်းရောဂါနဲ့ပတ်သက်ပြီး တိုင်းကျန်းမာရေးဌာနဘက်ကလည်း မထုတ်ပြန်သေးသလို ဝန်ကြီးဌာနဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။