သီတဂူရဲ့ ဥရောပခရီးစဉ် နောက်ကွယ်မှာ ဘာတွေရှိနေလဲ ?

Author ကိုထားဝယ်  
Categories
Published on Jul 06, 2024

“သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါ။”

 

ဒါကို မိန့်ခဲ့သူကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သရေစည်သူဘွဲ့ကို ချီးမြှင့်ခံထားရတဲ့ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရပဲဖြစ်ပါတယ်။

 

သူဟာ ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်သတ်ဖြတ်မှုအပြီး ဇွန် ၂၂ ရက်က ကျောင်းတိုက်ရှိ သံဃာတော်တွေထံ စစ်တပ်ကို ခွင့်လွှတ်ကြဖို့ အဲဒီလို စည်းရုံးဟောပြောခဲ့တာဖြစ်ပါတယ်။

 

စစ်ကောင်စီ ဘုန်းကြီးလို့ နာမည်ကြီးတဲ့ အရှင်ဉာဏိဿရဟာ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်တွေနောက် တကောက်ကောက်လိုက်ခဲ့သလို လုပ်သမျှ အကာအကွယ်တွေ ပေးခဲ့တာပါ။

 

စစ်ကောင်စီရဲ့ ကမ္ဘာကျော်သတင်းလိမ်လည်မှုပြုခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် သတ်ဖြတ်ခံရမှုကိုပင် အကာအကွယ်ပေးခဲ့ပြန်ပါတယ်။

 

အခုလည်း သီတဂူဆရာတော် စစ်ကောင်စီ တာဝန်ထမ်းနေပြန်ပါပြီ။

 

စစ်ကောင်စီက ထိုင်းနဲ့ စင်ကာပူဘဏ်တွေနဲ့ပြဿနာတက်နေချိန် ဘဏ်နဲ့ ငွေကြေးလုပ်ငန်းထွန်းကားရာ ဥရောပတခွင်ပတ်ပြီး စစ်ကောင်စီခန့်သံတွေနဲ့ ဥရောပမှာ လမ်းသလားနေပါတယ်။

 

သူ ဘယ်နိုင်ငံတွေ ပတ်နေပါသလဲ?

 

စစ်ကောင်စီဘုန်းကြီးရဲ့ ဥရောပခရီးစဉ်ကို ဇွန် ၂၄ ရက်က ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့ကနေ စတင်ခဲ့ပါတယ်။

 

“ဖရန့်ဖွတ်မှာ သုံးရက်နေခဲ့တယ်” လို့ CJ Platform ရဲ့ ဥရောပက သတင်းရင်းမြစ်တစ်ဦးက သတင်းပေးပို့ပါတယ်။ သူမဟာ ဆွစ်ဇာလန်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တစိုက်မတ်မတ် လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

 

အဲဒီနောက် ဇွန် ၂၆ မှ ၂၈ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့သို့လည်းကောင်း၊ ဇွန် ၂၉ ရက်နေ့မှာ ဂျီနီဗာတို့ကို ပတ်သွားနေခဲ့တာဖြစ်ပါတယ်။

 

“ဂျီနီဗာမှာရှိတဲ့ Myanmar Mission က သူ့ကို ဆွမ်းကျွေးဖိတ်လို့ကြွတာ” လို့ အထက်ပါ CJ Platform ရဲ့ ခိုင်မာတဲ့သတင်းရင်းမြစ်က သတင်းပေးပါတယ်။

 

အဲဒီနောက် သူမတို့အဖွဲ့ဟာ စစ်ခေါင်းဆောင် ဘုန်းကြီးကို ဂျီနီဗာမှာ တရားဝင် ဆန္ဒပြခွင့်ရဖို့ကြိုးစားခဲ့ပေမဲ့ ရက်နီးကပ်သွားလို့ ပြခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

 

ဒါကြောင့် သူမတို့ဟာ ဂျီနီဗာရှိ ကောင်စစ်ဝန်ရုံးရှေ့မှာ အကြမ်းဖက် ဘုန်းကြီးအတု၊ Fake Monk! Terrorist Monk! ၊ မိစ္ဆာအားပေး သီတဂူ ချက်ချင်းထွက် စတဲ့ စာသားတွေပဲ သွားကပ်ခဲ့ကြရပါတယ်။

 

အဲဒီမှာ ၎င်းကို ဆန္ဒပြမှန်းသိတဲ့ သီတဂူ ဆရာတော်ဟာ ကားတွေထားရှိရာနေသို့ တန်းပြေးသွားခဲ့တယ်လို့ အဲဒီမှာရှိနေခဲ့သူက CJ Platform ကို သတင်းပေးပို့ပါတယ်။

 

“သူက အရမ်းလည်တယ်။ Zurich နားမှာနေတဲ့သူက ပြောလို့ Marriot Zurich ဟိုတယ်မှာသူတည်းသွားတယ်။ အဲဒီဟိုတယ် Reception ကို ဗမာဘုန်းကြီးမလို့ Respect လုပ်တာဆိုပြီးတော့ ဟန်ဆောင် စာသွားထားခဲ့တယ်။ အဲဒီနောက် ချက်ချင်းဟိုတယ်ပြောင်းပြေးသွားတယ်” လို့ ဆွစ်ရောက် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

အဲဒီစာထဲမှာတော့ ‘ဘုန်းကြီးအရေခြုံထားတဲ့ မိစ္ဆာ၊ ဆွစ်ဇာလန်ကိုမလာနဲ့၊ ငါတို့အလိုမရှိဘူး’ လို့ ရေးသားထားတာပါ။

 

အဲဒီနောက် သီတဂူ ဆရာတော်ဟာ ဇွန် ၂၉ ရက်မှာ ပြင်သစ်နိုင်ငံ၊ မိုနာကို မြို့ကို သွားရောက်ခဲ့ပြန်ပါတယ်။

 

ဂူကြီးကို ဥရောပထံ ဘယ်သူတွေ ခေါ်ခဲ့သလဲ?

 

ပုံမှန်အားဖြင့် ဥရောပသို့ တာဝန်ခံခေါ်သူမရှိဘဲ သွားလို့မရပါဘူး။ ဂူကြီးလို့ အမည်ပြောင်ရတဲ့ ၎င်းကို ဘယ်သူတွေက ဥရောပဆီ ဘယ်လို ခေါ်ခဲ့ပါသလဲ။

 

သူဟာ ဥရောပကို ရှန်ကန်ဗီဇာ(အလည်အပတ်ဗီဇာ)နဲ့ မြန်မာနိုင်ငံမှ လာရောက်ခဲ့တာဖြစ်ပါတယ်။

 

“အဲဒီဗီဇာနဲ့ဆိုရင် ဖရန့်ဖွတ်ကပဲဖြစ်ဖြစ်၊ ဆွစ်ကပဲဖြစ်ဖြစ် နေထိုင်တဲ့ တစ်ယောက်ယောက်ကနေပြီးတော့ Guarantee Sponsor ပေးရပါတယ်” လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

 

သီတဂူဟာ ရန်ကုန်ကနေ ဖရန့်ဖွတ်ထံ ဂျာမနီနိုင်ငံ Kohl မြို့မှာနေထိုင်တဲ့ ဦးမောင်သူရ ဆိုသူက တာဝန်ခံခေါ်ယူခဲ့ပါတယ်။ သူဟာ စစ်ကောင်စီရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် လက်ရှိဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံကို အာမခံပေး ခေါ်ဆောင်ပေးခဲ့တာကတော့ ဦးမောင်သူရရဲ့ ညီတော်စပ်သူ ဦးမင်းမင်းလို့ သိရပါတယ်။

 

“ဇူးရစ်၊ ဆွစ်ဇာလန်ကို ဘာနဲ့ဝင်လာလဲဆိုတော့ Medical Check-up နဲ့ ဝင်လာတယ်။ ဇူးရစ်မှာ ဗမာဆရာဝန်တစ်ယောက်ရှိတယ်။ စပိုင်နယ် ဆာ ဂျွန်။ သူက ဆွစ်ဇာလန်မှာ တော်တော် High Profile နဲ့ High Status ပေါ့နော်” လို့ CJ Platform ရဲ့ သတင်းရင်းမြစ် အမျိုးသမီးက ပြောပြပါတယ်။

 

အဲဒီဆရာဝန်ဟာ စစ်တပ်နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်မျိုးမရှိခဲ့ပေမဲ့ မြန်မာနိုင်ငံတွင် ကလေးငယ်များကိုအကူအညီပေးနေတဲ့ ဆွစ်ဖောင်ဒေးရှင်းသို့ နှစ်စဉ်သွားရောက်လေ့ရှိပါတယ်။

 

ထိုဖောင်ဒေးရှင်းတွင် ကလေးများကို Volunteer Surgery အခမဲ့လုပ်ပေးခြင်းအပြင် ကုသမှုတချို့လုပ်ပေးလေ့ရှိတဲ့သူလို့ ဆိုပါတယ်။

 

“စိတ်ထဲတောင် မကောင်းဘူး။ တော်တော် Intelligence ဖြစ်ပြီးတော့ ဒီလို Profile ရှိသူတစ်ယောက်က စစ် ‌​ေ-ွးတွေဘက် ပါနေတဲ့ပုံဖြစ်နေတယ်” လို့ သူမက ယူကြုံးမရ ဝမ်းနည်းစကားဆိုပါတယ်။

 

၎င်းလို ဆွစ်တွင် ပုံရိပ်ကြီးမားသူတွေ ပါဝင်သလို ဘုန်းကြီးဖြစ်နေတာကြောင့် စစ်ကောင်စီ ဘုန်းကြီးကို ကန့်ကွက်ဆန္ဒပြနိုင်ဖို့ ဆွစ်က ဗမာအသိုင်းအဝိုင်းက ကူညီသူ နည်းပါးခဲ့တယ်လို့ ပြောပါတယ်။

 

“ကျွန်မနဲ့ နောက်တစ်ယောက်နဲ့ ပြီးတော့ Association Swiss-Birmanie(ASB) ဆိုတာ ရှိတယ်။ သူတို့အကူအညီနဲ့လုပ်ခဲ့ရတယ်” လို့ သူမက ပြောပါတယ်။

 

စစ်ကောင်စီ ဘုန်းကြီး သျှူးဉာဏိဿရဟာ မိုနာကိုကနေ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့က မောင်သူရအိမ်မှာ နှစ်ရက်တည်းခဲ့ပြီးနောက် ဖရန့်ဖွတ်မြို့ကနေ မြန်မာနိုင်ငံသို့ ဇူလိုင် ၄ ရက်မှာ ပြန်သွားခဲ့ပါတယ်။

 

ဖရန့်ဖွတ်လေဆိပ်မှာ ဂူကြီးတို့အဖွဲ့ကို ဂျာမနီနိုင်ငံရောက် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက စုပေါင်းဆန္ဒပြရှုတ်ချခဲ့ကြပါတယ်။ အဲဒီမှာ အကြမ်းဖက်စစ်တပ်အားပေးနေတဲ့ ဘုန်းကြီးအတု အလိုမရှိ၊ Myanmar Terrorist Monk ၊ Reject Military Coup စတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

သီတဂူ ဘာကြောင့် ဥရောပကို လာပါသလဲ။

 

သူ့ရဲ့ ဥရောပခရီးစဉ်စတင်ပြီး ဇွန် ၂၆ ရက်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး Tom Andrews ရဲ့ “သေမင်းတမန်ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းတွေ” ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပါတယ်။

 

နိုင်ငံတကာ ဘဏ်တချို့နဲ့ အစိုးရဘဏ်တွေ အာဏာသိမ်း စစ်ကောင်စီနဲ့ ဘယ်လို ဆက်စပ် ပံ့ပိုးမှုတွေပေးနေသလဲဆိုတာကို လေ့လာစုံစမ်းထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။

 

အဲဒီထဲ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း နိုင်ငံ ခုနစ်ခုက ဘဏ် ၁၆ ခုဟာ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေဝယ်ယူရေး စစ်ပိုင်းဆိုင်ရာကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ငွေလွှဲပြောင်းမှုအပါအဝင် ဘဏ်ဝန်ဆောင်မှုတွေပေးခဲ့တယ်လို့ ပါဝင်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကို ဝန်ဆောင်မှုတွေပေးနေတဲ့ နောက်ထပ် ဘဏ် ၂၅ ခုကိုလည်း အမည်စာရင်းတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

 

စင်ကာပူနိုင်ငံအတွင်း စစ်ကောင်စီအတွက် အဓိက ချိတ်ဆက် လုပ်ဆောင်ပေးနေတဲ့ ဘဏ်တွေကို စင်ကာပူအစိုးရက ကန့်သတ်အရေးယူမှုတွေ လုပ်ဆောင်လာတာကြောင့် စစ်ကောင်စီက ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းလဲအသုံးပြုလာတယ်လို့ ဆိုပါတယ်။

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့ခဲ့တဲ့ စစ်လက်နက်နဲ့ စစ်ပစ္စည်း တန်ဖိုးဟာ အရင်နှစ်ကထက် နှစ်ဆပိုခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း ၁၂၀ ဖိုးအထိ ရှိတဲ့အကြောင်းလည်း တွမ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

တွမ်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် Siam Commercial Bank(SCB)နဲ့ ထိုင်းဘဏ်တချို့အပါအဝင် စင်ကာပူဘဏ်တွေဘက်က အသီးသီးငြင်းချက်ထုတ်ခဲ့ကြပါတယ်။

 

အလားတူ စစ်ကောင်စီနဲ့ သူတို့ရဲ့ လက်အောက်ခံ ဗဟိုဘဏ်နဲ့ မြန်မာလုပ်ငန်းရှင်ကြီးများစုဝေးရာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။ သူတို့က မြန်မာ့စီးပွားရေးကိုထိခိုက်စေပြီး ပြည်သူတွေကို အထိနာစေတယ်လို့ ဆိုခဲ့ကြပါတယ်။

 

ဒီလို စစ်ကောင်စီက ဘဏ်ဂယက်နဲ့ပတ်သက်ပြီး အကြပ်ရိုက်နေချိန် စစ်ကောင်စီ ဘုန်းကြီး အရှင် ဉာဏိဿရက ဘဏ်လုပ်ငန်းထွန်းကားရာ ဥရောပနယ်ကို ခြေဆန့်ခဲ့တာပါ။

 

သူဘာကြောင့် ဥရောပကို သွားတာပါလဲ။

 

စစ်ခေါင်းဆောင် တစ်သိုက် ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ဒဏ်ခတ်အရေးယူမှု(Sanction)ခံထားရပေမဲ့ စစ်ကောင်စီ ကိုယ်စားလှယ် ဘုန်းကြီးကတော့ လွတ်နေပါတယ်။ ဒါကြောင့် ဥရောပက စစ်ကောင်စီခန့် ဝန်ထမ်းတွေရဲ့အကူအညီနဲ့ သူစိတ်ကြိုက် လှည့်ပတ်သွားလာနိုင်ခဲ့ပါတယ်။

 

၎င်းရဲ့ ခရီးစဉ်အတွင်းသွားရောက်ခဲ့တဲ့နေရာအများစုမှာ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးလုပ်ငန်းတွေ အခြေစိုက်ရာ မြို့တွေဖြစ်နေတာတွေ့ရပါတယ်။

 

ဖရန့်ဖွတ်မြို့မှာ ဥရောပရဲ့ အကြီးဆုံးဘဏ္ဍာရေးစင်တာဖြစ်တဲ့ ဥရောပဗဟိုဘဏ်တည်ရှိပြီး သီတဂူတို့ ဖရန့်ဖွတ်ကို သွားပြီး အဲဒီကနေပဲ ပြန်လာခဲ့တာပါ။ နောက် ငွေကြေးလုပ်ငန်းဗဟိုချက်လို့တင်စားကြတဲ့ ဇူးရစ်ကို သွားခဲ့ပါတယ်။

 

ထပ်ပြီး အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက်လို့သိထားကြတဲ့ မိုနာကိုမြို့ကိုလည်း သွားရောက်ခဲ့ပါတယ်။ မိုနာကိုမှာ ကမ္ဘာ့အာမခံချက်အကောင်းဆုံးလို့သတ်မှတ်ကြတဲ့ ဘဏ်သုံးဆယ်နဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကုမ္ပဏီ ၆၀ ခန့်နဲ့အတူ ဘဏ်လုပ်ငန်းကွန်ရက်ကျယ်ကျယ်ပြန့်ပြန့်ရှိနေတာ ဖြစ်ပါတယ်။

 

ဒီလို နေရာတွေကို ဦးဉာဏိဿရ ဘာလို့သွားပါသလဲ။

 

CJ Platform ရဲ့ ဥရောပအရေးကျွမ်းကျင်သူကတော့ အခုလို မှတ်ချက်ပြုပါတယ်။

 

“Medical Check-up ကို အကြောင်းပြပြီးတော့ စစ်‌ေ-ွးတွေအတွက် သူ ပိုက်ဆံကိစ္စနဲ့ လာတာပဲဖြစ်မယ်။ ဘဏ်အကောင့်လာဖွင့်တာတို့ တစ်ခုခု ဖြစ်မယ်လို့တော့ ကျွန်တော်တို့ Speculation(ထင်မြင်ချက်)လုပ်တယ်ရှင့်” လို့ ပြောပါတယ်။

 

အခုတော့ ဂူကြီးလို့နာမည်ပြောင်ရတဲ့ သီတဂူဆရာတော် ဦးဉာဏိဿရ ဖရန့်ဖွတ်လေဆိပ်ကနေ ဇူလိုင် ၄ ရက်က ပြန်လာလို့ နေရပ်ပြန်ရောက်နေပါပြီ။

 

ရန်ကုန်လေဆိပ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရှိရာ တန်းသွားခဲ့သလား။ ဒါမှမဟုတ် ဂူကြီးရှိရာ ဗိုလ်ချုပ်မှူးကြီးတွေ လာမလား သတင်းအတိအကျမရသေးပေ။

 

သို့သော် စစ်ကောင်စီ ဘုန်းကြီးရဲ့ ဥရောပခရီးစဉ်ဟာ စစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိနေမှာ မြေကြီးလက်ခတ်မလွဲဘူးလို့ ဥရောပရောက် စစ်အာဏာရှင်ဆန့်ကျင်သူတွေက ယူဆနေကြပါတယ်။

 

တိတ်တဆိတ်သွားခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ ရင်းနှီးကျွမ်းဝင်ပြီး စစ်တပ် ကျူးလွန်သမျှ လိုက်လံဖာထေး ပေးတတ်တဲ့ ဘုန်းကြီးရဲ့ ဥရောပခရီးစဉ် နောက်ကွယ်မှာ ဘာရှိနေပါသလဲ။

 

လျှို့လျှို့ဝှက်ဝှက်လုပ်တတ်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်မှု ဘယ်လောက်အတိုင်းအတာထိ ရှိနေနိုင်ပါသလဲ။ ဖြေ….